“စိတ်ဓာတ်” ကပြောသော “ပညာ” အကြောင်း



ယနေ့ခေတ်အခါတွင် အစိုးရလုပ်ငန်းဌာနများ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ “ဝန်ထမ်းအလိုရှိ သည်” ဆိုသည့်ကြော်ငြာများအား သတင်းစာများ၊ ဂျာနယ်များတွင် တွေ့မြင်ဖတ်ရှုနေရပါသည်။ အလုပ် သမားခေါ်ယူသည့် ကြော်ငြာတိုင်းလိုလို “ဘွဲ့ရ၊ တက္ကသိုလ်ဝင်တန်းအောင်၊ အင်္ဂလိပ်စာ အရေး/အပြော တတ်ရမည်” ဆိုသည့် သတ်မှတ်ချက်များ ပါရှိကြလေသည်။ အလွန်ဝမ်းမြောက်ဖွယ် ကောင်း သည့်ကြော်ငြာများပင် ဖြစ်ပါသည်။ ယခင်ကဆိုလျှင် ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက် နိုင်ခဲ့ကြ။ ဘွဲ့ရပြီးအလုပ်အကိုင်မရှိသဖြင့် ဆိုက်ကားနင်း၊ တက္ကစီမောင်း၊ ဈေးရောင်းစသဖြင့် ကြုံရာကျပန်းအလုပ် များ လုပ်ကိုင်ခဲ့ကြရသည်။ ယခုလုပ်ငန်းဌာနတိုင်းတွင် ဘွဲ့ရပညာတတ်များ အများအ ပြားခန့်အပ်တာဝန်ယူ လုပ်ဆောင်လာကြပြီဖြစ်သဖြင့် ကျောင်းများ၌ရေးထားသည့် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်တည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်ကို ပြေးသတိရလိုက်မိသည်။ နိုင်ငံတော်တွင် အလုပ်လက်မဲ့ပြဿနာများလည်း ဖြေရှင်းလာနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ဌာနဆိုင်ရာလုပ်ငန်းကြီးများ၊ ကုမ္ပဏီကြီးများ ပေါ်ထွန်းလာသည်နှင့်အညီ ကျောင်းသား လူငယ်တို့ကလည်း ယခင်ကထက်ပိုမို၍ စာကိုကြိုးစားကြရပေတော့မည်။ အရွယ်ရောက်ပါက ဌာနဆိုင်ရာ များ၊ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြမည်ဖြစ်သဖြင့် ရပ်ကွက်ထဲမှ ဂိမ်းဆိုင်များ၊ ကာရာအိုကေ ဆိုင်များ၊ လက်ကိုင်ဖုန်းထဲမှ ကစားစရာများကို ဘေးဖယ်ထားပြီး ကျောင်းစာကို ကျက် ကြ၊ မှတ်ကြ၊ ဖတ်ကြရမည်ဖြစ်သည်။

စာရေးသူတို့ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလတုန်းကဆိုလျှင် ခါးသီးဖွယ်ရာလေးများရှိခဲ့ပါသည်။ ရပ်ကွက်တော်တော်များများက နေအိမ်များတွင် လျှပ်စစ်မီးမရှိ။ ကျွန်တော်တို့အိမ်မှာလည်း လျှပ်စစ်မီး မရှိ။ နို့ဆီခွက်ကို တီထွင်ထုတ်လုပ်ထားသည့် ရေနံဆီမီးခွက်ကလည်း ရေနံဆီကုန်မည်စိုးသဖြင့် ည ၉ နာရီဆိုလျှင် မီးမှိတ်။ ဒါအမေ့၏ အမိန့်။

ကျွန်တော်လည်း အိမ်ရှေ့က လမ်းမီးတိုင် (ဝါကြန့်ကြန့် မလင်းတလှည့် လင်းတလှည့်) အောက်မှာ ညတိုင်း စာကျက်ခဲ့ရပါသည်။ များပြားလှသည့် ကျောင်းပိတ်ရက်များတွင်လည်း လုပ်ငန်းအတွေ့အကြုံ ရအောင်ဆိုပြီး အမေခိုင်းသည့် ပုဂ္ဂလိကအလုပ်များ၌ လုပ်ခဲ့ရသည်။ ရန်ကုန်မြို့ တရုတ်တန်းမှ လက်ဖက်ရည်ဆိုင်နှင့် မုန့်တိုက်ကြီးတွင် ဖြစ်သည်။ ယင်းမုန့်တိုက်ပိုင်ရှင်သူဌေးက အလုပ်သမားတွေ မြင် သာသည့်နေရာတွင် ဆိုင်းဘုတ်တစ်ခုရေးပြီး ချိတ်ဆွဲထားသည်။ စာကတိုတိုပြတ်ပြတ်ပင်။ “အတတ်၊ အသိ၊ စိတ်ဓာတ် အရေးကြီးသည်” တဲ့။

ယင်းမုန့်တိုက်မှာ လက်ဖက်ရည် အဖျော်ဆရာလည်းဖြစ်၊ ကော်ပြန့်စိမ်းအကြော်ဆရာလည်းဖြစ်၊ မုန့် မျိုးစုံလုပ်ကျွမ်းကျင်သူ မြန်မာလူမျိုးအကြော်ဆရာ တစ်ယောက်ရှိသည်။ မုန့်ပညာတွေတတ်သလို မောက် မာမော်ကြွားပြီး မာန်တက်နေသည်။ ဆိုင်ပိုင်ရှင်သူဌေးကလည်း သူ့ကိုအားကိုးသည်။ ၎င်းက လက်အောက် ငယ်သားများနှင့် လုပ်ဖော်ကိုင်ဖက်များကို အမြဲတစေ မာန်မဲဟိန်းဟောက်နေတတ် သည်။ အလုပ်သမား အချင်းချင်းက မသိတာရှိ၍မေးလျှင်လည်း ကောင်းကောင်းမပြောချင်။ အလုပ် နည်းနည်းပိုလုပ်ရလျှင်လည်း စိတ်တိုတတ်သည်။ သူမရှိရင် အလုပ်မဖြစ်တော့မည့်မျက်နှာပေးမျိုးနှင့် မှုန်ကုပ်ကုပ်နေတတ်၏။ အလုပ်ကို လည်း စေတနာမထား။ ဆိုင်မှာအလုပ်တွေကျလာပြီဆို သူလစ်ပြီ။ မရှိတော့။ အလုပ်ခို၏။ ကပ်၏။

ရောင်းအားကောင်းသည့်ဆိုင်ဆိုတော့ လူသစ်တစ်ယောက် ထပ်ခေါ်လိုက်သည်။ လူသစ်က အညာ ဘက်မှ ဖြစ်သည်။ အလုပ်ကြိုးစားသည်။ လုပ်ငန်းအပေါ်လည်း စေတနာထားသည်။ ဆက်ဆံရေး လည်းပြေပြစ်သည်။ သို့သော် မုန့်ဆရာလိုတော့ ပညာမတတ်ရှာ။

ကြာလာသည်နှင့်အမျှ မုန့်ဆရာကလည်း ခိုကပ်ပြီးပညာပြပေါင်းများလာသဖြင့် မုန့်တိုက်၌လည်း အလုပ်များ ကသောင်းကနင်းဖြစ်လာသည်။ အလုပ်ရှင်လည်း စိတ်ဆိုးကာမုန့်ဆရာကို အလုပ်မှဖယ် ရှားလိုက်ပြီး (စိတ်ဓာတ်ကောင်းသော်လည်း ပညာမတတ်သည့်) လူသစ်ကို လက်ဖက်ရည်နှင့် မုန့်လုပ် ငန်းပညာတွေ ကုန်စင်အောင်သင်ပေးပြီး အစားထိုးခန့်ထားလိုက်လေသည်။ ထို့အပြင်ဆိုင်မှာချိတ်ဆွဲ ထားသည့် ဆိုင်းဘုတ်ကိုလည်း အသစ်ပြောင်းချိတ်လိုက်ပါတော့သည်။ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ အရေးကြီး သည်” တဲ့။

အထက်ပါဖြစ်စဉ်ကို ပြန်ပြောင်းတွေးမိရင်း ဖေ့ဘွတ်ပေါ်တွင် ဖတ်လိုက်ရသည့် စာပိုဒ်လေးကို သတိ ရမိလိုက်ပါသည်။

“ဘွဲ့ဒီဂရီတွေ တန်းစီနေပေမယ့် စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျရင် တန်ဖိုးမရှိပါဘူး။ လူတစ်ယောက် ရဲ့တန်ဖိုးအစစ်က စိတ်ဓာတ်ဆိုတာ မမေ့ပါနဲ့” ဟူသတည်း။ ။

ကြေးမုံသတင်းစာ
မေလ (၂၁) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...