ဖုံးကွယ် ခံထားရသော ကလေးငယ်များ
By ရည်မွန်အောင်
တရုတ်တွင် မွေးစားရင်း မရှိသော ကလေးငယ် (၁၃) သန်း ရှိနေသည်။ ယင်းကလေးငယ် ဦးရေမှာ နိုင်ငံငယ်လေး တစ်ခု၏ စုစုပေါင်း လူဦးရေ လောက်ရှိနေသည်။ သူတို့လေး တွေသည် မွေးစာရင်း မရှိရုံ သာမက ဒေသခံ အစိုးရများ၏ အိမ်ထောင်စု စာရင်း မှတ်တမ်း တွင်လည်း ပါဝင်ခွင့် မရကြ။ အကျိုးဆက် အဖြစ် သူတို့လေး တွေသည် ပညာရေးကဲ့သို့ ကဏ္ဍများတွင် ရပိုင်ခွင့် များကို ဆုံးရှုံးကြ ရသည်။ ကလေးငယ် အများစုမှာ တစ်အိမ်ထောင် ကလေး တစ်ယောက်နှုန်း မူဝါဒကို ချိုးဖောက်သော မိဘများမှ မွေးဖွားလာခဲ့ သူများ ဖြစ်ကြသည်။
တရုတ်အစိုးရသည် လူဦးရေ အဆမတန် များပြားလာမည်ကို စိုးရိမ်သောကြောင့် လွန်ခဲ့သော ဆယ်စုနှစ် များစွာမှ စပြီး တစ်အိမ်ထောင် ကလေး တစ်ယောက်နှုန်း မူဝါဒကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ မူဝါဒ ချိုးဖောက်ချင် လွန်းသောကြောင့် မိဘ များသည် သားသမီး တစ်ယောက်ထက် ပိုယူနေကြ ခြင်းတော့ မဟုတ်ကြ။ လူမှုနစ်နာကြေးခေါ် အာဏာပိုင်များ၏ ခွင့်ပြုချက် မရဘဲ ကလေး တစ်ယောက်ထက် ပိုပြီး ရယူပါက ပေးဆောင် ရသော ဒဏ်ငွေ ကို မတတ်နိုင်ကြ သောကြောင့် ကလေးငယ်များမှာ မွေးစာရင်းမဲ့ ဘ၀သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။
ပေးဆောင်ရသည့် ဒဏ်ငွေ ပမာဏမှာ မိဘများ၏ ၀င်ငွေနှင့် ဒေသဆိုင်ရာ အစိုးရ အရာရှိများ၏ သဘော အပေါ် မူတည်နေသည်။ ဒေသအလိုက် ဒဏ်ငွေပမာဏလည်း ကွဲပြား တတ်သည်။ ဒဏ်ငွေ ပမာဏ များပြားလွန်း သောကြောင့် မိဘ တချို့မှာ မပေးဆောင်နိုင်ဘဲ ဖြစ်တတ် ကြသည်။ ဒဏ်ငွေ မပေးဆောင် နိုင်သော မိဘများသည် ရက်တို ထောင်ဒဏ်ကျခံ ရလေ့ရှိ သလို ကံဆိုးသူများ ဆိုလျှင်လည်း တရားရုံးတင် စစ်ဆေးခံ ရကာ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းကို ခံရလေ့ရှိသည်။ ထို့ပြင် အဆိုပါ မိဘများသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ၎င်းတို့ကို မျက်နှာလို မျက်နှာရ လုပ်ဆောင် နေသူ များ၏ ခြိမ်းခြောက်မှုများကို နေ့စဉ် ကြုံရလေ့ ရှိသည်။ ဒေသ တချို့တွင်တော့ ဒေသဆိုင်ရာ အရာရှိများ သဘောကောင်းလျှင် ကောင်းသလောက် ဒဏ်ငွေ နည်းနည်းသာ ပေးဆောင်ရတတ် ပြန်သည်။ ကလေးငယ် တစ်ဦး အသိအမှတ်ပြုခံ ရမှု မခံရမှုတွင် ကံကောင်းခြင်း၊ အဆက်အသွယ် ကောင်းခြင်းနှင့် ငွေကြေး တို့က အရေးပါသော အခန်းကဏ္ဍမှ ပါဝင် နေသည်။
၂၀၁၀ ပြည့်နှစ် သန်းခေါင် စာရင်း ကောက်ယူမှ သာလျှင် ယင်းပြဿနာများ ကြီးမား လှကြောင်း လူများ သိရှိလာခဲ့ခြင်း ဖြစ်သည်။ ဗဟို အစိုးရသည် လူဦးရေ စာရင်း အစစ်အမှန်ကို သိရှိလို သောကြောင့် ကလေး တစ်ယောက်ထက် ပိုပြီး ရယူ ထားသည့် မိဘ များအား သန်းခေါင်စာရင်း ကောက်ယူချိန်တွင် အမှန်အတိုင်း ဖြေဆိုရန် တိုက်တွန်းမှု များကို ပြုလုပ်ခဲ့သည်။ ရရှိ လာသော သတင်း အချက် များကို ဒေသခံ ရဲတပ်ဖွဲ့၊ လူဦးရေနှင့် မိသားစု စီမံကိန် ၀န်ကြီးဌာန များသို့ ပေးပို့ခြင်း မပြုပါက သန်းခေါင်စာရင်း ကောက်ယူသူ များက ကတိပြုခဲ့ ကြသည်။ အကျိုးဆက် အဖြစ် မွေးစာရင်း မရှိသော ကလေးငယ် (၁၃) သန်းရှိ နေကြောင်း လူအများ သိရှိခဲ့ ရသည်။
တရားမ၀င် ရယူ ထားသည့် ကလေးများ ရှိနေကြောင်း မ၀န်ခံသည့် မိဘ များလည်းရှိ နေပါသေးသည်။ သန်းခေါင်စာရင်း ကောက်ယူသူ များက ကတိပြုခဲ့ သော်လည်း ထုတ်ဖော် ပြောဆို လိုက်သည့် သတင်းများ ဒေသဆိုင်ရာ အာဏာပိုင်များ ထံသို့ ပေါက်ကြား သွားပါက ဒဏ်ငွေ ပေးဆောင် ရမည်ကို မိဘများက စိုးရိမ်ခဲ့သည်။ ယခင်က ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူမှု များတွင် သန်းခေါင်စာရင်း ကောက်ယူသူ များသည် မိဘများ အပေါ် ပေးထားသည့် ကတိများကို ချိုးဖောက်ခဲ့ကြ ဖူးသည်။ ယင်းကြောင့် ဖုံးကွယ်ခံထား ရသော ကလေးဦးရေမှာ ယခု ထွက်ပေါ် သော စာရင်းထက်ပင် ပိုမိုများပြား နေမည်မှာ အမှန်ပင် ဖြစ်သည်။
ငါးနှစ်ကြာပြီ ဆိုတော့ အပြောင်းအလဲ များတော့ ရှိလာပါသည်။ တစ်အိမ်ထောင် ကလေး တစ်ယောက်နှုန်း မူဝါဒကို ၂၀၁၃ ခုနှစ်တွင် အကြီး အကျယ် ပြုပြင်ပြောင်းလဲ ခဲ့သည်။ မိဘနှစ်ဦး အနက် တစ်ဦးသည် တစ်ဦးတည်းသော သားသမီး ဖြစ်ပါက ၎င်းဇနီးမောင်နှံသည် ကလေးတစ်ယောက် ထက်ပိုပြီး ရယူခွင့်ရှိ နေသည်။ သီအိုရီအရ ဆိုလျှင်တော့ မိဘ များသည် ကလေးနှစ်ယောက်ကို တရားဝင်ရ ယူခွင့်ရှိ သွားပြီ ဖြစ်သောကြောင့် မှတ်တမ်း မှတ်ရာ မရှိသော ကလေးဦးရေ ကျဆင်း သွားမည် ဖြစ်သည်။
သို့သော် အထင်နှင့် အမြင်လွဲခဲ့ ကြသည်။ ၂၀၁၃ ခုနှစ် မတိုင်မီတွင် ကျေးလက်နေ များသည် ပထမ ကလေးငယ်က သမီး မိန်းကလေး ဖြစ်ပါက ဒုတိယ ကလေးကို ရယူခွင့် ရှိနေသည်။ ယင်းကြောင့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ဖြေလျော့ပေးမှုများသည် ကျေးလက် နေစုံတွဲများ အတွက် ထူးခြားမှု ရှိမလာခဲ့။ ထို့ပြင် နေရာ တချို့တွင် တတိယ ကလေးငယ် ရယူခွင့်ကို ပိတ်ပင်ထားနေဆဲ ဖြစ်ကာ အိမ်ထောင် မပြုဘဲ ကလေးရယူမှု များကို လက်သင့်ခံခြင်းလည်း မရှိကြ သေးချေ။
၂၀၁၃ ခုနှစ်တွင် ကျင့်သုံးခဲ့သည့် ဖြေလျော့မှုများကို ၂၀၁၃ ခုနှစ် မတိုင်မီတွင် ကလေးရယူ ခဲ့သည့် မိဘများ ခံစားခွင့် မရှိကြောင်း ဒေသ ဆိုင်ရာ အာဏာပိုင် များက ယူဆနေ ကြသည်။ ယင်းကြောင့် လက်ရှိ ဥပဒေ အရ ဒုတိယကလေး ရယူခွင့်ရှိ နေသော မိဘများမှာ ၎င်းတို့ ကလေးကို မွေးစာရင်း လုပ်ပေးရန် အခက်ကြုံ နေရဆဲ ဖြစ်သည်။
မွေးစာရင်း မရှိသော ကလေး ဖြစ်ရခြင်းကြောင့် နေ့စဉ် အခက်အခဲများ ကြုံကြရ သည်။ ယမန်နှစ် စက်တင်ဘာတွင် တွေ့ဆုံ မေးမြန်းခဲ့သည့် မစ္စလီ( အမည်လွှဲ) ၏ ဖြစ်ရပ်ကိုသာ ကြည့်ပါ။ သူ၏ သားဖြစ်သူမှာ အသက် ရှစ်နှစ်ရှိပြီ ဖြစ်သည်။ မွေးစာရင်းမရှိသောကြောင့် ကလေး ဖြစ်သူမှာ တရားဝင် နေထိုင်ခွင့် ရှိသော လူတစ်ဦး အဖြစ်ကို မရောက်ရှိ သေး။ အာဏာပိုင်များ သိရှိသွား သောကြောင့် ဒဏ်ငွေ ဒေါ်လာ (၅၀၃၀၀) ပေးဆောင်ရန် မစ္စလီအား တရားရုံးက စေခိုင်းခဲ့သည်။ ဒဏ်ငွေ မပေးဆောင်နိုင်သေး သရွေ့ သားဖြစ်သူမှာ မှတ်တမ်း မရှိသော ကိုယ်ပျောက် တစ်ဦးသာ ဖြစ်နေဦးမည် ဖြစ်သည်။ လီသည် တစ်လလျှင် ဒေါ်လာ (၃၀၀) သာရရှိ သောကြောင့် ဒဏ်ငွေ ပေးဆောင်နိုင်ဖို့ မျှော်လင့်ချက်မဲ့ နေပြီဖြစ်သည်။ ယခု လောလောဆယ် တွင် လီ၏ သားဖြစ်သူသည် တရားမ၀င် ဖွင့်လှစ်ထားသော ပုဂ္ဂလိက စာသင်ကျောင်းကို တက်ရောက် နေသည်။ သို့သော် မွေးစာရင်း မရှိဘဲ တက်ရောက်ခွင့်ရှိသည့် အလယ်တန်းကျောင်း မရှိသေး။
ဒီလို အဖြစ်ဆိုးမျိုးက လီတစ်ယောက်တည်း ကြုံနေရသည် မဟုတ်။ မရေတွက်နိုင်သော မိဘများသည် အလားအတူ အဖြစ်မျိုး ကြုံနေရပြီး သူတို့ အကြောင်း သတင်းများမှာ မီဒီယာ များတွင် မကြာခဏ ရေးသားဖော်ပြခံနေ ရသည်။ ကွမ်ကျိုး ခရိုင်မှ ကလေးလေးဦး တို့၏ ဖခင်ဝမ်၏ အကြောင်းကို အနောက်နိုင်ငံ မီဒီယာများက ယမန်နှစ်တွင် ဖော်ပြခဲ့သည်။ ဒဏ်ငွေ ဒေါ်လာ (၃၅၀၀) မပေးဆောင် နိုင်ပါက သားသမီးများ အိမ်ထောင်စု စာရင်းတွင် ပါဝင်ခွင့် ရရှိမည် မဟုတ်သလို ပညာရေး ခံစားခွင့်များ ကိုလည်း ရရှိမည် မဟုတ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့ ပြီးနောက် ၀မ်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေ ခဲ့သည်။ ဆင်းရဲသော လယ်သမားတစ်ဦး ဖြစ်သောကြောင့် ၀မ်သည် ဒဏ်ငွေ ပေးဆောင်ရန် မတတ်နိုင်ခဲ့။ သူသေဆုံးပြီး မှသာ ဒေသဆိုင်ရာ အစိုးရသည် သူ၏ သားသမီးများကို မွေး စာရင်းထုတ်ပေး ခဲ့သည်။ သားသမီးများ ယခုအချိန်တွင် တရားဝင် ပညာသင်ခွင့် ရရှိနေပြီ ဖြစ်သည်။
မိသားစု သန်းခေါင်စာရင်းတွင် သားသမီး အမည်ပါလာရေး အတွက် မိဘများသည် ငွေကို အားစိုက်ရှာဖွေကြ ရသည်။ ယင်းငွေကို ကလေးငယ် မူလတန်း တက်ရောက်မည့် ခြောက်နှစ် အရွယ် မတိုင်မီတွင် ရရှိရန် လိုအပ်သည်။ တချို့မိဘ များသည် ငွေတိုးချေး စားသူများ ထံမှ ချေးကြ သည်။ တချို့မှာလည်း ပိုင်ဆိုင်မှုများကို ထုတ်ရောင်းကြရသည်။
ဒဏ်ငွေ မဆောင်နိုင်သူများ တွင်လည်း အညံ့မခံ ပြန်တိုက်သူများလည်းရှိ ကြသည်။ ဥပမာပေး ရလျှင် လီသည် ဒေသဆိုင်ရာ အစိုးရအား အကြိမ်ကြိမ် တရားစွဲဆို ခဲ့သည်။ အန်ဂျီအို တစ်ခု၏ အကူအညီဖြင့် ရှေ့နေငှားနိုင် ခဲ့သည်။ သို့သော် လွတ်လပ်ပြီး အမှီအခို ကင်းသော တရားရေးစနစ် မရှိသောကြောင့် လီ၏ လျှောက်ထားမှုမှာ ပယ်ချခံခဲ့ ရသည်။
ဖုံးကွယ်ခံထား ရသော ကလေးငယ် များ၏ အရေးက တရုတ်နိုင်ငံ အကြောင်းကို လှစ်ဟပြသ နေသည်။ တရုတ်ရှိ အရပ်ဘက် မှတ်တန်းတင် စနစ် သို့မဟုတ် အိမ်ထောင်စု စာရင်းသည် တရုတ်အုပ်ချုပ်ရေး စနစ်၏ အုတ်မြစ် ဖြစ်သည်။ ကလေးငယ် တစ်ဦး မွေးဖွား လာပါက သူ့အား အိမ်ထောင်စု စာရင်းတွင် ထည့်သွင်းသည်။ ယင်းကို ဒီဂျစ်တယ်နည်းဖြင့် မှတ်တမ်း တင်သည်။ အိမ်ထောင်စု စာရင်းတွင် ပါဝင်ခွင့် ရရှိမှ သာလျှင် လူတစ်ဦးသည် မှတ်ပုံတင် ရရှိမည် ဖြစ်သည်။ မှတ်ပုံတင်ရှိ မှသာ အလုပ်လုပ်ကိုင်ခြင်း၊ ခရီးသွား လာခြင်း၊ အိမ်ထောင်ပြုခြင်း တို့ကို တရားဝင် ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ လူမှုဖူလုံကြေး ရရှိခြင်း ကဲ့သို့ ခံစားခွင့် များကို ရရှိမည် ဖြစ်သည်။ ယင်းကြောင့် နိုင်ငံသား အားလုံးသည် အရပ်ဘက် မှတ်တမ်းစနစ်တွင် ပါဝင် လိုကြ သည်။
အိမ်ထောင်စု စနစ်ကြောင့် တရုတ် အစိုးရသည် ကျေးလက်မှမြို့ပြသို့ ပြောင်း ရွှေ့နေထိုင်မှုကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ နိုင်ငံသားများသည် အိမ်ထောင်စုစာရင်း လုပ်ထားသော ဒေသတွင်သာ အလုပ်လုပ် ကိုင်နိုင်ပြီး၊ ပညာရေးအရ ရပိုင်ခွင့်များကို ခံစားခွင့်ရှိနေ သောကြောင့် ယင်းစာရင်းမှာ လွန်စွာ အရေးပါနေခြင်း ဖြစ်သည်။ တချို့သော ဖြစ်ရပ် များတွင် နိုင်ငံသား များသည် အခြား ဒေသ တစ်ခုတွင် ယာယီ နေထိုင်ခွင့် အတွက် မှတ်ပုံတင် ခွင့်ရရှိ ကြသည်။ တချို့သည်လည်း အခြားမြို့များသို့ ရွှေ့ပြောင်းကာ အိမ်ထောင်စု စာရင်းသစ် လျှောက်ထားကြ ပြန်သည်။ သို့သော် ဗဟို အစိုးရနှင့် ဒေသ ဆိုင်ရာ အစိုးရများက ယင်းဖြစ်စဉ်ကို ထိန်းချုပ်ရန် ကြိုးပမ်းကြသည်။ တရားမ၀င် ရွှေ့ပြောင်းမှုများရှိ သော်လည်း ယင်းကဲ့သို့ ရွှေ့ပြောင်းသူ များသည် သူတို့ နေထိုင်ရာမြို့များတွင် ရပိုင်ခွင့်များ ခံစားခွင့် မရကြချေ။
အိမ်ထောင်စု စာရင်းတွင် ထည့်သွင်းခွင့် မပေးခြင်းက တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေးတွင် အက်ကြောင်းရှိ နေကြောင်း ပြသနေ ခဲ့သည်။ ဒေသ ဆိုင်ရာ အစိုးရများသည် ကလေးငယ်၏ မွေးစာရင်းကို ငွေကြေးဖြင့် ဖလှယ်ခြင်းဖြင့် ဥပဒေကို ထင်သလို ခြယ်လှယ်နေ ခဲ့သည်။ ကလေးမွေးဖွားမှုမှ ရရှိသော ငွေများကို ဗဟိုအစိုးရ ထံသို့ တင်ပြရန် မလိုအပ်သောကြောင့် ဒေသဆိုင်ရာ အစိုးရများ အတွက် အိမ်ထောင်စု စာရင်းသည် အဓိက ငွေရပေါက် ရလမ်းကြီးတစ်ခု ဖြစ်နေခဲ့သည်။ တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒ သက်ရောက်မှု ရှိစေလိုသော ဗဟို အစိုးရသည် ဒေသဆိုင်ရာ အစိုးရ၏ များလုပ်ဆောင်မှုကို မျက်နှာလွှဲ ထားရုံက လွဲပြီး များစွာ စွက်ဖက်ခြင်း မပြုခဲ့ချေ။ သို့သော် ဖွံ့ဖြိုးပြီး နိုင်ငံ ဖြစ်ပါက ပြည့်စုံသော အရပ်ဘက် မှတ်တမ်းတင် စနစ် ရှိရန် လိုအပ်ကြောင်း ကိုလည်း ဗဟိုအစိုးရ တဖြည်းဖြည်း သိနားလည်နေပြီ ဖြစ်သည်။
Ref: China’s Hidden Children:The Diplomat
(မူရင်းစာရေးသူ စတီဖနီဂေါ်ဒွန်သည် တရုတ် ဥပဒေ၊ နိုင်ငံရေးနှင့် မနုဿဗေဒ ရေးရာဆိုင် ရာသုတေသန ပညာရှင် တစ်ဦး ဖြစ်သည်။)

The Messenger
http://www.messengernewsjournal.com/news/Article/detail.php?id=35212
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+