အိန္ဒိယဆော့ဖ်ဝဲလ် နည်းပညာ ဘွဲ့လွန်သင်တန်း မြန်မာလူငယ် ၃၀ စေလွှတ်မည်


ရန်ကုန်၊ မေ ၁

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အစိုးရကြား နည်းပညာ ပူးပေါင်းရေး သဘောတူ စာချုပ်အရ သင်တန်းကာလ ကိုးလ ကြာမြင့်မည့် ပထမဆုံး ဆော့ဖ်ဝဲလ် နည်းပညာ ဘွဲ့လွန် သင်တန်းအတွက် မြန်မာလူငယ် ၃၀ ဦးကို မေလ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Mr. Gautam Mukhopadhaya က ပြောကြားသည်။

သင်တန်းကာလ ကိုးလခန့် ကြာမြင့်ရာတွင် အိန္ဒိယနိုင်ငံ International Institute of Information Technology Bangalore (IIITB) တွင် ခြောက်လ သင်ကြားပြီး မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင် သုံးလ သင်ကြားရမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မြတ် က ပြောကြားသည်။

ရွေးချယ်ခံရသူ အများစုသည် ကွန်ပျူတာ တက္ကသိုလ်တွင် အိုင်တီနည်း ပညာဘာသာရပ် သင်ကြားခဲ့ သူများ ဖြစ်ပြီး ယင်းပညာသင်ဆု ရရှိရေးအတွက် စာမေးပွဲများလည်း အဆင့်ဆင့် ဖြေဆိုခဲ့ကြရကြောင်း ပညာတော်သင် ရွေးချယ်ခံရသူ အသက် ၂၁ နှစ်အရွယ် မမြင့်မြတ်သဇင်က ပြောဆိုသည်။

“သူတို့အင်မတန် ကံကောင်းတယ်။ ပြန်လာရင် အိုင်တီ ကုမ္ပဏီတွေက တိုက်ရိုက် အလုပ်ခန့်နိုင်တယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ကျော်မြတ်က ဆက်လက်ပြောကြားသည်။

အိန္ဒိယနိုင်ငံအနေနှင့် ပညာရေးကဏ္ဍအပြင် ဆက်သွယ်ရေး အစီအစဉ်များ၊ စွမ်းဆောင်ရည်မြှင့် သင်တန်း များကို ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း အကုန်အကျ ခံသွားမည် ဖြစ်ကြောင်း၊ မြန် မာနိုင်ငံအတွက် Myanmar Institute of Infor-mation Technology ကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အမီ ဖွင့်နိုင်ရန်လည်း လျာထားကြောင်း Mr. Gautam Mukhopadhaya က ဆိုသည်။

အဆိုပါ ဆော့ဖ်ဝဲလ် ဘွဲ့လွန် သင်တန်းကို မေလ ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ IIITB ၌ စတင်ဖွင့်လှစ် မည် ဖြစ်သည်။

The Voice Daily
2.5.2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...