ယာဉ်တိုက်ခံရပြီး ဆေးရုံကား မလာမီ စာကျက်နေခဲ့သည့် တရုတ်ကျောင်းသူ



အချိန်ရှိခိုက်၊ လုံ့လစိုက်ဆိုသော ဆောင်ပုဒ်သည် ဝမ်ဒါဖန်အတွက် အမှန်တကယ် လက်တွေ့ အလိုက်နာ ဆုံး အကြံပေးချက်တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံမှ တက္ကသိုလ်ကျောင်းသူ မိန်းကလေးသည် စကူတာ စီးလာရင်း ယာဉ်တိုက်မှု တစ်ခုကြောင့် ဒဏ်ရာရသွားခဲ့သည်။ သူမသည် ဆေးရုံကား ရောက်လာမည့် အချိန်ကို လမ်းပေါ်တွင် နာနာကျင်ကျင် စောင့်ဆိုင်းနေခဲ့ရသည်။ ထိုအတောအတွင်း အချိန်ကို အလဟဿ မဖြစ်စေလိုသော ဝမ်က သူမ၏ အိတ်ဆောင် အီလက်ထရောနစ် အဘိဓာန် စက်ကလေးကို ထုတ်ကာ အင်္ဂလိပ်စာလုံးများ ကျက်မှတ်နေခဲ့သည်။ သူမထံသို့ သူနာပြု ဝန်ထမ်းများ ဆိုက်ရောက်လာချိန်တွင် ဝမ်သည် အင်္ဂလိပ်စကားလုံး (၁၀၀)ကျော်ကို အလွတ်ရသွားပြီ ဖြစ်သည်။



ဘေဂျင်းတွင် ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု၌ ဝမ်ကို ဆေးရုံပို့ရန် ကူညီခဲ့သော ရဲအရာရှိက “ကျွန်တော်တို့ ယုံတောင်မယုံနိုင်ဘူး။ ကောင်မလေးကို ကြည့်ရတာ တော်တော့်ကို နာနေတဲ့ ပုံပဲ။ ဒါပေမဲ့ သူ့ရဲ့ အဘိဓာန်လေးထုတ်ပြီး စာကျက်နေတော့တာပဲ။ သူ့ရဲ့ တက္ကသိုလ်က သင်ခန်းစာတွေ လို့ ပြောတယ်”ဟု ဆိုသည်။ ၎င်းကပင်ဆက်၍ “ကျွန်တော်တို့က မေးတော့ ကောင်မလေးက ဖြေပါတယ်။ ဒီမတော်တဆမှုကြောင့် သူ့ဘဝဆိုတာ အချိန်မရွေး တိုတိုတောင်းတောင်းနဲ့ အဆုံးသတ်သွားနိုင်တယ် ဆိုတာ သတိပေးလိုက်တာပဲတဲ့။ ပညာရေးက အရမ်းအရေးကြီးမှန်း ပိုသိလာတယ်။ ဒါကြောင့် တခြား ဟာတွေ မတွေးဘဲ အချိန်ရတုန်းလေး စာကျက်နေတာလို့ ပြန်ဖြေတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။

အသက်(၁၈)နှစ် အရွယ်ရှိ ဝမ်သည် တက္ကသိုလ်၏ Tutorialတန်းသို့ သွားရောက်စဉ် ကားကြီးတစ်စင်းက ဝင်တိုက်ခြင်း ခံခဲ့ရသည်။ သူမအနေဖြင့် နာနာကျင်ကျင် ခံစားရသော်လည်း ဒဏ်ရာမှာ အလွန်ဆိုးရွားခြင်း မရှိဟု စစ်ဆေးတွေ့ရှိပြီးနောက် စာကျက်နေခြင်း ဖြစ်သည်။ ဝမ်သည် လက်မောင်း၊ ခြေထောက်နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။ ဝမ်က “နာတော့နာတာပေါ့။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ စာကျက်ချိန် နည်းသွားမှာကို တွေးပြီး ပူလာတယ်။ နောက်တစ်ချက်က အင်္ဂလိပ်စာ ကျက်မှတ်နေတာကို စိတ်နှစ်ထား လိုက်ရင် အနာသက်သာသွားမယ်လေ”ဟု ရှင်းပြခဲ့သည်။ သူမသည် စုစုပေါင်း အင်္ဂလိပ်စာ ဝေါဟာရ စကားလုံးသစ် (၁၀၇)လုံးထိ ကျက်မှတ်နိုင်ခဲ့သည်။ ဝမ်သည် စကောလားရှစ် အများအပြား ရရှိထားပြီး ပညာရည် ထူးချွန်ဆုများလည်း ဆွတ်ခူးနိုင်ခဲ့သည့် ဉာဏ်ရည်ထက်မြက်သော ကျောင်းသူတစ်ဦးဟုလည်း သိရှိရသည်။

Planet Myanmar Network
May 07 14 - 10:47 AM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...