မနားသောဝိညာဉ်များ

ဘားဆိုင်မှတီးတိုးစကား

သတင်းသမားတစ်ဦး အနေနှင့် ကောလာဟာလ သတင်းများကို နေရာမျိုးစုံမှ ကြားရပေလိမ့်မည်။ သို့သော် မြန်မာနိုင်ငံနယ်စပ် လျှို့ဝှက်စခန်း တစ်ခုအတွင်း အမေရိကန် လူဖြူကြီးတစ်ယောက် ဖွင့်လှစ် ထားသည့် မဲဆောက် ဘားဆိုင် တစ်ခုအတွင်းမှ တီးတိုး ပြောစကားများသည် အလွန် စိတ်လှုပ်ရှား ဖွယ်ရာ ဖြစ်သည်။ အမေရိကန်တို့သည် မြန်မာစစ်သားများကို တိုက်ခိုက်ရန် ကရင်စစ်သားများကို လေ့ကျင့် ပေးနေသည် ဆိုသည့် သတင်းကို ဓာတ်ပုံဆရာ တစ်ဦးထံမှ ကျွန်တော် ကြားလိုက်ရခြင်း ဖြစ်သည်။ ယင်းတီးတိုး ပြောစကားသည် အရှေ့တောင်အာရှတွင် ဒုတိယ အကြီးဆုံး ဖြစ်သည့် စစ်တပ်ကြီး တစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေသည့် ကရင်လွတ်မြောက်ရေး တိုက်ပွဲဝင် နေသူများကို ပိုပြီးစိတ်ဝင်စားစေခဲ့သည်။


ကျွန်တော်သည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့ကလေးသို့ ဦးစွာ ရောက်ခဲ့ သည်။ သြစတြေးလျ အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ တောင်းဆိုချက်ကြောင့် ကျွန်တော် ရောက်လာခြင်း ဖြစ်သည်။ သူတို့က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြောင်းကို ကျွန်တော့်အား ရေးပေးစေချင်ကြသည်။

ထိုကောင်စီ အကြောင်းကို ကျွန်တော်အစောပိုင်းက မသိခဲ့။ သို့သော် ငါးနှစ်လောက်နေပြီး နောက်ပိုင်းတွင်မှ အခြားသတင်းသမားများ နည်းတူ မြန်မာနှင့် ကရင်တို့ကြားတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို ရေးရေးမျှ သိမြင်ခွင့်ရခဲ့သည်။ ၁၉၈၈ ခုနှစ် ကျောင်းသားများ ဆူပူအုံကြွမှုအကြောင်း ကျွန်တော် သိခွင့်ရခဲ့သည်။ ထောင်ပေါင်းရာပေါင်း များစွာသော ကျောင်းသားများ၊ အလုပ်သမားများ၊ ဘုန်းတော်ကြီးများနှင့် ကျောင်းဆရာ၊ ဆရာမများသည် နိုင်ငံရေး အပြောင်းအလဲတစ်ခုကို တောင်းဆိုသည့် အနေနှင့် လမ်းတွေပေါ်ထွက်လာပြီး ဆန္ဒပြကြသည်။ အာဏာရှင်များ၏ အမိန့်နှင့် ထောင်ပေါင်း များစွာသော ပြည်သူများ သွေးမြေကျခဲ့ရသည်။ သူတို့အလောင်းများကို ထရပ်ကားများနှင့် တိုက်သွားရသည်အထိ ဖြစ်ခဲ့ရသည်။ နိုဗယ်ဆုရှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖြင့် ထားခြင်းကိုလည်း ကျွန်တော်ကြားမိသည်။ ကရင်လူမျိုးများ အကြောင်းနှင့် ပတ်သက်ပြီး ကျွန်တော့်အသိမှာ သုညသာ ဖြစ်သည်။

မဲဆောက်မြို့သည် ထိုင်းနှင့် မြန်မာနယ်စပ်အဖြစ် သတ်မှတ်ထားသည့် မွိုင်မြစ်နှင့် သုံးမိုင်အကွာတွင် တည်ရှိသည်။ ထိုမြို့သည် ပျားပန်းခပ်မျှ စည်ကားလှသော မှောင်ခို လုပ်ငန်းများဖြင့် ချမ်းသာ ကြွယ်ဝလာသည့် နယ်စပ်မြို့လေး တစ်မြို့လည်း ဖြစ်သည်။ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာများ၊ ကျွန်းသစ်၊ ရှေးဟောင်း အမွေအနှစ် လက်ရာများ၊ မူးယစ်ဆေး စသည်တို့ကို သူ့တန်ဖိုးနှင့်သူ လိုသလောက် ရနိုင်သော နေရာတစ်နေရာလည်း ဖြစ်သည်။

ထိုမြို့သည် သာမန်မြို့လေး တစ်မြို့သာ ဖြစ်ပြီး မင်းလမ်းမကြီး နှစ်လမ်းသာ ရှိသည်။ လမ်းအချက်ပြ မီးတိုင်ကလည်း နှစ်တိုင်သာ ရှိသည်။ လမ်းဘေး တစ်ဖက်တစ်ချက် ခင်းထားသော ကွန်ကရစ် ကျောက်လမ်းများဘေးတွင် တောင့်တင်းခိုင်မာသည့် ရှေးဟောင်း တရုတ်အိမ်ကြီးများကို အစီအရီ ဆောက်လုပ်ထားကြသည်။ မင်းလမ်းမနှင့် မနီးမဝေးတွင် ဈေးတစ်ခုရှိသည်။ ဆိုင်တန်းများကို သူ့အတန်း နှင့်သူခွဲထားပြီး အထည်အလိပ်၊ ဒန်အိုးဒယ်အိုးများ၊ ကုန်စုံဆိုင်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးပစ္စည်းများ ကို ရောင်းချနေကြသည်။ လူသွားလမ်းများပေါ်တွင် ကျူးကျော် ဈေးသည်များက ကုန်ပစ္စည်းများကို မညီမညာစုပုံ ရောင်းချနေကြသည်။ မင်းလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် လမ်းလေးတွေက ရှုပ်ယှက်ခတ်ကာ ရှိနေသည်။ ပရမ်းပတာ ဖြစ်ချင်တိုင်း ဖြစ်နေပုံက ထိုင်းပုံစံထက် မြန်မာပုံစံနှင့် ပိုတူနေသည်ဟု ဆိုရမည်။

လမ်းဘေးဈေးသည်တွေက ဟင်းပေါင်းများ၊ လှောင်အိမ်ထဲ သွင်းထားသည့် ငှက်များ၊ ပိုးကောင်များ၊ ဝက်ဆီဖတ်၊ အမဲသား၊ ငါးနှင့် ငါးရှဥ့်အရှင် များကိုလည်း ရောင်းချနေကြသည်။ တောင်ပေါ်နေ လူမျိုးစုများ၊ ခွင့်ရထားသည့် စစ်သားများ၊ မြန်မာကုန်သည်များ၊ စက်ရုံ အလုပ်သမားများ၊ ပြည့်တန်ဆာများ၊ စပိုင်များ၊ လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါး ရောင်းချသူများ၊ သူပုန်စစ်သားများ၊ ရဲများ၊ ဆိုက်ကားများ၊ ကြေးစားစစ်သားများ၊ စေတနာ့ဝန်ထမ်း ဆရာများ၊ သူတောင်းစားများ စသည့် လူလုံးကြီး သည် ဈေးမှသည် အခြားတစ်ဖက်ဆီသို့ လူးလာခေါက်တုံ့ လှိမ့်နေကြသည်။

မဲဆောက်တွင် သတိထားမိသည့် အချက်တစ်ခုမှာ အသံများသည် ဘက်ပေါင်းစုံမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ရုပ်မြင်သံကြားများမှ ထုတ်လွှင့်သည့် အသံများကိုလည်း နေရာတိုင်း ကြားနေရသည်။ ကားပြင်အလုပ်ရုံများမှ ထုရိုက်သံများကလည်း သောသောညံနေသည်။ ကြော်ငြာ ထရပ်ကားလေးများနှင့် နိုင်ငံရေး စည်းရုံး လှုံ့ဆော်နေကြသည့် ကားများမှ စပီကာ အသံတို့ကလည်း ဆူညံနေသည်။ သူတို့ဖွင့် လာသည့် အသံနှုန်းများ ရူးသွပ်လောက်အောင် ကျယ်လောင်လှသည်။ စားသောက်ဆိုင်များ၊ ကဖေးဆိုင်များတွင် ဖွင့်ထားသော သီချင်းသံတွေကတော့ အသံသေး အသံကြောင်တွေနှင့် ဖြစ်သည်။ ဗလီမှ ထွက်ပေါ်လာသည့် လောက်စပီကာ အသံက အိပ်ရာမှ လန့်နိုးစေသည်။ လမ်းထောင့်တိုင်းတွင် ရှိနေသည့် စပီကာတွေကလည်း ပြည်သူ့ကျန်းမာရေး အကြောင်း၊ ရာသီဥတုအကြောင်း၊ ချဲထီနံပါတ် အကြောင်းများကို ကြေညာပေးနေသည်။

မဲဆောက်သည် နေ့အချိန်တွင် ပျားပန်းခပ် လှုပ်ရှားဆူညံနေပြီး နေဝင်ချိန်အထိ ထရပ်ကားတွေက ကုန်စည်များကိုတင်ပြီး မနားတမ်း ပြေးလွှားနေကြသည်။ ထိုကားများသည် မြန်မာပြည်က ပိတ်ပင်ထားသော ကုန်စည်များကို တရားမဝင် နယ်စပ်ကို ကျော်ဖြတ်ကာ တင်ပို့နိုင်ရေးအတွက် သယ်ဆောင် ပေးနေကြသည်။ ထိုင်းနိုင်ငံ၏တစ်ဖက် ကုန်ကြမ်းတွေ မြောက်မြားစွာ ရှိနေသည်။ ထိုကုန်ကြမ်းတွေက ဘုရင်များ၊ ဓားပြများ၊ ဂိုဏ်းများနှင့် အစိုးရများကို လူသတ်ပွဲများ စစ်ပွဲများ ဖြစ်ပွားစေသည်။ ပတ္တမြား၊ ပုလဲ၊ ကျောက်စိမ်း၊ နီလာ၊ ကျွန်းသစ်၊ ဘိန်း၊ ဟီးရိုးအင်းနှင့် လိင်ကျွန်များ စသည့် ကုန်ကြမ်းတွေက ထိုင်းနိုင်ငံ အခြားတစ်ဖက်တွင် များစွာရှိနေသည်။ လူကုန်ကူးသည့် လုပ်ငန်းကလည်း မဲဆောက်တွင် အကျိုးအမြတ်များသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်နေသည်။ လူတွေက တန်ဖိုးကြီးသည့် ကုန်ပစ္စည်းတွေ ဖြစ်နေသည်။ ပွဲစားတွေကလည်း အိမ်စေ၊ စက်ရုံအလုပ်သမားနှင့် အလုပ်ကြမ်းသမားများ လုပ်ကိုင်ရန်အတွက် လူတွေကို ပိုက်စိပ်တိုက် ရှာဖွေနေကြသည်။ ဒုက္ခသည်စခန်း များသည် ထိုလိုအပ်နေသည့် လူသစ်များကို စုဆောင်းနိုင်သည့် နေရာတစ်နေရာလည်း ဖြစ်သည်။

မဲဆောက်သည် နိုင်ငံခြားသားများကို အလုပ်အကိုင် လုပ်ကိုင်ရန်၊ ဗီဇာသက်တမ်း တိုးရန်၊ မကောင်းမှု လုပ်ဆောင်ရန် ဆွဲဆောင်မှု အရှိဆုံး နေရာတစ်နေရာလည်း ဖြစ်သည်။ ဒေသခံများက မဲဆောက်တွင် လာရောက် နေထိုင်သော အနောက် နိုင်ငံသားများသည် သာသနာပြုအဖွဲ့များ၊ ဆရာဝန်များ၊ ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျ မရှိသူများ သို့မဟုတ် ကြေးစားစစ်သားများ၊ ပဋိပက္ခကို စိတ်ဝင်စားသူများ၊ လူသားချင်းညှာတာ ထောက်ထားမှု မခံရသူများ၊ အပယ်ခံများ ခိုအောင်းနေသည့် နေရာတစ်နေရာ ဖြစ်ကြောင်း ဟာသလုပ်ကာ ပြောဆိုနေကြသည်။

နေ့လယ်ခင်းတွင် မြို့ထဲသို့ ဖြတ်လျှောက်လိုက်လျှင် လူမျိုးပေါင်းစုံကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနှင့် တရုတ်ကုန်သည် များသည် ပရာဆက်ဝီသီ လမ်းမကြီးပေါ်တွင် ဈေးဆစ်နေကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ မုံလယ်သမားများသည် ဈေးထဲသို့ တွန်းလှည်းများ တွန်းလာပြီး ဈေးဆိုင်တန်းများတွင် ကော်ဖီ၊ နို့၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ဆပ်ပြာနှင့် ငါးသေတ္တာဘူးများကို ဝယ်ယူနေကြသည်။

ညနေပိုင်းတွင် မြောက်ပိုင်းမြို့စွန်၌ ဝီရိယရှိသော အစားအသောက် ရောင်းသူများသည် ပိတ်ထားသည့် ဆိုင်များရှေ့တွင် နေရာယူပြီး ဆိုင်ကို ခင်းကျင်းနေကြကာ ညဈေးအတွက် စီစဉ်နေကြသည်။ ညဘက် တွင်လည်း မှောင်ခိုလုပ်ငန်းများ၊ လိင်လုပ်ငန်းများ၊ အကြမ်းဖက်မှုများ ရှိနေပြန်သည်။ နောက်တစ်နေ့ နေမထွက်မီ အချိန်တွင် ခြေသလုံးအိမ်တိုင် နေထိုင်ကြသော မြန်မာလုပ်သားများသည် နယ်စပ်ဖြတ်ကျော် ခ များကို ပေးဆောင်ပြီး တံတားကို ကျော်ဖြတ်ကာ မိသားစု စားဝတ်နေရေးအတွက် ပေးသလောက်ယူရ သည့် အလုပ်များကို လုပ်ကိုင်ရန် ထိုင်းနိုင်ငံဘက်သို့ ရောက်လာကြလိမ့်ဦးမည်။ ထိုသံသရာသည် နေ့စဉ် လည်ပတ်နေသည်သာ ဖြစ်သည်။

မဲဆောက်သည် မြန်မာအတိုက်အခံ အုပ်စုများနှင့် နိုင်ငံရေး လှုပ်ရှားသူများအတွက် တရားမဝင် ဌာနချုပ်များ ဖွင့်လှစ်ထားရာ နေရာလည်း ဖြစ်သည်။ အထောက်အပံ့ ပေးရေးအဖွဲ့များ၊ NGO အဖွဲ့များသည် မြို့ထဲတွင် ပြောင်ပြောင်တင်းတင်း ရုံးခန်းများ အခိုင်အမာ ဖွင့်လှစ်ထားကြသည်။ ကရင်လွတ်မြောက်ရေး တိုက်ပွဲဝင်သူများ အတွက်လည်း တောင်ပေါ် ဒေသများတွင် နေထိုင်သူများနှင့် လျှို့ဝှက်စွာ တွေ့ဆုံဆက်သွယ်နိုင်သည့် နေရာတစ်နေရာ ဖြစ်နေသည်။

မြန်မာနိုင်ငံ အခြေအနေကို အစီရင်ခံရန် ဆိုသည်မှာ အလွန်ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်သည်။ နှစ်ပေါင်း ၆၀ တိုင် ကမ္ဘာနှင့် ကင်းကွာကာ အထီးကျန်စွာ နေထိုင်ခဲ့ခြင်းကြောင့် သူ့ကိုမှန်းဆရန် အလွန်ခက်လှသည်။ နိုင်ငံရေးစနစ်ကလည်း အမြဲတမ်း မပြောင်းလဲသော နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ဖြစ်ရပ်မှန်များကို ဖုံးကွယ်ကာ သတင်းမှောင် ချထားသောကြောင့် မြန်မာနိုင်ငံ အကြောင်းဘာမျှ မသိနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၁၉၈၈ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ပြစ်တင် ရှုတ်ချနေသည့်ကြားက ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ စစ်အစိုးရ၏ ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုများကြားက NLD ပါတီသည် ပြတ်သားစွာ အနိုင်ရရှိခဲ့သည်။ အမတ်နေရာပေါင်း ၃၉၂ နေရာ ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း မဲအသာဖြင့် အောင်မြင်ခဲ့ သည်ဟု ဆိုရမည်။ လူတွေ ပြောဆိုနေသည့်ကြားက အစိုးရသည် NLD ခေါင်းဆောင်ကို အကျဉ်းချ ထားလိုက်သည်။ ထို့ပြင် NLD ရွေးကောက် တင်မြှောက်ထားခြင်း ခံရသည့် အမတ်များ၊ ပါတီဝင်များနှင့် ပါတီကို ထောက်ခံသူများလည်း ထောင်ချခြင်း ခံခဲ့ကြရသည်။

မြန်မာနိုင်ငံသည် လူမှုအသိုင်းအဝိုင်းမှ ဝိုင်းပယ်ခံလိုက်ရသည့် နိုင်ငံတစ်နိုင်ငံပမာ ဖြစ်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂိမ်းတစ်ခုသဖွယ် သဘောထားကာ ကစားပြီး ဒီမိုကရေစီကို လက်ခံ ယုံကြည်သယောင် ဟန်ဆောင်ထားသည်။ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် စိုးမိုးအုပ်ချုပ်လာမှုသည် ဘယ်တော့မှ အဆုံးသတ်မည် မဟုတ်ဟု ပြောဆိုလာကြသည်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထားခြင်းဖြင့် နိဂုံးချုပ်လိုက်သည်။ သို့သော် သူမပြန်လည် လွတ်မြောက်လာသည်။ သို့သော် ပြန်ပြီး အဖမ်းခံရပြန်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာကို လှည့်စားသည့် အနေနှင့် ပြန်လွှတ် ပေးလိုက်ပြန်သည်။ ဤသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဂိမ်းတစ်ခုပမာ ကစားခြင်း ခံနေရသည်။

(၈.၅.၂၀၁၄) ကြာသပတေးနေ့တွင် ဆက်လက်ဖော်ပြပါမည်။

Ref : Restless Souls, by Phil Thornton

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...