ကူးတို့ရေယာဉ် နစ်မြုပ်မှု ရှာဖွေရေးအတွက် ဒေါ်လာတစ်သိန်း လှူဒါန်းခဲ့သည့် ဂျန်ဂျီဟွမ်း



တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂျန်ဂျီဟွမ်းက နာမည်ကျော် ကူးတို့ရေယာဉ် နစ်မြုပ်မှု ဖြစ်ရပ်ဆိုးကြီးအတွက် ကူညီရန် ဒေါ်လာတစ်သိန်းကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ My Sassy Girl ရုပ်ရှင်ဇာတ်ကားနှင့် My Love from the Star စီးရီးများကြောင့် လူသိများခဲ့သည့် တောင်ကိုရီးယား ရုပ်ရှင်ကြယ်ပွင့်သည် Sewol ရေယာဉ်နစ်မြုပ်မှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြက်ခြေနီ အဖွဲ့ထံ ငွေကြေး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဂျန်ကဲ့သို့ပင် တောင်ကိုရီးယား ရုပ်ရှင်နှင့်ဂီတ နာမည်ကျော်များသည်လည်း ငွေကြေးလှူဒါန်းမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။ ဧပြီလ (၂၉)ရက်နေ့က တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့သည် ဝမ်ဂျီဟွမ်း ဆိုသော အမည်ဖြင့် လှူဒါန်းသည့် ဒေါ်လာတစ်သိန်းကို လက်ခံရရှိခဲ့သည်။ သို့သော်လည်း အဆို ပါ ငွေကြေးများသည် ဂျန်က မျိုးရိုးနာမည် ပြောင်းလဲကွယ်ဝှက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်း တွင် ဖော်ထုတ်နိုင်ခဲ့သည်။

ဂျန်နှင့်နီးစပ်သော သူငယ်ချင်း တစ်ဦးက “ဂျန်က Sewolသင်္ဘောရဲ့ သတင်းကို ကြားရကတည်းက အရမ်း ကို စိတ်မကောင်း ဖြစ်နေတာပါ။ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ ဘယ်လောက်တောင် ကြေကွဲမလဲ ဆိုတာကို အမြဲတမ်းလိုလို စိတ်ကူးကြည့်ပြီး ဝမ်းနည်းနေခဲ့ပါတယ်။ သူက လက်ကျန်မျှော်လင့်ချက်တွေကို မစွန့်လွှတ် လိုက်စေချင်ဘူး။ ရသလောက် အားတင်းထားစေချင်တယ်။

ဒီလှူဒါန်းမှုဟာ ပြောပလောက်အောင် မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့နှလုံးသားထဲက အလေးအနက် ထွက်ပေါ် လာတဲ့ သဒ္ဓါတရား ဖြစ်ပါတယ်။ ဂျန်က သူ့ရင်ထဲက ကြေကွဲမှုကို သက်ဆိုင်ရာ မိသားစုတွေနဲ့ထပ်တူ ပြသ ချင်တယ်လေ”ဟု ပြောကြားခဲ့သည်။ ဂျန်သည် (၂၀၁၂)ခုနှစ်က ကျင်းပသည့် သူမ၏ မင်္ဂလာပွဲတွင် ရရှိခဲ့သော လက်ဆောင်များအား မရှိဆင်းရဲသားများအတွက် လှူဒါန်းခဲ့သလို ယခုသင်္ဘော နစ်မြုပ်မှုတွင် ပူဆွေးနေသူများအား တတ်စွမ်းသမျှ ကူညီအားပေးရန်အတွက် သူမ၏ အနုပညာအလုပ် အချို့ကို ရပ်နား ထားရန် ဆုံးဖြတ်ခဲ့သည်။

 Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...