မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်မှု အဆင့်လျှော့ချ


photo: www.irrawaddy.org

ရန်ကုန်၊ မေ ၁၄

အချိန်လေးလခန့်ကြာ စောင့်ဆိုင်းကာ သွားရောက် လုပ်ကိုင်နေရသည့် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သား များ စေလွှတ်ရန် ခွင့်ပြုချက် တောင်းခံရာတွင် အလုပ်ခေါ်စာ (Calling Visa) တင်ပြရန် မလိုဘဲ ခွင့်ပြုပေး မည် ဖြစ်သဖြင့် အချိန် နှစ်လခန့်အတွင်း မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း မြန် မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ အလုပ်အမှုဆောင် ဦးကိုလေး က ပြောကြားသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့် အဆိုပြုလွှာ (Demand) တင်ပြရာတွင် Calling Visa ကို တင်ပြရန် မလိုဘဲ ဘဏ်အာမခံချက် (Bank Grantee) ဖြင့် တင်ပြလျှောက်ရမည့် အစီအစဉ်ကို အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မေလ ၁၂ ရက် နေ့က MOEAF နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် လက်ခံလိုက်ကြောင်း ၎င်းကဆိုသည်။

Bank Grantee ဆိုသည်မှာ မလေးရှား ကုမ္ပဏီတစ်ခုက နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည် ဆိုပါက မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကို ခွင့်ပြုချက် (KDN Approval letter) တင်ပြရပြီး ခွင့်ပြုချက်ရပါက လုပ်သားများ၏ နိုင်ငံကူးလက်မှတ်နှင့် ကိုယ်ရေး အချက်အလက်များကို တောင်းယူကာ ဘဏ်တွင် အာမခံ ထားခြင်း ဖြစ်သည်။

Bank Grantee ကို စစ်ဆေးကာ ခွင့်ပြုသည့် စနစ်ကို စတင်ကျင့်သုံးပါက လက်ရှိစနစ်ထက် အချိန်တစ်လခွဲ ခန့် မြန်ဆန်သွားနိုင်သဖြင့် လုပ်သားဈေးကွက် ပျက်မည်ကိုလည်း စိုးရိမ်ရန် မလိုတော့ကြောင်း ဦးကိုလေး က ပြောဆိုသည်။

လက်ရှိ ကျင့်သုံးနေသည့် စနစ်တွင် Bank Grantee ရရှိပါက မလေးရှားနိုင်ငံရှိ အလုပ်ရှင်က လူဝင်မှု ကြီး ကြပ်ရေး ဝန်ကြီးဌာနကို တင်ပြကာ Calling Visa တောင်းယူရပြီး Calling Visa ရရှိလျှင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ရုံးကို တင်ပြရကြောင်း၊ Calling Visa ရရှိရန် အချိန်တစ်လခွဲကြာပြီး နေပြည်တော် ရုံးတွင်လည်း တစ်လခွဲခန့် ထပ်စောင့်ရသဖြင့် မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် အချိန်လေးလခန့် ကြာမြင့်ခြင်း ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများ ထံမှ သိရှိရသည်။

“မလေးရှား လ.ဝ.က တင်နေတဲ့ အချိန်မှာ နေပြည်တော်က ခွင့်ပြုချက် ယူလိုက်တာ။ နေပြည်တော်က ခွင့်ပြုချက်လည်းအကျ Calling Visa လည်း အကျ။ အဲဒါဆို Calling ကျပြီး နှစ်ပတ်အတွင်း မလေးရှားကို လွှတ်လို့ရတယ်။ ဈေးကွက်လည်း မပျက်တော့ဘူး” ဟု ဦးကိုလေးက ရှင်းပြသည်။

ယင်းစနစ်ကို နှစ်လ အစမ်းကာလ သတ်မှတ်ကာ လုပ်ဆောင်မည် ဖြစ်ပြီး အောင်မြင်ပါက ဆက်လက် ကျင့်သုံးမည် ဖြစ်ကာ အဆိုပြုလွှာများကို မသမာသော နည်းဖြင့် တင်ပြသည့် အေဂျင်စီများကို အရေးယူမည် ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုကြောင်း MOEAF ထံမှ သိရှိရသည်။

Bank Grantee ခွင့်ပြုမည်ဟု ဆိုသော်လည်း မြန်မာအစိုးရက စစ်ဆေးမှုများတွင် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးနေဆဲ ဖြစ်သဖြင့် လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်ခြင်း ရှိမရှိကို စောင့်ကြည့်ရ မည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောကြားသည်။

မြန်မာအလုပ်သမား ခေါ်ယူရာတွင် ကြန့်ကြာမှုများကြောင့် မလေးရှားအလုပ်သမား ဈေးကွက် တွင် မြန်မာနိုင်ငံက မျက်နှာပန်းမလှ ဖြစ်နေကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရှိရသည်။

The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...