ပန်းနုရောင် အိမ်ကလေးက မာမီ


တစ်ဒါဇင်ခန့်ရှိသည့် အသက်ကြီးကြီး အမျိုးသမီးကြီးများ ပန်းနုရောင် အိမ်ကလေးအတွင်းဝယ် စုဝေး ထိုင်နေကြသည်။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာ၏ ဖုန်ထူသော ဆင်ခြေဖုံး ရပ်ကွက်ကလေးတွင် ဖြစ်သည်။ အချို့က စက်ချုပ်နေကြသည်။ တချို့ကချက်လို့ ပြုတ်လို့။ တချို့ကတော့ စကားစမြည်။

မြင်မြင်ချင်းတော့ စုပေါင်း အလုပ်လုပ်နေသည့် အဘွားကြီးများဟု ထင်ပေလိမ့်မည်။ ချိုင့်နေသော ပါးရိုးများ၊ အရေးအကြောင်းများက သူတို့ဘဝတွင် ခက်ခဲဆင်းရဲမှုကို ဘယ်လို ကြုံခဲ့ရတယ်ဆိုတာ ပြောပြနေ သလိုလို။



သက်ကြီးရွယ်အိုများကို သားသမီး၊ မြေးမြစ်များက ကြင်နာသနားစွာ ပြုစုစောင့်ရှောက် တတ်ကြပြီး စိတ်သွားတိုင်း ကိုယ်မပါတော့သည့် အရွယ်တွင် ထိုသို့ ကြင်နာယုယစွာ စောင့်ရှောက် ပေးပါမှလည်း နေဝင်ချိန်ကို စိတ်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပေလိမ့်မည်။ သို့သော် လူဦးရေ သုံးသန်းခန့်ရှိသည့် အင်ဒိုနီးရှား မိန်းမလျာများ မှာမူကား အသက်အရွယ် ကြီးရင့်လာချိန်တွင် ထိုသို့စောင့်ရှောက် ခံရမှုကို ရရှိရန် ခက်ခဲကြသည်။

မိသားစုကလည်း ထိုမိန်းမလျာကြီးများကို လက်ခံရမှာ ရှက်ရွံ့ကြသဖြင့် လက်မခံကြ။ ထို့ကြောင့် မစွမ်းမသန်အရွယ်သို့ ရောက်လာကြသည့် လိင်ပြောင်း မိန်းမလျာတို့မှာ အသက်ရှင် ရပ်တည်ဖို့အရေး နောက်ဆုံးတွင် လမ်းပေါ်၌ တောင်းစားခြင်းဖြင့်သာ ရှေ့ဆက်ရတော့သည်။

သို့သော် သူတို့ ကြုံတွေ့နေရသည့် နေဝင်ချိန် ပြဿနာကို တတ်စွမ်းသမျှ ဖြေရှင်းရန် ကြိုးစားသည့် လိင်ပြောင်း မိန်းမလျာတို့၏ စီမံကိန်းလေးတစ်ခု အင်ဒိုနီးရှားတွင် ပေါ်လာသည်။ အမျိုးသမီးကြီးများ သဖွယ် နေထိုင်သည့် စွန့်ပစ်ခံ လိင်ပြောင်းထားသူ သက်ကြီးများအတွက် ဂေဟာလေး တည်ထောင်ခြင်း ဖြစ်သည်။

ယင်းအမျိုးသမီးကြီးများသည် ယောက်ျားဘဝမှ ခွဲစိတ်၍ ဖြစ်စေ၊ ဟော်မုန်းကုထုံးဖြင့် ဖြစ်စေ အမျိုးသမီး ဘဝကို ကူးပြောင်းလာကြသည့် လိင်ပြောင်း မိန်းမလျာများ ဖြစ်သည်။ ပြီးခဲ့သည့် ၂ နှစ်ကအထိ လိင်တူချင်း တပ်မက်သူများကို စိတ်ရောဂါ ပြဿနာ ရှိသူများဟု သတ်မှတ်ထားသည့် နိုင်ငံတွင် လိင်ပြောင်းထားသူ သက်ကြီးများ စောင့်ရှောက်ရေးဂေဟာ လုပ်ရသည်မှာ လွယ်လင့်တကူတော့ မဟုတ်ပေ။

ယခုတော့ အစိုးရကလည်း အတိုင်းအတာ တစ်ခုအထိ လက်ခံပေးလာသည်။ အဆိုပါ ဘိုးဘွားရိပ်သာ သို့လည်း ထောက်ပံ့မှုများ ပြုလုပ်လာကာ အာဟာရ ထောက်ပံ့ခြင်း၊ အလုပ်အကိုင်များ ထောက်ပံ့ခြင်းတို့ဖြင့် အဘွား ၂၀၀ ခန့်ကို ကူညီပေးထားသည်။ သို့သော် အဆိုပါဂေဟာ ဖြစ်လာရခြင်းအတွက် ကျေးဇူးတင်ထိုက်သူကား အင်ဒိုနီးရှား မိန်းမလျာ အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ကိုယ်တိုင်လည်း လိင်ပြောင်းထားသူ မာမီယူလီဟု နာမည်ကျော်သည့် ယူလီယာ နက်စ်ရက်တိုဘလော့ပင် ဖြစ်သည်။

ယင်းဂေဟာသည် မာမီကြီး ပိုင်သည့် အိမ်ဖြစ်ပြီး သူက သူ့သဘောနှင့်ပင် မိန်းမလျာများ သက်ကြီး ဂေဟာအဖြစ် ပြောင်းလဲလိုက်သည်။
“ကျွန်မတို့က သက်ကြီးဝါရီယာ (အင်ဒိုနီးရှား ဘာသာစကားဖြင့် မိန်းမစိတ်ပေါက်သော ယောက်ျား) တွေကို ဦးတည်ပြီး ကူညီပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ရွယ်တဲ့ မိန်းမလျာလေးတွေကို NGO တွေက ကူညီကြလို့ပါ” ဟု အသက် ၅၁ နှစ်အရွယ် မာမီယူလီက ပြောကြားသည်။

လမ်းဘေးမှာ လိင်ပြောင်း သက်ကြီးများ အလုပ်မရှိ အကိုင်မရှိ ဒုက္ခရောက်နေရ ပုံများကို ကြည့်ပြီး ထိုသို့ ကူညီရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု မာမီယူလီက ဆိုသည်။
“သူတို့ဘဝတွေက သိပ်ပြီးခက်ခဲတယ်။ တော်တော်များများက ဆင်းဆင်းရဲရဲ နေကြရတယ်။ သူတို့မှာ ရွေးစရာလည်း မရှိပါဘူး။ တံတားအောက်လည်း အိပ်ရတာပဲ” ဟု ၎င်းက သက်ကြီး လိင်ပြောင်းများ၏ ဘဝအခြေအနေကို ပြန်ပြောင်း ပြောပြသည်။

မိန်းမလျာ ဘိုးဘွားရိပ်သာလေး စထောင်ခါစက ငွေကြေး သိပ်မပြည့်စုံသောကြောင့် ပိုက်ဆံ ပြတ်သွားလျှင် ဂေဟာနေ မိန်းမလျာကြီးများနှင့်အတူ လမ်းဘေး ဖျော်ဖြေ သီချင်းဆို အကဟာသများ လုပ်ကြပြီး ရန်ပုံငွေ ရှာခဲ့ကြရသည်။

ဘယ်လိုပဲ ခက်ခဲခဲ့ပါစေ ဂေဟာနေသူ သက်ကြီးများကို နေ့စဉ်အာဟာရ သုံးကြိမ် မှီဝဲစေသည်။ အလုပ်မရှိသူများကို အပ်ချုပ်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် မိတ်ကပ် ဆံပင်ပညာများ အခမဲ့ သင်ကြားပေးသည်။ စပြီးဂေဟာ တည်ထောင်ခါစက လာရောက် မှီခိုသူ ၁၂ ဦး ရှိပြီး ယခုအခါ မာမီ့ အဆောင်တွင် နေထိုင်သူ ၂၀၀ ခန့် ရှိပြီ ဖြစ်သည်။

အသက် ၇၀ အရွယ်ရှိ ယိုတီအော့က်တိုဆီသည် အမျိုးသမီး ဘဝအဖြစ် နေထိုင်သူ မိန်းမလျာ ဖြစ်ပြီး မာမီ၏ဂေဟာတွင် နေထိုင်သူ ဖြစ်သည်။

ဘောင်းဘီတို တီရှပ်ပွပွ ဝတ်ဆင်ထားသော သူမက မိတ်ကပ်လူးပြီး မျက်တောင်ကိုလည်း ကော့ထား သည်။ ငယ်ရွယ်စဉ်က ပုံကလေးကိုလည်း ထုတ်ထုတ် ကြွားတတ်သည်။

ထိုရက်များက သူမသည် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ခဲ့ရသည်ဟု ဆိုသည်။ ခုတော့ ပျော်ရွှင် စိတ်ချမ်းသာ မိသည်ဟု သူမက ရယ်ရင်းဖြင့် နောက်ကြောင်း ရာဇဝင်ကို ပြောပြသည်။

သေသပ်ကျနစွာ ဝတ်ဆင်တတ်သည့် မာမီယူလီ ကိုယ်တိုင်ပင် လွန်ခဲ့သည့် ၁၇ နှစ်လောက်က ပြည့်တန်ဆာ လုပ်ခဲ့ရဖူးသည်။ သို့သော် သူများနှင့် မတူသည့် ချစ်တတ်မှုနှင့်အတူ မွေးဖွားလာသော သူမသည် ဘဝကို ကြိုးစား ပြန်လည် တည့်မတ်ခဲ့ပြီး အစ္စလာမ်မစ် တက္ကသိုလ်မှ ပထမဦးဆုံးအကြိမ် မိန်းမလျာ ဥပဒေဘွဲ့ရ တစ်ယောက်အဖြစ် မရရအောင် ရုန်းကန်ခဲ့သည်။ ဘွဲ့ရပြီး ဥပဒေပညာရှင် ဖြစ်တော့ အသက်က ၄၆ နှစ် ရှိသွားလေပြီ။

အယူသည်း မွတ်ဆလင်များက အင်ဒိုနီးရှား မိန်းမလျာများကို မကြာခဏ ပြစ်တင်ရှုတ်ချ ပြောဆိုကြ သည်။ မိန်းမလျာများ လုပ်သည့် ပွဲတိုင်းကိုလည်း အနှောင့်အယှက် ပြုခြင်း၊ ပွဲဖျက်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်တတ်သည်။ ယောက်ျားမဟုတ်၊ မိန်းမ မဟုတ်များသည် အစ္စလာမ်မစ် တန်ဖိုးများကို မလိုက်နာသူများဟု ဆိုကြသည်။

သို့သော် ထိုသို့ ဘေးဖယ်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ ရှိသော်လည်း မာမီယူလီတို့ ကဲ့သို့ တက်ကြွ လှုပ်ရှား ပညာတတ် လိင်ပြောင်းများ၏ ကြိုးစားမှုကြောင့် မျှော်လင့်ချက် ရောင်ခြည်များတော့ ရှိလာသည်။

၂၀၀၈ ခုနှစ်က ယိုဂျာကာတာ ဒေသတွင် လိင်ပြောင်းသူများအတွက် အစ္စလာမ္မစ် ဘာသာတရား လေ့လာရေး ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့သည်။

ယခု မာမီယူလီက ဘိုးဘွားရိပ်သာ ဖွင့်ပေးနိုင်ခဲ့ခြင်းသည် အင်ဒိုနီးရှား အသိုင်းအဝိုင်း၏ အပယ်ခံများ အတွက် နောက်ထပ် အောင်မြင်မှုတစ်ခု ဖြစ်သည်။

မာမီသည်ပါပူအာ ဒေသဇာတိ ဖြစ်သည်။ အသက် ၁၁ နှစ်လောက်မှာ သူဟာ မိန်းမလျာ ဆိုတာကို စပြီး သတိထားမိလာခဲ့သူ ဖြစ်သည်။ မိသားစု ပတ်ဝန်းကျင်၏ ဖိအားကိုလည်း သူတော်တော် ခံလိုက်ရသည်။
“ကျွန်မကို မိန်းမလျာ ဖြစ်လို့ဆိုပြီး အစ်ကိုတွေက သေနတ်နဲ့ ပစ်မယ်တောင် လုပ်ပါတယ်။ ကျွန်မကို ကတုံး တုံးကြတယ်။ ကျွန်မလည်း ဂျာကာတာကို ပြန်ပြေး လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်မုန်းတာပဲ အဲဒီတုန်းက။ နောက်တော့ ကျွန်မ ဆုံးဖြတ်လိုက်တယ် ကျွန်မဟာ လိင်ပြောင်း ဖြစ်ပေမယ့် အများကောင်းကျိုးတွေ လုပ်နိုင်တယ်ဆိုတာ ကမ္ဘာကြီးနဲ့ ကျွန်မ မိသားစုကို ပြမယ်လို့ပေါ့” ဟု မာမီယူလီက အားအင်အပြည့်ဖြင့် ပြောကြားသည်။

လူရှစ်ရာခန့်က သူတို့ဂေဟာမှာ လာနေလိုသည်ဟု စာရင်း ပေးထားတာကြောင့် တိုးချဲ့ ဆောက်လုပ်နိုင်ဖို့ ကြိုးစားနေပါသည်ဟု မာမီယူလီက ဆိုသည်။

အသိုင်းအဝိုင်းက မည်မျှပင် ခွဲခြားဆက်ဆံပါစေ၊ အသက်မွေးဝမ်းကျောင်းအတွက် ဘယ်လောက်ပင် ခက်ခဲပါစေ ဘဝတူ သက်ကြီးရွယ်အိုများအတွက် အသည်းအသန် ကြိုးစားပေးနေသည့် စိတ်ထားက ချီးကျူးလောက်သည်။ မည်သည့်လိင်ကို တပ်မက်သည့် မည်သို့သော လူစားမျိုး ဖြစ်ပါစေ လောကအကျိုး သယ်ပိုးနိုင်ကြောင်းကို ကမ္ဘာကြီးနှင့် သေနတ်ဖြင့် ချိန်ခဲ့သော သူ့အစ်ကိုများကို သက်သေပြနိုင်ရန် မာမီကတော့ အားအင်အပြည့်ဖြင့် ကြိုးစားနေသည်။

ပန်းနုရောင် အိမ်ကလေးသည် အင်ဒိုနီးရှား သက်ကြီးရွယ်အို လိင်ပြောင်းများ အတွက်တော့ ပျော်ရွှင်ဖွယ် နေရာလေး ဖြစ်နေသည်။

သန့်ဇင်စိုး
The Voice Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...