ပညာတော်လှန်ရေး...

နိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် လူမြင်လွယ်သည့် အရေးများကဲ့သို့ တိုက်တွန်းဆော်သြသူ နည်းကောင်း နည်းမည် ဖြစ်သော်လည်း ယနေ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေဖို့ ပညာတော်လှန်ရေး အဓိကကျ သည်။


နိုင်ငံကို နိုင်ငံသားများဖြင့်သာ တည်ထောင်ရသည် ဖြစ်သည့်အတွက် နိုင်ငံသားတို့ ပညာအားနည်းလျှင် စိတ်သာရှိပြီး ကိုယ်က လိုက်နိုင်မည် မဟုတ်။ မြန်မာတို့သည် ပညာကို တန်ဖိုးထားသူများဟု နာမည်ကြီးပြီး မြန်မာ့ ပညာရေးသည် တစ်ခေတ်တစ်ခါက ဒေသတွင်းတွင် ထိပ်တန်း ရောက်ခဲ့သော်လည်း ယနေ့အချိန် အခါတွင် ဖြူခါပြာခါ ကျနေသည်။ ထိုပညာရေး မျိုးဖြင့် မည်သည့် ပြုပြင်ပြောင်းလဲရေး လုပ်လုပ် ‘ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမယ့်ကြံ၊ ခါးက မသန်’ ဖြစ်နေလိမ့်မည်။ ဥပမာ- နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ရောက်လာပြီး လုပ်ငန်းများ တည်ထောင်ကြသော်လည်း လုပ်နိုင်ကိုင်နိုင်သူ မရှိလျှင် မြန်မာတို့ အလုပ်ရမည်မဟုတ်။ သူတို့က သင်ပေးမည်၊ လက်ဆင့်ကမ်းမည် ဆိုသည့်တိုင် အခံရှိမှ ရမည်၊ ဝမရှိလျှင် ဝိလုပ်နိုင် မည်မဟုတ်။

ပညာရေးသည် ကျယ်ပြန့်လှသည့်အတွက် အဓိကအချက် အချို့ကိုသာ ရေးလိုပါသည်။

ပညာသင်ခြင်း၏ ရည်ရွယ်ချက်သည် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်အောင်နှင့် ကိုယ့်ဘဝကိုယ် ကျောင်းနိုင်ရန် ဖြစ်သည်။ ထိုရည်ရွယ်ချက် မပြည့်စုံလျှင် လက်မှတ်တို့ တသီကြီး ရကောင်းရမည်၊ ပညာတတ်သည် မမည်။ ကျောင်းပညာရေးနှင့် မကျေနပ်သင့်ဘဲ တစ်ကိုယ်ရေ တစ်ကာယ ဆက်လက် ပညာသင်ယူနေရမည် ဖြစ်သော်လည်း ကျောင်းပညာရေးစနစ် အတွင်း စီးမျောလိုက်ပါရုံဖြင့် အတော်အသင့် ပညာတတ်သွားမည် ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ ပညာရေးစနစ် ကောင်းမွန်သော နိုင်ငံများတွင် တစ်နှစ်တစ်တန်း အောင်ရုံဖြင့် အထိုက်အသင့် ပညာတတ်သော်လည်း မြန်မာနိုင်ငံ ပညာရေးအရမူ ကိုယ်ကိုယ်တိုင်ကပါ ထပ်မံအားထုတ်နိုင်ပါမှ တန်ကာကျသည်။ ပညာရေးစနစ် ကောင်းမွန်အောင် ပြင်ဆင်ရေးသည် မြန်မာတို့ ပညာတတ်မြောက်ရေးတွင် ပထမဦးစားပေး ဖြစ်သည်။

Unseen ခေါ် မမြင်ဖူးသည့်ပုစ္ဆာများ စာမေးပွဲများတွင် မေးခြင်း နည်းပါးခြင်းသည် စဉ်းစားဉာဏ်ကို အားမပေးသော၊ အလွတ်ကျက်ခြင်းကို အားပေးသောစနစ် ဖြစ်သည်။ Unseen များ နည်းလွန်းသဖြင့် မဖြေတတ် လျှင်လည်း ကျက်ထားသော ပုစ္ဆာများကို ချရေးရုံဖြင့် အောင်နိုင်သည်ဖြစ်ရာ စဉ်းစားတတ် လျှင်လည်း ဘာမျှမထူးဟူသော အသိကိုပေးသည်။ ထိုနည်းဖြင့် စာမေးပွဲ အောင်လာသူတို့ ပြင်ပလော ကတွင် မမြင်ဖူးသော ပြဿနာများ မည်သို့ ဖြေရှင်းကြမည်နည်း။

စဉ်းစားနိုင်သူနှင့် အလွတ်ကျက်သူတို့ ယှဉ်လိုက်လျှင် အလွတ်ကျက်သူက အမှတ်ကောင်းနေအောင် စီစဉ်ထားသော စနစ်သည် စဉ်းစားခြင်းကို ထိခိုက်စေသည်။ မစဉ်းစားနိုင်၊ မခွဲခြမ်း မစိတ်ဖြာနိုင်သော လူသားတို့သည် အန္တရာယ်ကြီးသည်။ ပညာရေးစနစ်၏ အနှစ်သာရသည် စဉ်းစားတတ်ခြင်းပင် ဖြစ်သည့်အတွက် Unseen နှင့် ပတ်သက်သော အယူအဆကို ပြင်သင့်သည်။

စာမေးပွဲများတွင် အမှတ်အလွန်ကောင်းသူများ အံ့သြလောက်စရာ များပြားနေလျှင် စာမေးပွဲမေးခွန်း သို့မဟုတ် အမှတ်ပေးစနစ်တွင် သေချာပေါက် အားနည်းချက်များ ရှိသည်။ ကျောင်းသားများ တော် လွန်းခြင်းလား၊ မေးခွန်း လွယ်လွန်းခြင်းလား၊ မေးခွန်း ကြိုပေးထားခြင်းလားဟု မေးစရာရှိသည်။ ဂုဏ်ထူး အလွယ်ရနေလျှင်လည်း ဂုဏ်ထူးသည် တကယ့်ဂုဏ်ထူး မဟုတ်တော့။ အောင်ချက်ကောင်း အောင် ပညာပိုတတ်ရန် သင်ပေးရမည့်အစား မေးခွန်းများ လွယ်အောင်လုပ်ခြင်း၊ အမှတ်ပေးစည်းမျဉ်း လျှော့ပေးခြင်းတို့သည် လွဲနေသောပေတံ ဖြစ်သည်။

ကျောင်းခေါ်ချိန် မပြည့်ခြင်း၊ စာမေးပွဲတွင် ခိုးချခြင်းတို့ကို နိုင်ငံရေး အခြေအနေအရ ကျောင်းသားတို့ လမ်းပေါ်ထွက်မည်၊ သို့မဟုတ် ကျောင်းတွင်းတွင် လှည့်မည်၊ တိုင်မည် တောမည် စိုးသောကြောင့် စည်းမျဉ်းစည်းကမ်း မတင်းကျပ်ခြင်းသည်လည်း ပညာရေးနိမ့်ကျရခြင်း၏ အကြောင်းများထဲတွင် ပါသည်။ ယခုအချိန်တွင် နိုင်ငံပြောင်းလဲနေချိန် ဖြစ်သည့်အတွက် စည်းမျဉ်း စည်းကမ်းနှင့် ပတ်သက်လျှင် အလျှော့မပေးသင့်ပါ။

‘ဘွဲ့မရလျှင်မဖြစ်’ ဆိုသော အမြင်ကိုလည်း ပြင်ရမည်။ ဘွဲ့ရတိုင်း ပညာတတ်ရန် မသေချာ သည့်အတွက် ထိုအမြင်ကိုပြင်ရန် သိပ်ခက်မည် မဟုတ်ပါ။ ဘွဲ့ရပြီး မတတ်သောကြောင့် အလုပ်မရသည် ထက်စာလျှင် ဘွဲ့မရလည်း၊ တက္ကသိုလ်မတက်ဖြစ်လည်း လုပ်ကိုင်စားတတ်ခြင်းက သာသည်။ အသက်မွေးပညာ သင်တန်းများ၊ စက်မှုလက်မှုသင်ပေးသည့် ကျောင်းများ (Vocational and Technical School) သည် အဆင့်မြင့်ပညာရေးအထိ မသွားလိုသူများ ဘဝတွင် ရပ်တည်နိုင်အောင် ကူညီလိမ့်မည်။ စင်ကာပူ စသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် ဘွဲ့မရသောသူ များစွာရှိသော်လည်း အသက်မွေးပညာ တတ်သဖြင့် လူတန်းစေ့ နေနိုင်ကြသည်။

မူလတန်းပညာရေးမှ စပြင်မည်ဟူသော အမြင်မှာ ရေပန်းစားသည်။ သို့သော် သူငယ်တန်းမှ စလိုက်လျှင် ဆယ့်လေးငါးနှစ်ကြာမှ အသီးအပွင့်တို့ စမြင်နိုင်သည်။ မြန်မာနိုင်ငံ ထိုအချိန်ထိ စောင့်နိုင်မည်လား။ နိုင်ငံကိုတွန်းရန် ပညာတတ်များ မြန်မြန်မွေးထုတ်ဖို့ လိုသည်။ တက္ကသိုလ်ပညာရေးကို စပြင်လိုက်လျှင် ၂ နှစ်၊ သုံးနှစ်နှင့် အသီးခူးစားနိုင်သည်။ မြန်မာနိုင်ငံမှ ပထမ ဘွဲ့ရပြီး ဒုတိယဘွဲ့၊ တတိယဘွဲ့ နိုင်ငံခြားတွင် ယူသူအချို့ ရောက်စ သုံးလေး ငါးလ၊ တော်သူတို့ တစ်လလောက် တလိမ့်ခေါက်ကွေး မမီမကန်း လိုက်ရသော်လည်း နောက်ဆုံးတွင် သူများနည်းတူ အောင်မြင်ပြီး သက်ဆိုင်ရာ ဘာသာရပ်တွင် ပေမီဒေါက်မီ ဖြစ်သွားကြသည်။ မြန်မာနိုင်ငံ တက္ကသိုလ်များတွင် ဘွဲ့ယူတန်းမှအစ မဟာတန်း၊ ပါရဂူတန်း ကြပ်ကြပ်မတ်မတ် လုပ်လိုက်လျှင် အဆင်ပြေသွားနိုင်သည်။ မူလတန်းကို အားလုံးသင်နိုင်အောင် မသင် မနေရပညာရေးလုပ်ပြီး တက္ကသိုလ်ပညာရေးတွင် အားဖြည့်သင့်သည်။

ပညာရေး ဘတ်ဂျက်ကိုလည်း မြှင့်ရန်လိုသည်။ ယခု တိုးမြှင့်လိုက်ပြီ ဆိုသည့်အတွက် ဝမ်းသာရသော်လည်း သည့်ထက် ထပ်မြှင့်ရန် လိုနေသေးသည်။ ဘတ်ဂျက်မြှင့်သလို သုံးစွဲသည့် နေရာကိုလည်း ဂရုစိုက်ရန် လိုသည်။ ယခင်ဘတ်ဂျက်သည် အဆောက်အအုံကို ဦးစားပေးသည်။ ဘတ်ဂျက်သည် အဆောက်အအုံများ ဆောက်သည်နှင့် ကုန်သွားပုံရပြီး စာကြည့်တိုက်၊ ကွန်ပျူတာ၊ ဆရာ ဆရာမ၊ ပေးဝေသည့် စာအုပ်စာတမ်းများတွင် ဖြည့်ဆည်းမှု အားနည်းသည်။ အင်ဂျင်နီယာပညာရပ် အမျိုးအစား ဆယ့်တစ်ခုရှိသော နည်းပညာတက္ကသိုလ်တွင် စာအုပ်သစ် ဗီရိုမှာ တစ်လုံးသာရှိပြီး ဘာသာ ရပ်ခွဲ ၂၀၊ ၃၀ခန့်ရှိသော အင်ဂျင်နီယာပညာရပ် အတွက် စာအုပ်သစ်မှာ ဆယ်အုပ် ဆယ့်ငါးအုပ်ခန့်သာ ရှိသည်ကို မြင်ခဲ့ဖူးသည်။

ပညာရေးမြှင့်ရန် လိုသည်ဟု ဆိုသောကြောင့် ပညာဖြန့်ဝေမည့်သူတို့ အရေးကြီးလာပြီ။ ပညာဆီမီး ဖြန့်ဝေမည့် ဆရာ ဆရာမတို့ ကိုယ်တိုင်က ဦးစွာပထမ ဘာသာရပ်ကို တတ်မြောက်ရန် လိုသည်။ တတ်မြောက်ပြီဆိုလျှင်လည်း နားလည်အောင် သင်ပြနိုင်သည့် သင်ကြားခြင်းအတတ်ကို သိရှိရဦး မည်။ ထို့ကြောင့် ဆရာ ဆရာမကောင်းများ ဖြစ်လာအောင် လေ့ကျင့်သင်ကြား ပေးရန်လိုသည် (Training of Trainers) ။ တစ်ဖန် ဆရာ ဆရာမကောင်းဟူသည် တစ်ခါဖြစ်ရုံနှင့် တစ်သက်လုံး မဖြစ်နိုင်။ ပညာရပ်တို့သည် အစဉ်အဆက် တိုးတက်နေသည် ဖြစ်သောကြောင့် ကိုယ်ကိုယ်တိုင် စဉ်ဆက်မပြတ် ဆည်းပူးမနေလျှင် ကျန်ခဲ့မည်ဖြစ်ပြီး ကိုယ်ကတစ်ဆင့် ဖြန့်ပေးသူတို့ ဆိုလျှင် ပိုပြီးနောက်ကျ ကျန်လိမ့်မည်။

လုပ်ငန်းခွင်တွင်း ရောက်နေသောကြောင့်၊ သားရေးသမီးရေးကြောင့် စသည်စသည် တို့ကြောင့် ကျောင်းခန်းတွင်း သွားရောက် မသင်ယူနိုင်တော့ပြီ ဖြစ်သူတို့အတွက် စဉ်ဆက်မပြတ် သင်ယူနိုင်ရေး အားကိုးရာသည် စာအုပ် စာပေတို့ပင်ဖြစ်သည်။ ထိုအခါ ခေတ်မီဗဟုသုတများကို ကိုယ်တိုင်သိပြီး နားလည်အောင် ပြန်လည်ရေးသားနိုင်သော စာရေးဆရာကောင်းတို့ လိုလာသည်။ ဘာသာရပ် နားလည် ကျွမ်းကျင်သူတို့ စာရေးလာဖို့ လိုသည်။

စာအုပ်စာပေမှတစ်ဆင့် လေ့လာခြင်း ဆိုရာတွင် ဘာသာစကားလည်းများစွာ စကားပြောသည်။ ယနေ့ ကမ္ဘာပေါ်တွင် အသစ်အသစ် ပေါ်ထွက်နေသော နောက်ဆုံးပေါ် အသိပညာ၊ အတတ်ပညာတို့ကို ရရှိရန် မြန်မာစာအုပ်များကို အားကိုးမရနိုင်ပါ။ အင်္ဂလိပ်လို တတ်အောင် လုပ်ချင်လုပ်၊ သို့မဟုတ်က မြန်မာဘာသာသို့ များများပြန်ဆိုရန် ဖြစ်သည်။ တစ်ဦးချင်းက အင်္ဂလိပ်စာ ပိုတတ်အောင်လုပ်၊ အစိုးရပိုင်း အဖွဲ့အစည်းပိုင်းက များများ မြန်မာဘာသာသို့ ပြန်ဆိုပေးရန်ဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိက အလှူရှင်များ ပူးပေါင်းပြီး ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ များများပေါ်ထွက်အောင် ကြိုးပမ်း သင့်သည်။ ထိုမှာဘက်တွင် လုံးဝ မနှမြောသင့်ပါ။ ဒေါ်လာ သန်းဂဏန်း သုံးရမည် ဆိုလျှင် သုံးပစ်လိုက်ဖို့ လိုသည်။ ပြည်ပ အလှူရှင်များသို့ အကူအညီ တောင်းလျှင်လည်း ရနိုင်ပါသည်။

ပညာရေးတွင် အဓိက ဇာတ်လိုက်သည် အစိုးရဖြစ်သည်။ ပုဂ္ဂလိကကိုလည်း ယခုအခါ တာဝန်ခွဲပေးနေသည်မှာ လျော်ကန် သင့်မြတ်သည်။ အစိုးရလည်းမဟုတ်၊ ပုဂ္ဂလိက စီးပွားရေးလည်း မဟုတ်သော အရင်းအမြစ်များကိုပါ ထပ်ဖြည့် သုံးစွဲနိုင်လျှင် ပိုထိရောက်သည်။ ဘုန်းတော်ကြီးကျောင်း များသည် ကိုလိုနီခေတ် မတိုင်မီက အဓိက ပညာပေးသည့် အဖွဲ့အစည်း ဖြစ်သည့်အတိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ပံ့ပိုးသင့်သည်။ အခြားသူများကို ပညာသင်ပေးခြင်း၊ ပညာတတ်အောင် စီစဉ်ပေးခြင်းသည် မြတ်စွာဘုရားကိုယ်တိုင် တိုက်တွန်းသော ပညာပါရမီ ဖြည့်ကျင့်ခြင်း ဖြစ်ရာ စေတီတည်ခြင်း ကဲ့သို့ အကျိုးကြီးမားသော ကုသိုလ်ပင်ဖြစ်သည့် အတွက် အလှူရှင်များသည်လည်း လှူဒါန်းရာတွင် ထိုမှာဘက်သို့ အာရုံထား သင့်သည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် လှူသူတန်းသူ နည်းပါးသောကြောင့် အခက်အခဲများစွာ ရင်ဆိုင်နေရသည်မှာ ‘တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား’ ဟူသော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ‘အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်’ ပင် ဖြစ်သည်။

ပညာရေးသည် မြန်မာတို့ နှလုံးသားနှင့် နီးသော်လည်း အကြောင်းကြောင်းကြောင့် ဝေးနေသောအရာ ဖြစ်သည်။ ပညာခေတ်တွင် ပညာတော်လှန်ရေး အောင်မြင်အောင် ကိုယ်တိုင် ပါဝင်ဆင်နွှဲကြရန် လိုသည်။

The Voice Weekly
26.10.2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...