လူငယ်များအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း
မတွေ့တာကြာပြီဖြစ်သည့် တပည့်လေး တစ် ယောက် အိမ်ကို အလည်ရောက်လာသည်။ လက် ထဲမှာ လည်း ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသည့် မုန့်ဘူးတစ်ဘူး ပါလာ၏။ ကျွန်တော်က ‘‘မတွေ့ တာတောင် အတော်ကြာနေပါပ ကော’’ ဟု နှုတ်ဆက်တော့မှ ထို တပည့်လေးက ‘‘ကျွန်တော် ဘန်ကောက်ရောက်နေ တာဆရာ။ ဒီ ပြန်ရောက်တာ ဆယ်ရက်လောက် တော့ရှိပြီ။ မနက်ဖြန်ပြန်တော့မှာ မို့ ဆရာ့ကို နှုတ်ဆက် ရင်း လာကန်တော့တာ’’ ဟု ဆိုလေ၏။ ကျွန်တော်က ‘‘အဆင်ပြေရဲ့လား။ ဟိုမှာဘာလုပ်သလဲ’’ ဟု မေး ကြည့်သည်။
တပည့်လေး၏ ပြောပြချက် အရ ဘန်ကောက်က အအေးခန်း စက်ရုံကြီးတစ်ခုမှာ ပုစွန်တွေ ထုပ်ပိုးသည့် အလုပ်လုပ်ရသည် ဆို၏။ နေစရာပေးသည်။ ထမင်း ကျွေးသည်။ သုံးပြီးစွဲပြီး တစ်လ လျှင် သုံးသိန်းနှင့် ငါးသိန်းကြား သူ့ အိမ်ကို ပို့နိုင်သည်ဆို၏။ ကျွန် တော်က ‘‘စက်ရုံက အလုပ်သမားတော်တော်များလား’’ ဟု မေးတော့ ဗမာအလုပ်သမား သုံးထောင်ကျော်၊ မွန်နှင့် အခြားတိုင်းရင်းသားအလုပ်သမား ရှစ်ထောင် ကျော်ရှိသည်ဟု ပြောပြသည်။ ပြန်ခါနီးမှာ တပည့်လေးက စကားတစ်ခွန်းပြောသည်။
‘‘ကိုယ့်ဆီမှာ အဆင်မပြေ တော့လည်း သူများဆီမှာ အောက် ကျခံပြီး လုပ်ရတာပဲဆရာ။ ကိုယ့် ဆီမှာက ကာယနဲ့ရင်းပြီး တစ်လ သုံး၊ လေးသိန်းကျန်ဖို့ မလွယ်မှ မလွယ်ဘဲဆရာ။ ဟိုမှာ အလုပ် ပြီးလို့ အနားယူ ချိန်ဆို ကျွန်တော် ဆရာ့ကို ခဏခဏ သတိရတယ် ဆရာ။ ကျွန်တော်တို့ကို စာသင် ရင်း ဆရာပြောတဲ့ အရံဟင်းဆို တာလေ။ ကျွန်တော်စဉ်းစားမိ တိုင်း ကျောင်းသားဘ၀က အချိန် ဖြုန်းခဲ့တာတွေ နောင်တ ရတယ် ဆရာ’’
တပည့်ဖြစ်သူက ကြေကြေ ကွဲကွဲပြောပြနေတာကို နားထောင်ရင်း ကျွန်တော့မှာလည်း သက်ပြင်းတွေ အကြိမ်ကြိမ် ခိုးချနေမိ၏။ ဟုတ်သည်။ လွန်ခဲ့သည့် လေး၊ငါး၊ ရှစ်နှစ်လောက်က တပည့်တွေကို ကျွန်တော် ပြောခဲ့ဖူး၏။ ထမင်းစားသည့်အခါ ဘယ်သူမှ အဓိကဟင်းတစ်ခွက်တည်းဖြင့် မစားကြောင်း၊ တို့စရာလေး အစ၊ငါးပိကြော်လေးအလယ်၊ ဟင်းချိုပူပူလေးအဆုံး အရံဟင်း ကလေးများ ပါတတ်ကြောင်း၊ တစ်ခါတစ်ရံ အဓိကဟင်းက ထမင်းမမြိန်ဘဲ အရံဟင်းလေးများကြောင့် ထမင်းမြိန်သွားသည့်အခါမျိုးလည်း ရှိတတ်ကြောင်း၊ ကျောင်းတက်၍ ပညာသင်ခြင်းသည် အဓိကဟင်းချက်နေသည်နှင့်တူကြောင်း၊ သို့သော် ထိုအဓိကဟင်းသည် မိမိ၏ဘ၀တွင် ကျိန်းသေထမင်းမြိန်မည်ဟု အာမမခံနိုင်ကြောင်း၊ ထို့ကြောင့် ကျောင်း တက်၍ ပညာသင်ရင်း အားလပ်ချိန်များ၌ အရံဟင်းနှင့်တူသည့် အခြားအတတ်ပညာများ သင်ယူ သင့်ကြောင်း၊ သို့မှသာ နောင်သင်ယူခဲ့သည့် အခြားအတတ်ပညာများက အသက်မွေးဖို့ ဖြစ်လာနိုင်ကြောင်း ကျွန်တော် ပြောခဲ့ဖူး၏။
တပည့်လေးက မှတ်မှတ်ရရ သည်အကြောင်းတွေ ပြန်ပြောပြ တော့ ပြောခဲ့သူ ကျွန်တော့်မှာ ကိုယ့် ကိုယ်ကိုယ် လိပ်ပြာမလုံသ လို ခံစားရ၏။ ပြန်ခါနီး ကျွန်တော့် ကို ထိုင်ကန်တော့တော့လည်း ဆရာ သမားတစ်ယောက် အနေ ဖြင့် တစ်ပြည်တစ်ရွာမှာ နေရေး၊ ထိုင်ရေးကအစ အဆင်ပြေပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သ ပေးနေရသော်လည်း သူ့ကိုကြည့် ရင်း ကျွန်တော့်စိတ်ထဲမှာ ဘာကို ၀မ်းနည်းမှန်း မသိ ၀မ်းနည်းနေမိ သည်။ တစ်ပြိုင်တည်းမှာပဲ ဘယ် သူ့ကို ဒေါသဖြစ်မှန်းမသိ ဒေါသ ဖြစ်နေမိလေသည်။
တကယ်တမ်းသာ ကျွန် တော်ပြောခဲ့သည့် ‘အရံဟင်း’ ကိစ္စကို ယခုကာလနှင့်ယှဉ်၍ ထိုတပည့်စဉ်းစား တတ်ခဲ့ပါလျှင် ကျွန်တော့်ကို မုန့်ပုံးနှင့်ကန်တော့ဖို့ဝေးလို့ သတိတောင်ရမည်မထင်ပေ။ သတိရသည့် တိုင်အောင် ကောင်းသော သတိရခြင်းမျိုးမဟုတ်ဘဲ ‘‘ဆရာက တို့ကို ကျောင်းတက်ရင်း တခြားအတတ် ပညာတစ်ခုခုသင်ဖို့ပြောတယ်။ တို့မှာ ကျောင်းပြီးသွားတာတောင် သင်လိုက်ရတဲ့ပညာ၊ တက်လိုက်ရတဲ့ သင်တန်းတွေ။ သင်တန်းဆင်းလက်မှတ်တွေသာ ပုံပုံလာတယ်။ ဘာအလုပ်မှလည်း အဆင်မပြေဘူး’’ ဟုမကျေမနပ်ဖြင့်သာ သတိရလျှင် ရပေလိမ့်မည်။ အကြောင်းကား ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေ အတွက် ဘာအလုပ်အကိုင်၊ အခွင့်အလမ်းမှ မည်မည်ရရ မရှိသောကြောင့် ဖြစ်၏။
အထက်က တပည့်လေးက ဆယ်တန်းတွင် ကျောင်းလည်း မှန်မှန်မတက်၊ စာလည်းမကျက်၊ လေပေပြီး အချိန်ဖြုန်းခဲ့သဖြင့် စာမေးပွဲလည်း မအောင်၊ အခြား အတတ်ပညာလည်း မတတ်၍ ယခုသူတစ်ပါး တိုင်းပြည်ထဲ အ လုပ်ကြမ်းသွားလုပ်နေရသည်ကို နောင်တရနေခြင်းဖြစ်၏။ တကယ်တော့ ကျောင်းသား ဘ၀က အချိန်မဖြုန်းဘဲ လိုရာပန်းတိုင်ဖြစ် သည့် ဘွဲ့ဒီဂရီတစ်ခုခုရအောင် ကြိုးစားခဲ့သူတွေ၊ ဘွဲ့ရပြီးနောက် သင်တန်းအမျိုးမျိုး တက်ကာ Certificate တွေ တစ်ပုံကြီးကိုင် ထားသူတွေလည်း ကိုယ့်ပြည် တွင်းမှာ ထိုက်ထိုက်တန်တန် အ လုပ်တစ်ခုရဖို့ဟူသည် သမုဒ္ဒရာ အတွင်းမျောလာသည့် တံပိုးတုံးမှ အပေါက်နှင့် လိပ်ကန်းကြီးတစ် ကောင်၏ ဦးခေါင်း မတော်တဆ သွားစွပ်မိသလို အလွန့်အလွန် ကံထူးမှ ဖြစ်နိုင်ပါ လိမ့်မည်။ မ ဟုတ်လျှင်ကား ဘွဲ့ရများလည်း ဟိုယောင်ယောင်၊ သည်ယောင် ယောင်ဖြစ်ကာ နောက် ဆုံးတော့ ဘွဲ့မရ၊ ဆယ်တန်းမအောင်များ နည်းတူ မလေးထွက်သူထွက်၊ ထိုင်းထွက်သူထွက်နှင့် ထွက်ကုန် ကြလေတော့၏။ တစ်ခုပဲရှိသည်။ ဘွဲ့မရ ဆယ်တန်းမအောင်များ က တရားမ၀င်ထွက်သည်။ ဘွဲ့ရ ပြီးသူများက တရားဝင်ထွက် သည်။ ဒါပဲကွာလေသည်။
ပြီးခဲ့သည့် သီတင်းကျွတ် တုန်းကလည်း ခုလိုပဲ တပည့်လေး တစ်ယောက် လာကန်တော့ဖူးသည်။ သူကတော့ မအူပင်တက္က သိုလ်မှ E.Major ဖြင့် ကျောင်းပြီး ထားသူဖြစ်၏။ ထို့အပြင် ကွန်ပျူ တာဆိုင်ရာ သင်တန်းအတော် များများလည်း တက်ထားပြီးသူ ဖြစ်သည်။ သူက ရန်ကုန်က ကုမ္ပ ဏီကြီးတစ်ခုမှာ အလုပ်သွား လျှောက်သည်။ ဘွဲ့လက်မှတ် မိတ္တူ၊ အောင်မြင်ထားသည့် သင်တန်းလက်မှတ်မိတ္တူများ ပါ လျှောက်လွှာ၌ ထည့်သွင်းတင်ပြ လိုက်သည်။ ကုမ္ပဏီက သူ့ကို ခေါ်၍ အင်တာဗျူးလုပ်သည်။ အင်တာဗျူး တွင် သူ့ကို Radio Wave အကြောင်းတွေ ရှင်းပြခိုင်း သည်ဟုဆို၏။ တပည့်လေးက ‘‘ဆရာရယ် Radio Wave ဆိုတာ ကို ကျွန်တော်တို့က ကြားရုံပဲ ကြားဖူးခဲ့တာ။ ကျောင်းတုန်းက လည်း Physics မှာ မသင်ခဲ့ ရဘူး။ ဆရာသိတဲ့အတိုင်း ကျွန်တော်တို့ ဆီမှာက ကင်မရာတောင် ခုထိ ဖလင်ထည့်ရိုက်တဲ့ ကင်မရာအ ကြောင်းပဲ ကျောင်းမှာသင်ရတာ။ ဒါတောင် စာတွေ့ပဲ။ လက်တွေ့ မပါဘူး။ Radio Wave ဆိုတာကို ကျောင်းမှာမပြောနဲ့။ အပြင်မှာ တောင် ဖွင့်တဲ့သင်တန်းမရှိဘူး ဆရာ။ ကျွန်တော် ဘယ်လိုလုပ် ရှင်းပြနိုင်မှာလဲ။ နောက်ဆုံးတော့ ကျွန်တော် အလုပ်မရခဲ့ဘူးပေါ့ ဆရာ။ ခုတော့ ကိုယ့်တိုင်းပြည်ထဲ အလုပ်ရဖို့ မမျှော်လင့်တော့ဘူး ဆရာ။ အပြင်ထွက်မလားလို့ စိတ်ကူးတယ်’’ ဟု သူကြုံတွေ့နေ ရသည့် အခြေအနေကို ရင်းရင်း နှီးနှီး ရင်ဖွင့်သည်။ ကျွန်တော့်တ ပည့်လေး၏ အဖြစ်က အဓိက ဟင်းခွက်ကြီး ကလည်း ထမင်းမ မြိန်သလို ချက်ထားသည့် အရံ ဟင်းများကလည်း စားမဖြစ်သည့် အခြေအနေမျိုး ဖြစ်နေလေသည်။
ကျွန်တော်ပြောချင်သည်မှာ နိုင်ငံ၏ ပညာရေးစနစ်က ညံ့ဖျင်း ရသည့်အထဲ ထိုညံ့ဖျင်းသည့် ပညာရေး စနစ်ကိုပင် အကြောင်း အမျိုးမျိုးကြောင့် ဆုံးခန်းမတိုင်ခဲ့ ကြသည့် လူငယ်တွေကလည်း အ ရွယ်ရောက်လို့ အသက်မွေးစရာ လုပ်ငန်းကိုင်ငန်းကောင်းကောင်း မရှိ။ သည်တော့ ကိုယ့်နိုင်ငံမှာ ထက် အလုပ်အကိုင် အခွင့်အ လမ်းပေါများသည့် အိမ်နီးချင်း နိုင်ငံတွေဆီထွက်ပြီး အောက်ကျ ခံအလုပ်လုပ်ကြရသည်။ ပညာ ရေးဆုံးခန်းတိုင်ခဲ့သည့် လူငယ်တွေကျတော့ကော။ ကျောင်းတက်နေတုန်းက စာကျက်၊ စာဖတ်သည့် အလုပ် ရှိသေးသည်။ ကျောင်းပြီးသွားတော့ ဘာလုပ်ရမှန်းမသိ။ ဟိုသင်တန်းလိုက်တက်၊ သည်သင်တန်း လိုက်တက်နှင့် သင်တန်းဆင်းလက်မှတ်တွေ တစ်ပုံကြီးကိုင်ပြီး ဘာအလုပ်မှမရ။
နောက်ဆုံးတော့ ပညာရေး ဆုံးခန်းမတိုင်ခဲ့သည့် လူငယ်များ နည်းတူ နိုင်ငံခြားထွက်ဖို့ပဲ စဉ်း စားရတော့ သည်။ သည်တော့ ကိုယ့်နိုင်ငံအတွင်းက ပညာတတ် ရော၊ ပညာမတတ်ရော၊ အား ကောင်းမောင်းသန် လူငယ်မှန်သ မျှ နိုင်ငံခြားချည်း ရောက်ကုန်ကြ တော့သည်။
သည်ပြဿနာက ပေါ့ပေါ့ တန်တန် သဘောထား၍ရသော ပြဿနာမဟုတ်ပါ။ ယခုပင်လျှင် ကျွန်တော်တို့ နယ်မြို့တွေဘက် က ရွာတွေမှာ လုပ်နိုင်ကိုင်နိုင် သည့်အရွယ် လူငယ်တွေ အတော်ရှားသွားပြီဖြစ်သည်။ လယ်တွေ ယာတွေ ရိတ်ချိန်၊ သိမ်းချိန် ဆိုလျှင် ကိုယ့်ရွာနှင့်ကိုယ် အ လုပ်သမား မလုံလောက်၍ အခြား ရွာတွေ လိုက်ရှာနေရသည်။ ဘွဲ့ရလူငယ်များဆိုလျှင်လည်း လစာအပြင် အခြားနည်းဖြင့် ၀င်ငွေရနိုင်သော ဌာနဆိုင်ရာများကိုသာ စိတ်ဝင်စားကြသည်။ အများစုကတော့ နည်းအမျိုးမျိုးဖြင့် အိမ်နီးချင်းတိုင်းပြည်များဆီ ထွက်ရန် သာ အားသန်နေကြသည်။ ထိုထဲ မှ အများစုက ကာယလုပ်ငန်းများ တွင်သာ ဖြစ်သည်။ ဤအတိုင်း သာ ရှေ့ဆက်သွားလျှင် နောင် လေး၊ ငါး၊ ဆယ်နှစ်အတွင်း ကိုယ့် တိုင်းပြည်အတွင်းမှာ အခြား စက် မှုထုတ်ကုန်များကို မဆိုထားနှင့် စပါးစိုက်ပျိုးထုတ်လုပ်ဖို့ပင် ခက် ခဲသွားပေလိမ့်မည်။
သည်တော့ အစိုးရအနေဖြင့် ခေတ်မမီတော့သည့် ပညာရေး စနစ်ကြီးကို အမြန်ဆုံးပြောင်းပစ် ဖို့ လိုပါ သည်။ တိုင်းပြည်အတွက် တကယ်လိုအပ်နေသည့် ကျွမ်း ကျင်လုပ်သားတွေ များများမွေး ထုတ်နိုင်သည့် ပညာရေးစနစ်ဖြစ် မှသာ ပညာရေးက လူငယ်တွေ အတွက် အမှန်တကယ် အကျိုး ပြုနိုင်ပါလိမ့်မည်။ ဒါ့အပြင် ထို လူငယ်များအတွက် သင့်တင့် သည့် လူနေမှုအဆင့်အတန်း ရ စေမည့် အလုပ်အကိုင်အခွင့်အ လမ်းများလည်း ဖန်တီးပေးရပါ လိမ့်မည်။ ကိုယ့်ပြည်တွင်းမှာ စား ၀တ်နေရေးလုံလောက်သည့် အ လုပ်အကိုင် ရှိနေလျှင် ဘယ်လူ ငယ်မှ သူတစ်ပါးတိုင်းပြည်မှာ အောက်ကျခံပြီး သွားအလုပ်လုပ် မည် မဟုတ်ချေ။
ဤသို့မဟုတ်လျှင်ဖြင့် တိုင်း ပြည်၏ အနာဂတ်က မှုန်ဝါးဝါး ပန်းချီကားတစ်ချပ်လိုသာ ဘာမျှ မရေရာ၊ မသေချာဖြစ်နေလိမ့်ဦး မည်ဖြစ်ပေသည်။
7Day Daily
No.383 Monday, May 19, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)