လူရွှင်တော်...

လူရွှင်တော်ကြီးသည် မျက်နှာချေ အဖွေးသားလိမ်းထားပြီး အနီရောင် ဆိုးဆေးများ ပါးစပ် တစ်လျှောက် ခြယ်ထားသည်။ နှာခေါင်းထိပ်က အနီရောင် ဘုသီးကြီးနှင့် မျက်နှာက မြင်ကတည်းက ရယ်ချင်စရာ ပြောင်စပ်စပ်ရုပ် ဖြစ်သည်။ ပရိသတ်ကလည်း စိတ်ဝင်တစား အားပေးနေလျက် ရှိသည်။ သာမန် လူရွှင်တော် ဖျော်ဖြေပွဲဟု ထင်စရာ ရှိသော်လည်း နေရာက နည်းနည်းထူးဆန်းသည်။ ဗုံးဆန်များ၊ ကျည်ဆန်များ ကျရောက် ပေါက်ကွဲရာ နေရာများနှင့် သိပ်မဝေးသောကြောင့်ပင် ဖြစ်သည်။ မှန်ပါသည်။ သူဖျော်ဖြေ ဟာသလုပ်နေသည့် နေရာက စစ်ဘေးသင့် ဒုက္ခသည် စခန်းတစ်ခု ဖြစ်သည်။ ပရိသတ်များ ကတော့ ရွှေ့ပြောင်း နေကြရသည့် ကလေးငယ်များ။ ကလေးများ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည့် အိပ်မက် ဆိုးများကို သူ့ကြောင့် တဒင်္ဂမေ့သွားကာ ဟက်ဟက်ပက်ပက် ထရယ်ကြသည်။



သူမွေးဖွား ကြီးပြင်းခဲ့သည့် ကာလက စပိန်နိုင်ငံတွင် အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး ဖရန်ကို မင်းမူနေသော အချိန်ဖြစ်သည်။ ထိုစဉ်က ရယ်စရာ သရုပ်ပြပွဲများသည် ရှားရှားပါးပါး လူသုံးကုန် ဖြစ်ခဲ့ပြီး လူရွှင်တော် များသည်လည်း အာဏာရှင် လက်အောက် ထုံးစံအတိုင်း ခက်ခက်ခဲခဲ ကန့်သတ်ချက်များဖြင့် အနုပညာကို ထုတ်လုပ် ပြသကြရသည်။ သူ့ဇာတိ ဘာစီလိုနာမြို့မှာပဲ လူရွှင်တော် ဆပ်ကပ်လေးတစ်ခု ထောင်ခဲ့သည်။ သူ့အနုပညာ အရည်အသွေးကြောင့် အောင်မြင်မှုများ ရလာသည်။ ကျောင်းပွဲများ၊ အခပေးပွဲများကို ဖျော်ဖြေ ခဲ့ပြီး တဝါးဝါး တဟားဟားဖြင့် ပွဲကျသွားအောင် လုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ သူ့နာမည်အရင်းက ဂျာအူမီမာတူး ဖြစ်သည်။ အနုပညာ အလုပ်တွေ လုပ်တော့ တော်တယ် ပိုတရိုနာ ဆိုသည့် အမည်ဖြင့် လုပ်သည်။ (စပိန် ဘာသာစကားဖြင့် နှာခေါင်းနီ လူရွှင်တော်ဟု အဓိပ္ပာယ်ရသည်) သူ့ဘဝကို ပြောင်းစေ မည့် တင်ဆက်ပွဲတစ်ခုက ၁၉၉၃ ခုနှစ်မှာ ဖြစ်သည်။

စပိန်လည်း အာဏာရှင် လက်အောက်က လွတ်တော့ အနုပညာ လှုပ်ရှားမှုများက ပိုပြီး သွက်လက်လာ သည်။ ဘာစီလိုနာမှာ ရှိသည့် ကျောင်းသား ပရဟိတ အဖွဲ့များက ရန်ပုံငွေများစုကာ ခရိုအေးရှား ပြည်တွင်း စစ်ရှောင် ဒုက္ခသည် စခန်းများမှ ကလေးများကို ဖျော်ဖြေပေးဖို့တစ်ရက် လာငှားသည်။ ထိုပွဲ သွားဖျော်ဖြေ ပေးပြီးနောက် နောက်ထပ်ပွဲများကို အင်တိုက် အားတိုက် လုပ်ချင်လာသည်။ ဒီလိုနှင့်အခြား စပိန် လူရွှင်တော် များကိုလည်း စုစည်းကာ နယ်စည်းမခြား လူရွှင်တော်များ အဖွဲ့ကို တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဘော့စနီးယား၊ ခရိုအေးရှား၊ စသည့် ဘော်လ်ကန် နိုင်ငံများတွင် ပြည်တွင်းစစ် များ ဖြစ်နေသောကြောင့် ဒုက္ခသည် စခန်းများတွင် ရယ်သံ ပျောက်ဆုံးနေသော ကလေးငယ်များ စွာ ရောက်နေကြသည်။ ၁၂ ကြိမ်တိုင်တိုင် ထိုကဲ့သို့ စစ်ဘေးသင့် ဒေသများကို သွားရောက်ခဲ့ပြီး လူရွှင်တော် သရုပ်ဆောင်ပညာဖြင့် ဖျော်ဖြေပေးခဲ့သည်။

“ကျွန်တော် စပြီးတော့ ဒီအလုပ်ကို လုပ်တဲ့ အချိန်တုန်းက ဟာသကြီးကို ဖြစ်လို့။ လူရွှင်တော်တွေလုပ်တဲ့ NGO တဲ့ဗျာ။ သွားမယ့် နေရာက တိုက်ပွဲတွေထဲကို။ အိပ်မက်ကို ဆန်လို့။ ပထမတုန်းကတော့ ကျွန်တော်တို့ ဘာလုပ်နေမှန်း ကျွန်တော်တို့ သိချင်နေကြတယ်။ ပထမဆုံး အတွေ့အကြုံတွေလည်း ပြီးရောဒါဟာ အားကောင်းပြီးတော့ စိတ်ခံစားချက် ပါတယ်ဆိုတာ သိလာခဲ့တယ်။ ကျွန်တော်တို့ သွားခဲ့တဲ့ နေရာတွေက ကလေးတွေအပေါ်မှာ အကူအညီ ဖြစ်ခဲ့ပါတယ်” ဟု ပိုတရိုနာက ဆိုသည်။

၁၉၉၅ ခုနှစ်တွင် ဘော့စနီးယား စစ်ပွဲပြီးဆုံးသွားပြီး ဘော်လ်ကန်ဒေသ အတန်ငယ် တည်ငြိမ်သွားသည်။ ကလေးတွေဆီ ဆက်ပြီးသွားနေ ခဲ့ကြပြီးနောက် နောက်ထပ် နေရာများသို့လည်း ဆက်သွားခဲ့သည်။ အနောက်ဆာဟာရဒေသ အယ်ဂျီးရီးယား၊ ပါလက်စတိုင်းဂါဇာ စသည့် နေရာများမှ ကလေးများထံ သွားကာ ဖျော်ဖြေမှုများ ပြုလုပ်ပေးရင်း စိတ်ဒဏ်ရာများကို ကူညီကုစားပေးသည်။

ယခုဆိုလျှင် စပိန်မှ နယ်စည်းမခြား လူရွှင်တော်များသည် နိုင်ငံပေါင်း များစွာက ဒုက္ခသည်စခန်းရောက် ကလေးများစွာဆီ သွားပြီး ဖြစ်သည်။ ခန့်မှန်းခြေ ကလေးစုစုပေါင်း နှစ်သိန်းကျော်လောက် ရှိမည်ဟု ခန့်မှန်းရသည်။ ဘာစီလိုနာမှာ အခြေစိုက်သည်။ ဝန်ထမ်းငါးဦး ရှိသည်။ စေတနာ့ဝန်ထမ်း ၂၀၀ ကျော် ရှိသည်။ လူရွှင်တော်များ၊ မျက်လှည့် ဆရာများစွာ ပါသည်။ နိုင်ငံခြားသွားပြီး ဖျော်ဖြေဖို့ဆိုလျှင် တစ်သီး ပုဂ္ဂလနှင့် အဖွဲ့အစည်း အလှူရှင်များ၏ အထောက်အပံ့ကို ယူကြသည်။

၁၉၉၀ ကာလများ၏ ထက်ဝက် ကျော်လာသောအခါ အခြားနိုင်ငံများမှ လူရွှင်တော်များလည်း လှုပ်ရှားမှု များတွင် ပါဝင်လာသည်။ အမေရိကန် ပြည်ထောင်စု၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ တောင်အာဖရိက၊ ကနေဒါ၊ အိုင်ယာလန်၊ ဂျာမနီနှင့် ပြင်သစ် တို့တွင်လည်း နယ်စည်းမခြား လူရွှင်တော်များအဖွဲ့ ပေါ်လာသည်။ “အဖွဲ့အစည်း အားလုံးစုပြီး တစ်ဖွဲ့တည်း လုပ်ဖို့ကတော့ မလွယ်ဘူးလေ အားလုံးက လူရွှင်တော်တွေကိုးဗျ စုဖို့ခက်ခဲတယ်” ဟု မစ္စတာပိုတရိုနာက ပြောကြားသည်။

“ကလေးတွေဟာ လူရွှင်တော်တွေပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ခံစားရသမျှတွေကို သူတို့က ချက်ချင်း မျက်နှာမှာ ဖော်ပြကြတယ်။ အသက်ကြီးလာတော့ လိမ်ကုန်ကြရော။ ကလေးဆိုတာ မလိမ်ဘူးလေ။ ကျွန်တော်တို့က ကလေးတွေဆီမှာ အဲဒီဖြူစင်မှုကို ခံစားမိတယ်” ဟု လူရွှင်တော်ကြီးက ပြောကြားသည်။

အန်ဂိုလာ၊ ကွန်ဂို၊ လက်ဘနွန်၊ ဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံ များသို့လည်း UNHCR ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ အေဂျင်စီနှင့် ပူးပေါင်းလျက် ဖျော်ဖြေပွဲများ သွားလုပ်ခဲ့သည်။ “ကျွန်တော်တို့ အတွက်တော့ UNHCR က ထူးရှယ် မိန်းမလှ ရည်းစားကလေးလိုပါပဲ” ဟု လူရွှင်တော်ကြီး တော်တယ် ပိုတရိုနာ က နောက်နောက်ပြောင်ပြောင် ပြောဆိုသည်။

ပိုတရိုနာအတွက် မမေ့နိုင်သည့် ဖျော်ဖြေပွဲ တစ်ခုလည်း ရှိသည်။ ၂၀၀၇ ခုနှစ်တွင် ကိုဆိုဗိုကို သွား ပြီး ဖျော်ဖြေတော့ မတည့်သည့် တိုင်းရင်းသား မျိုးနွယ်စုနှစ်ခု ဖြစ်သည့် ဆာဗီးယန်းများနှင့် အယ်ဘေးနီးယန်း ကလေးများကို အတူတကွထားပြီး ဖျော်ဖြေခဲ့သည်။ ပွဲအပြီးမှာ အားလုံး ရယ်ရယ်မောမောနှင့် ခင်သွားကြသည်ကို တွေ့ရသည်ဟု ပိုတရိုနာက ပြန်လည် ပြောပြသည်။



“တစ်ခါ ဖျော်ဖြေပွဲ သွားဖျော်ဖြေရင်း အဖမ်းခံရတာမျိုး ဖြစ်ဖူးတယ်။ ဘော့စနီးယား ကလေးတွေကို သွားဖျော်ဖြေတဲ့လမ်းမှာ ခရိုအေးရှား ပြည်သူ့စစ်တွေက တားထားပြီးတော့ ခင်ဗျား ဘော့စနီးယား ကလေးတွေကို သွားဖျော်ဖြေတာ မဟုတ်လား။ မသွားရဘူး။ ကျုပ်တို့ ခရိုအေးရှား ကလေးတွေကို ပဲ ဖျော်ဖြေရမယ် ဆိုပြီးတော့ တစ်ရက်လောက် ခေါ်သွားတာမျိုး ကြုံဖူးတယ်” ဟု အတွေ့အကြုံများ ကို ပြန်ပြောပြသည်။

မျှော်လင့်ချက်များ ပျောက်ဆုံးသွားခြင်းနှင့်အတူ အရယ်အပြုံးများလည်း လူသားများတွင် ပျောက်ဆုံး သွားတတ်သည်။ ထိုနည်းတူစွာ အရယ်အပြုံးများမှလည်း မျှော်လင့်ချက်များကို ပြန်လည် မွေးဖွားပေးစေနိုင် သည်။ ရယ်အောင်ပြုံးအောင် ပြုလုပ်ပေးသူ၏ အနုပညာ၊ ကျွမ်းကျင်မှု၊ စေတနာတို့ကလည်း အလွန် အရေးကြီးပါသည်။ အဆိပ်အတောက် မဖြစ်စေသော နည်းများ၊ လမ်းကြောင်း မှန်ပေါ်သို့ ပြန်လည် တက်လှမ်းနိုင်စေသော သင်ခန်းစာများပါ ပေါင်းစပ်ပြီး ပြုလုပ် ပေးလိုက်သည့်အခါ စိတ်ဒဏ်ရာ များကို သက်သာစေပါသည်။ နယ်စည်းမခြား လူရွှင်တော် များကလည်း ယင်းရည်ရွယ်ချက်များဖြင့် ခရီးဆက်နေ သည်။ “ရယ်မောခြင်းဟာ အတော့်ကို အရေးကြီးပါတယ်။ အပြုံးတွေနဲ့ မျက်ရည်တွေကလည်း တော်တော် နီးစပ်တယ်လေ” ဟု မစ္စတာ ပိုတရိုနာက ဆိုသည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...