လူ၏ အရေပြားဆဲလ်မှ သုတ်ကောင်ဆဲလ်များ ဖန်တီးရန် နီးစပ်လာ



Stanford တက္ကသိုလ်မှ သိပ္ပံပညာရှင်များက လူ၏ အရေပြားဆဲလ်ကို သုတ်ကောင်ဆဲလ် ဖြစ်လာစေမည့် ကနဦးဆဲလ်များအဖြစ် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ သူတို့ ၏ တွေ့ရှိမှုကို Cell Reports Journal တွင် ရေး သားထားပါသည်။ အရေပြားဆဲလ်များ ကို ပင်မဆဲလ် အဖြစ် ပြောင်းလဲနိုင်သည့် သဘောလည်း ဖြစ်ပါ သည်။ မျိုးအောင်နိုင်သည့် သုတ်ကောင်ဆဲလ်များ အဖြစ် ဖန်တီးနိုင်ခြင်း မရှိသေးသော်လည်း မြုံနေသည့် အမေရိကန် မှ ဝေဒနာရှင် ကိုးရာခိုင်နှုန်း အတွက် မျှော်လင့်ချက် ဖြစ်ပါသည်။

သိပ္ပံပညာရှင်များက မြုံနေသည့် ဝေဒနာရှင်သုံးဦးထံမှ အရေပြားဆဲလ်များကိုရယူပြီး ပင်မဆဲလ် အဖြစ် ပြောင်းလဲနိုင်ခဲ့ပါသည်။ သိပ္ပံပညာရှင်များ သည် ကြွက်များ ၏ အရေပြားဆဲလ်များကို သုတ်ကောင်ဆဲလ် အဖြစ် အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဖန်တီးထားသည့် ကြွက်၏ သုတ်ကောင်ဆဲလ်များသည် မျိုးအောင်နိုင်ခဲ့သည်ဟု သိရပါသည်။ သိပ္ပံပညာရှင်များက အနာဂတ်တွင် လူ ၏ အရေပြားဆဲလ်များမှ မျိုးအောင်နိုင်သည့် သုတ်ကောင်ဆဲလ်များ ဖန်တီးနိုင်မည်ဟု ယုံကြည်နေပါသည်။

မြုံနေသည့် ဝေဒနာရှင်များ၏ အရေပြားဆဲလ်များကို သုတ်ကောင်ဆဲလ် ဖြစ်လာစေမည့် ကနဦးဆဲလ်များ ဖန်တီးမှု နည်းပညာကို Stanford တက္ကသိုလ်က ပထမဆုံး ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါသည်။ Pittsburgh တက္ကသိုလ်ကလည်း အလားတူ ရှာဖွေတွေ့ရှိမှု ကို ၂၀၁၂ ခုနှစ်တွင် တွေ့ရှိခဲ့ပြီး မျိုးအောင်သည့် ယောင်္ကျား ၏ ဆဲလ်များကို ပင်မဆဲလ် ဖြစ်ပေါ်စေမည့် ကနဦးဆဲလ်များ အဖြစ် ဖန်တီးနိုင်ခဲ့ပါသည်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...