အ၀လွန် ဆယ်ကျော်သက်များ၌ ကျောက်ကပ်လုပ်ငန်း ကျဆင်းနိုင်


Health Updates Journal No. 116

အလွန်အကျွံအ၀လွန်လျက်ရှိသည့် လူငယ်များ၏ (၁၈) ရာခိုင်နှုန်း နီးပါးသည် ကျောက်ကပ်လုပ်ငန်းများ ချွတ်ယွင်းလျက်ရှိကြောင်း အမေရိ ကန်ပြည်ထောင်စု National Kidney Foundation ၏ ညီလာခံတွင် ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆီးထဲတွင် အယ်ဗျူမင်ပရိုတင်း အလွန်အကျွံပါဝင်ခြင်းကို ဆီးထဲ ပရိုတင်းပါခြင်း (proteinuria) ဟု ခေါ် ဆိုပြီး ကျောက်ကပ်ပျက်စီးခြင်း ၏ကနဦးလက္ခဏာဟု သတ်မှတ်ထားကြသည်။ ကျောက်ကပ်လုပ်ငန်း တိုင်းတာနိုင်ရန် Glomerular Filtration Rate (GFR)် ဟုခေါ်ဆိုသည့် စမ်းသပ်မှုဖြင့် ကျောက်ကပ်မှဆီးများ စစ်ထုတ်နိုင်သည့် နှုန်းကို တွက်ချက်လေ့ရှိသည်။ GFR (၉၀) နှင့် အထက်ကိုပုံမှန်ဟု သတ်မှတ်ပြီး (၉၀) အောက်ကို ကျောက်ကပ်လုပ်ငန်းကျဆင်းခြင်းဟု သတ်မှတ်သည်။ အ၀လွန်ကလေးနှင့် လူကြီးများ တွင် GFR အလွန်များနေပြီး ကျောက်ကပ်များအလုပ် အလွန်လုပ်ရခြင်းကိုပြဆိုသည်။ ကျောက်ကပ်အလုပ် ၀န်ပိခြင်း အလွန်ကြာမြင့်လာပါက ဆီးထဲတွင် ပရိုတင်းပါတတ်သည်။

ဆယ်ကျော်သက်အရွယ် (၂၄၂) ဦးကို လေ့လာခဲ့ရာ (၁၇) ရာခိုင်နှုန်းတွင် ဆီးထဲပရိုတင်းပါနေပြီး (၃) ရာခိုင်နှုန်းတွင် GFR (၆၀) အောက်ကျကာ အလွန်လျော့နည်းနေသည်။ (၇) ရာခိုင်နှုန်းတွင် GFR (၁၅၀) ကျော်၍ အလွန်အလုပ်များလျက် ရှိသည်ကို တွေ့ရသည်။

ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (Body Mass Index – BMI) များပြားသော အ၀လွန်ဆယ်ကျော်သက်များ ၌ သွေးတွင်းအချိုဓါတ်ထိန်းပေးသည့် အင်ဆူလင်ဟော်မုန်း အာနိသင် လျော့နည်းလေ့ရှိသည့် အပြင် ဆီးထဲ ပရိုတင်းပါခြင်းကိုပါ တွေ့ရလေ့ရှိသည်။

“ကလေးဆရာဝန်တွေအနေနှင့် အ၀လွန်ကလေးငယ်များရဲ့ မိသားစုဝင်တွေကို အ၀လွန်ခြင်းနှင့် ဆက်စပ် တဲ့ ရောဂါတွေအကြောင်း၊ ကိုယ်အလေးချိန်ချဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးသင့်ပါတယ်” ဟု National Kidney Foundation ဥက္ကဋ္ဌ Beth Piraino ကဆိုသည်။

ဇော်ကို
Ref:MNT
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...