Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးကို သွေးလည်ပတ် စီးဆင်းဘို့ လုပ်ဆောင်ပေးတဲ့ သွေးညှစ်စက်တစ်ခုပဲဖြစ်ပါတယ်။ တစ်ရက်မှာ ပျမ်းမျှ အကြိမ် ၁ဝဝ,ဝဝဝ ခန့် ခုန်ရပြီး သွေးထုထည် ဂါလံ ၂,ဝဝဝ ခန့် ညှစ်ထုတ် ပေးနေရပါတယ်။ လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇ဝ အရွယ်ရှိရင် နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်။ ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (ကိုရိုနရီ) များက ထောက်ပံ့ပေးနေရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောတွေ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါတယ်။ အမေရိကန်နိုင်ငံတွင် လူဦးရေ ၃ သန်းမှ ၄ သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပေါ်နေပါတယ်။
နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ
(၁) သွေးတိုးရောဂါ (Hypertension)
(၂) သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
(၃) ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
• ဆီးချိုသွေးချိုရောဂါ
• စိတ်ဖိစီးမှုများခြင်း
• အဝလွန်ခြင်း
• လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်းတို့ဖြစ်ပါတယ်။
အဲဒီအကြောင်းတွေကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး ကျဉ်းမြောင်းလာပါတယ်။ အနည်ကျ စုပုံတဲ့အထဲမှာ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ ဆဲလ်သေအစအနတွေ၊ သွေးမွှားဥများများ ပါဝင်ပါတယ်။ အနည်ကျစုပုံခဲဟာ သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါတယ်။ နှလုံးသွေးကြောမှာ ပိတ်မိရင် နှလုံးပုပ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
Angina Pectoris နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ
• ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနဲ့ ဘယ်ဘက်လက်မောင်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် ပြန်နှံ့နာကျင် တတ်တယ်။ ရင်ဘတ်အောင့်ခြင်းဟာ ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့် (၃ဝ) ကနေ (၅)မိနစ်ထိ ကြာတတ်ပါတယ်။
• အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
• ပျို့အန်ခြင်း၊
• အလွန်အမင်း ချွေးထွက်လာခြင်း၊
• ရင်ဘတ်အောင့်ခြင်း မသက်သာပါရင် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်ပါတယ်။
ရောဂါစမ်းသပ်စစ်ဆေးချက်များ
• Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
• Cardiac Catheterization ပိုက်အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး ဆိုးဆေးတစ်မျိုး ထုတ်လွှတ်ပြီး ဓါတ်မှန်ရိုက်ကြည့်ခြင်း၊
• ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
• သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊ တို့ ပြုလုပ်ရန် လိုအပ်ပါတယ်။
လိုက်နာရမည့်အချက်များ
• တိရိစ္ဆာန်အဆီများ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိတဲ့ ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်ပါ၊
• ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ၊
• ဆေးလိပ်ဖြတ်ပါ၊
• ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပါ၊
• သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါရင် စနစ်တကျကုသနေပါ၊
• စိတ်ဖိစီးမှုတွေကို ရှောင်ကြဉ်ရန်။
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်
• Nitrates (Nitroglycerin), Betablockers (Propranolol, Metoprolol.), Calcium channel blockers (Amlodipine, diltiazem.) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
• သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ Aspirin (Aspilet)
• သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ Statins (Atorvastatin, Simvastatin)
• ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများ။
ဒေါက်တာတင့်ဆွေ
- (အရှေ့သို့) COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ဦးနှောက် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် လေ့ကျင့်ခန်းလုပ်ခြင်း JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...