တစ်ချက်လောက်တော့ တွန်းကြည့်သင့်ပါတယ်
ဟင်နရီ ဟူဒီနီဆိုသည့် ပုဂ္ဂိုလ်ကြီး အကြောင်း ကြားဖူးကြမည် ထင်သည်။ မည်မျှပိတ်လှောင် ချုပ်နှောင် ထားသည်ဖြစ်စေ လွတ်မြောက်အောင် လုပ်နိုင်သည်ဟု နာမည်ကြီးသည့် မျက်လှည့်ဆရာကြီးဖြစ်သည်။ သူက ကမ္ဘာပေါ်ရှိ မည်သည့် အကျဉ်းထောင်ကိုမဆို တစ်နာရီအတွင်း ဖောက်ထွင်းလွတ်မြောက်နိုင် သည်ဟု လေလုံး ထွားထားသည်။
ဗြိတိသျှ ကျွန်းစုရှိ မြို့လေးတစ်မြို့က သူ့စိန်ခေါ်ချက်ကို လက်ခံလိုက်သည်။ ထိုမြို့ရှိ အကျဉ်းထောင် သစ်တစ်ခုသို့ သူရောက်လာသည့် အခါတွင် သူ့ကိုနေရာချထားပေးသည့် အကျဉ်းခန်းသည် မည်းမှောင် လွန်းသဖြင့် စိတ်လှုပ်ရှားသွားမိသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ထွက်လာသည့် ချွေးများနှင့်အတူ စီးပါသွား ပြီလောဟု ထင်လိုက်မိသည်။ သူရှေ့တွင် ပိတ်ထားသည့် တံခါးကြီးတစ်ချပ်ရှိသည်။
သူကပတ်ထားသည့် ခါးပတ်အတွင်းမှ လျှို့ဝှက်ယူလာသည့် ၁၀ လက်မအရွယ် သံမဏိချောင်းလေးကို ထုတ်လိုက်သည်။ တံခါးသော့ကို သူစတင်ဖွင့်သည်။ မိနစ် ၃၀ ကြာသွားသည်။ သူစိတ်ပျက်စပြုလာပြီ။ တံခါးကားမပွင့်သေး။ တစ်နာရီကြာသွားပြီ။ သူလည်းချွေးတွေ စိုရွှဲနေပြီဖြစ်သည်။ နှစ်နာရီကြာသွားသည်။ တံခါးကိုမှီပြီး သူလဲကျသွားသည်။ သူတံခါးကို မှီလိုက်သည်နှင့် တံခါးကြီးလည်း ပွင့်သွား တော့သည်။
အမှန်တော့ တံခါးကို သော့မခတ်ထားပေ။ အနည်းငယ် အားစိုက်တွန်းလိုက်သည်နှင့် တံခါးကြီး ပွင့်သွား မည်သာဖြစ်သည်။ ဟူဒီနီကား ဤသို့မတွေးမိ။ တံခါးကိုသော့ခတ်ပြီးပိတ်ထားသည် ထင်နေ၍သာ သူမအောင်မြင်ခဲ့ရခြင်းဖြစ်သည်။
အခွင့်အလမ်းဟူသည် တံခါးများနှင့်တူသည်။ ပိတ်ထားသည်ဟု ထင်လျှင် ဖွင့်ရန် မကြိုးစားချင်တော့။ အသင့် ဖွင့်ထားသည့် တံခါးပေါက်များမှသာ လူတွေကဝင်ချင်ကြသည်။ အနည်းငယ်လေး အားစိုက်၍ တွန်းမဝင် ချင်ကြပေ။
ကိုယ်ကျင်လည်နေရသည့်လောကတွင် တံခါးပေါင်းဘယ်နှချပ်နှင့် ကြုံတွေ့ဖူးပါသနည်း။ အခွင့်အလမ်း တံခါးတွေ ပွင့်အောင် မည်မျှ ကြိုးစားခဲ့ဖူးပါသနည်း။ ဖွင့်ထားမှန်းမသိဘဲ ပိတ်ထားသည်ထင်၍ မည်မျှကြာကြာ ထိုင်စောင့်ဖူးပါသနည်း။ လက်မလျှော့မီ တစ်ချက်လောက် တွန်းကြည့်သင့်သည်။
၂၂.၄.၂၀၁၅

http://www.maukkha.org/index.php/book-store/essay-maukkha/7471-2015-04-23-02-27-35
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+