ထမင်းချက်က သေနတ်ခိုးယူပြီး ပစ်ကြည့်ရာမှ လူတစ်ဦးဒဏ်ရာရ


cartoon:google

ဗိုလ်မှူးတစ်ဦးအိမ်တွင် ထမင်းချက် လုပ်ကိုင်သူတစ်ဦးသည် မေ ၅ ရက်က ပစ္စတိုတစ်လက် ယူဆောင်၍ လယ်ကွင်းတွင် စမ်းသတ်ပစ်ခတ်ရာမှ အမျိုးသမီးတစ်ဦး ကျည်ဆန်မှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု အင်းတော်မြို့နယ်၊ မဲဇာရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နောင်မိုးကျေးရွာ၏ အရှေ့တောင်ဘက် နှစ်ဖာလုံခန့် အကွာ ကားလမ်းအနီးရှိ လယ်ကွင်းပြင်တွင် မေလ ၅ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်က သေနတ်ပစ်ခတ် မှု ဖြစ်ပွားခဲ့ရာ ရဲကင်းစခန်းမှူး ရဲအုပ် ထွန်းထွန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။

သေနတ်ပစ်ခတ်သူမှာ အသက်(၁၄)နှစ်အရွယ် မောင်ဇော်ဖြိုးနိုင်(ခ)ရှမ်းလေး ဆိုသူဖြစ်ပြီး ခမရ(၁၀၅) ဆားမှော်တပ်မှ ဗိုလ်မှူးထက်ထက်နိုင်ဆိုသူ၏ နေအိမ်တွင် ထမင်းချက်သူ တစ်ဦးဖြစ်သည်ဟု ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

ထိုသူသည် ဗိုလ်မှူး ထက်ထက်နိုင် ကိုင်ဆောင်သည့် T–6586 Burma Army စာတန်းတံဆိပ်ပါ ကျည် အိမ်အတွင်း ကျည်ဆံ ရှစ်တောင့်ပါ ပစ္စတိုသေနတ်ကိုယူဆောင်ပြီး လယ်ကွင်းအတွင်း သွားရောက်၍ စမ်း သပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက ကနဦး သိရှိထားသည်။

သေနတ်ပစ်ခတ်ရာမှ လယ်ကွင်းအတွင်းရှိ နောင်မိုးကျေးရွာနေ အသက်(၄၀)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး၏ ယာဘက်ရင်သားအောက်တွင် ကျည်ဆန် ရှပ်ထိဒဏ်ရာတစ်ချက် ရရှိသွားခဲ့သည်ကို ရဲတပ်ဖွဲ့ က တွေ့ရှိခဲ့သည်။

အဆိုပါ ကျည်ဆန်ထိမှန်ဒဏ်ရာသည် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဟု အင်းတော် ဆေးရုံက မှတ်ချက်ပြု ထားသည်ကို ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ပစ်ခတ်ခဲ့သူကို အရေးယူဆောင်ရွက်ပေးရန် မဲဇာနယ်မြေရဲကင်း စခန်းမှူး ရဲအုပ် ထွန်းထွန်းမှ တရားလို ပြုလုပ်၍ အင်းတော်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၄၇/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့်ထားသည်။

Mizzima News
Wednesday, 07 May 2014 10:54

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...