ဝင်ငွေနှစ်မျိုးကို နှိုင်းယှဉ်ကြည့်ခြင်း
စားပွဲထိုးတစ်ယောက်ရတဲ့ ဝင်ငွေဟာ ပြည်သူ့ဘဏ္ဍာကို တရားမဝင်နည်းနဲ့ ရယူနေသူတွေ ဝင်ငွေထက် သန့်စင်နေလို့ ရဲရဲရင့်ရင့်သေနိုင်တယ် ဆိုတဲ့စကားကြားတော့ ‘‘ကျွန်တော် ခွန်အားတွေ ရှိသွားပြီ’’ လို့ လှိုက်လှိုက် လှဲလှဲပြောလာသူက စားပွဲထိုးအမျိုးသားလေးတစ်ဦး။
ညဘက်စားသောက်ဆိုင် တစ်ဆိုင်မှာ မျက်မှန်းတန်းမိတဲ့ စားပွဲထိုးလေးတစ်ဦးနဲ့ မနက်ပိုင်း ရပ်ကွက်ထဲမှာ ဆုံဖြစ်တယ်။ တကယ်တော့ တစ်ရပ်ကွက်တည်း နေကြတာ။ ရပ်ကွက်က လည်းကြီးနှစ်ယောက်လုံး ကလည်း ငယ်မွေးခြံပေါက် ရပ်ကွက်သားတွေမဟုတ်တော့ မသိကြ။ စားသောက်ဆိုင်မှာ မျက်မှန်းတန်းမိရုံ ဆိုတာကလည်း စားသောက်ပြီး ဘောက်ချာရှင်းတဲ့အခါ ပိုတဲ့ငွေလေးအနည်းအကျဉ်း ပေးဖူးတာမျိုးရှိတော့ သူမှတ်မိနေတာဖြစ်မယ်။ ခုလမ်းမှာတွေ့တော့ သူက တရင်တနှီးနှုတ်ဆက်တယ်။ ဒီလိုနဲ့ မကြာခဏလမ်း မှာ တွေ့ဆုံနှုတ်ဆက်ရင်းက ရင်းနှီးလာပြီး အိမ်လိပ်စာတွေ ဖလှယ်ဖြစ်တယ်ဆိုပါတော့။ ပြောချင်တာက တစ်ရက်မှာ ကျွန်တော့်အိမ်ကို သူ ရောက်လာတယ်။ သူရောက်လာခြင်းက ဒီစာရေးဖြစ်ဖို့အကြောင်း ဖန်လာခြင်းလို့ဆိုရမှာပဲ။
သူ့အမည်က မောင်မြင့် အောင်၊ အသက်က (၁၉)နှစ် ကျော်ကျော်၊ မိဘတွေရဲ့ ဆင်းရဲ ခြင်းက သူ့ပညာရေး ကိုခါးပြတ် စေတော့ မိသားစုစားဝတ်နေရေး ကို ရရာအလုပ်ဝင်လုပ်ရင်း ဖြေ ရှင်းခဲ့ရသူ။ လောကမှာ ဒါမျိုးတွေ ဒုနဲ့ဒေးမို့ ထူးဆန်းတဲ့အရာတော့ မဟုတ်။ ဒီထက်ဆိုးတဲ့ဘဝတွေ တောင် မနည်းမနောရှိနေသေး တာဆိုတော့ သူ့ဘဝဖြတ်သန်းပုံ က ရေးကြီးခွင်ကျယ်ပြောပလောက်တဲ့အရာတော့မဟုတ်။ ပြောချင်တာက သူ့ရဲ့ လက်ရှိ အလုပ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ စိတ်ခံစားမှု တိမ်းချော်နေတာ။ ခုလုပ်နေတဲ့ စားပွဲထိုးအလုပ် မှာ ကျင်လည်လာတာ ၂ နှစ်ပြည့်တော့မတဲ့။ လစာက ကျပ် ၅၀,၀၀၀။ သူပြောတဲ့ အောက်စိုက်ငွေနဲ့ပေါင်း လိုက်ရင် အလွန်ဆုံးတစ်လ ကျပ်တစ်သိန်းဝန်းကျင်။ လိုရင်းပြောရရင် ဒီအလုပ်ကို သူမလုပ်ချင်တော့။ အခြား အလုပ်လေးများတွေ့ရင် အသံပြုပါလို့ ကျွန်တော့်ထံ အကူအညီလာတောင်းတာ။ ဒီအလုပ်အပေါ်မှာ သူတကယ်စိတ်ပျက်ငြီးငွေ့နေပုံရတယ်။
‘‘ဘာကြောင့်မလုပ်ချင်တာ လဲ။ ပင်ပန်းလို့လား’’လို့ ကျွန် တော်မေးတော့ သူက ‘‘အောက် ကျလို့’’တဲ့။ ကိုယ်ကလုပ်အား ပေးလို့ တစ်ဖက်က လုပ်အားခ ပြန်ပေးတာ ဘယ်လိုအောက်ကျတာများလဲလို့ ကျွန်တော်ပြန်မေးတော့ သူက ‘‘ကျွန်တော်တို့ရတဲ့ လစာကနည်းတော့ ဧည့်သည် တွေဆီကမျှော်ရတယ်။ သူတို့ ကျေနပ်အောင်အောက်ခြေသိမ်း လုပ်ပေးရတယ်။ အစ်ကိုတို့သိတဲ့ အတိုင်း အရက်ငှဲ့ပေးရ တယ်။ ဆေးလိပ်မီးညှိပေးရတယ်။ ရေ ကုန်ရင်ရေ၊ အရက်ကုန်ရင် အရက် လိုက်ထည့်ပေးရတယ်။ သူတို့မှာတဲ့ အမြည်းနောက်ကျနေရင်လည်း အပြောအဆိုခံရသေးတယ်။ ကျွန်တော်တို့ကလည်း တစ်ဝိုင်း တည်းတာဝန်ယူရတာ မဟုတ်တော့ ဟိုဝိုင်းပြေးလိုက်၊ ဒီဝိုင်းပြေးလိုက်နဲ့။ သူတို့သဘောကျရင်တော့ တစ်ရာကနေ တစ်ထောင်လောက်အထိ ပေးတတ်ကြပါတယ်။ ဒါပေမဲ့ အစ်ကိုရာ အဲဒီလိုကြီးယူရတာကို ကျွန်တော် ရှက်လာတယ်။ မယူရင်လည်း လစာနဲ့က အဆင်မပြေဘူး’’တဲ့။
တစ်ဖက်ကကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူပေးတာကိုယူရ တာ ရှက်လာတယ်ဆိုတော့ အမျိုးသမီး တစ်ယောက်ပြောဖူးတဲ့ သူ့အစ်ကိုဝမ်းကွဲ စည်ပင်ဝန်ထမ်း တစ်ယောက်အကြောင်း သွားသတိရမိတယ်။ သူမပြောပုံ အရ စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနမှာ အကြီးအကဲမဟုတ်ပေမယ့် လုပ်ကိုင်ခွင့်ရှိတဲ့ရာထူးတစ်ခုခုရထားပုံ။ ပင်ရင်းလစာကို မမက်မောလောက်အောင် ဝင်ငွေကောင်း တယ် ဆိုပဲ။သူအရက်မူးပြီးပြန် လာတဲ့နေ့ဆိုရင် အခြေအနေကောင်းပြီတဲ့။ လက်ဆွဲအိတ် အမည်းထဲမှာ ငွေစက္ကူ ထုပ်တွေ မှအပြည့်၊ ဇစ်ဆွဲဖွင့်မရလောက်အောင် အိတ်ကဖောင်းကားနေတတ်သတဲ့။ သူမပြောပုံအရ အဲဒီစည်ပင်ဝန်ထမ်းရဲ့အလုပ်က ပြင်ဆင်ရမယ့်ကားရယ်၊ ကားမောင်းသူရယ်၊ လဲရမယ့်ပစ္စည်းရယ်ကို တွဲပြီး ဓာတ်ပုံရိုက်။ ရိုက်ပြီးသား ဓာတ်ပုံနဲ့တကွ ပြင်ဆင်ခွင့်ရဖို့ ငွေတောင်း။ ပြီးရင်ကားပစ္စည်းဆိုင်သွား၊ လိုအပ်တာတွေဝယ်၊ စက်ပြင်ကိုအပ်ပေါ့။ ဝမ်းကွဲအစ်ကိုရဲ့ အလုပ်အကြောင်းပြောပြီး သူမမှတ်ချက်ပြုပုံက ‘‘စည်ပင်ကားတွေပြင်တယ်သာပြောတာ ကောင်းကောင်းကန်းကန်းတစ်စီး မှမတွေ့ဘူး။ ဟိုနေရာပျက်၊ ဒီနေရာပျက်နဲ့ပါ။ သူ့အိမ်ကတော့ တိုက်အိမ်ဖြစ်နေပြီ။ ကားလည်း တစ်စီးဝယ်ထားပြီးပြီ။ ကားပစ္စည်းရောင်း တဲ့ဆိုင်က စာရေးမလေးနဲ့တောင် ငြိဖူးသေးတယ်’’တဲ့။
အဲဒီဝန်ထမ်းရဲ့ အလုပ်က ရုတ်တရက်ကြည့်ရင် အားကျ စရာ။ စားပွဲထိုးမောင်မြင့်အောင် ကို အဲဒီအကြောင်းပြန်ပြောပြပြီး ‘‘မင်း.. မလုပ်ချင်ဘူးလား’’လို့ မေးလိုက်တော့ သူက ‘‘ဟာ.. ဘယ်လိုမေး လိုက်တာလဲ အစ်ကိုရာ လုပ်ချင်တာပေါ့။ ဒီလောက် ငွေရလွယ်တာကို’’တဲ့။ ပျာပျာသလဲပြန်ဖြေတယ်။ ချက်ချင်းတောင်စိတ်ကူးယဉ်နေမယ့်ပုံ၊ ပြုံးလို့။ မှန်ပါတယ်။ ငွေရလွယ်တာကို လူတိုင်းလိုလို မက်မောကြမှာ ပါ။ ဒါကြောင့်မို့လည်း အဲဒီ စည်ပင်ဝန်ထမ်းရဲ့ တစ်ဦးတည်းသော ညီအရင်းလည်း စည်ပင်ထဲ ဝင်လိုက်ပြန် သတဲ့။ သူလည်းပဲ လစာမမက်တဲ့ ဝန်ထမ်းအဆင့် ဖြစ်နေပြီဆိုပဲ။
ခုခေတ်မှာ လစာကျပ်တစ် သိန်းကျော်ရတဲ့ ဝန်ထမ်းတစ် ယောက်တိုက်ဆောက်၊ ကားစီး နေနိုင်ပြီဆို ကတည်းက သမားရိုး ကျမဟုတ်တာ ပေါ်လွင်နေတယ်။ လုပ်ငန်းသဘောတရားမသိပေမယ့် ကျွန်တော် အနီးစပ်ဆုံးတွက် ချက်မိတာက ပြင်ဆင်ဖို့ဆိုပြီး နေ့ ရှိသရွေ့ ဓာတ်ပုံရိုက်ရိုက်တင်နေတဲ့ ကားတွေက တကယ်ပြင်ဖို့လို အပ်တာလား။ ကားဘီးတွေ အဟောင်းချွတ်ပြီး တကယ်ပဲ အသစ်လဲသလား။ လဲရမယ် ဆိုပြီး ဓာတ်ပုံရိုက်ထားတဲ့ ကားဘီးအဟောင်းကရော တွဲရိုက်ထားတဲ့ ကားဘီးဟုတ်ရဲ့လား။ တကယ် ပြင် တယ်၊ တကယ်လဲတယ်ဆိုရင် လည်း စာရင်းပြတဲ့ပစ္စည်းနဲ့ တကယ်သုံးတဲ့ပစ္စည်းက အမျိုးအစားတူ၊ ဈေး တူနေရဲ့လား။ ပစ္စည်းတူပါတယ်ဆိုရင်ရော အရည်အတွက်တူရဲ့လားဆိုတာပါပဲ။ မလိုအပ်ဘဲ လိုအပ် သယောင်ယောင်နဲ့ ပစ္စည်းအစား ထိုးဓာတ်ပုံရိုက်မယ်၊ ဘောက်ချာမှာ အရည်အသွေးကောင်းပစ္စည်းလို့ စာရင်းပြပြီး လက်တွေ့မှာ အဟောင်းပြန်ထည့်တာ၊ အရည်အသွေးညံ့တွေထည့်တာ။ စက်ပစ္စည်းဆိုက တည်းက နားလည်တတ်ကျွမ်းတဲ့အထက်လူကြီးဆိုတာ ခပ်ရှားရှားလေ။ အောက်က တက်လာတဲ့ စာရင်းစာရွက်ကိုသာ လက်မှတ်ထိုးခွင့်ပြုလိုက်တာ ဘယ်ပစ္စည်းက ဘာဆိုတာသိမှာ မဟုတ်လေတော့ လစာမမက်တဲ့ဝန်ထမ်းတွေရှိနေတာမဆန်းဘူးပေါ့။
အဲဒီလို လစာမမက်တဲ့ ဝန် ထမ်းက ပုဂ္ဂလိကလုပ်ငန်းဆိုရင် ခုလိုစာတစ်တန်ပေတစ်ဖွဲ့ပြော နေစရာ မလိုပါဘူး။ ခုသူက စည် ပင်ဝန်ထမ်း၊ ယူနေတဲ့ငွေတွေက ပြည်သူ့ဘဏ္ဍာတွေ၊ ပြည်သူနဲ့ ဆိုင်နေတော့ ပြောရပြီပေါ့။ ပြည် သူထိခိုက်တယ်၊ နိုင်ငံနစ်နာ တယ်၊ပြည်သူ့ဘဏ္ဍာကိုစာရင်း လိမ်ပြီး ယူနေတာ။ ခုလိုစာရင်း လိမ်ငွေတောင်းခံနေတဲ့ဌာနတွေ များလာလေလေ မြို့တော်စည်ပင် သာယာမှု အားလျော့လေလေ၊ ပြည်သူ့ဘဏ္ဍာငွေနဲ့ပြန်လုပ်ပေးရ မယ့် နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေအား နည်းလေလေပါပဲ။ မြို့တော်စည် ပင်သာယာရေးကော်မတီမှာ မလိုအပ်တဲ့ငွေယိုပေါက်တွေများနေရင် အများပြည်သူ ခံစားခွင့်တွေဆုံးရှုံးလေပါပဲ။ ပြောခဲ့တဲ့ စည်ပင်ဝန်ထမ်းလို ပြည်သူ့ဘဏ္ဍာလိမ်ညာရယူတဲ့ ဝန်ထမ်းမျိုးအခြား ဌာနဆိုင်ရာတွေမှာလည်းရှိ ကောင်းရှိနေနိုင်ပါတယ်။ အဲဒီဝန်ထမ်းမျိုးတွေ ဆက်မွေးနေရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေမှာပဲ။ ဆက်ပြီးတော့ လည်း နိုင်ငံ ချွတ်ခြုံကျနေဦးမှာပဲ။
တကယ်တော့ စားပွဲထိုး လေးရတဲ့ဝင်ငွေဟာ နည်းနေပေ မယ့် ဘယ်သူ့ဆီကမှ လိမ်ညာ လှည့်ဖျားရ ယူထားတာမဟုတ်။ ကိုယ့်ဝန်ဆောင်မှုကောင်းလို့ တစ်ဖက်က ကျေကျေနပ်နပ်ပေး တဲ့ငွေမို့ စောစော ကပြောတဲ့ စည် ပင်ဝန်ထမ်းရဲ့ ချမ်းသာကြွယ်ဝမှု ထက်သန့်ရှင်းတယ်၊ မွန်မြတ် တယ်၊ စိတ်သန့်တယ်၊ လိမ်ညာခိုး ယူပြီးကြီးပွားတာမဟုတ်လို့ ရဲရဲ ရင့်ရင့်လက်မထောင်နိုင်တယ်။ ‘‘ငါ.. ခိုးစားနေတာမဟုတ်ဘူး’’ လို့ ပေါ့။ ဘာသာရေးရှုထောင့်က ကြည့်ရင်လည်း တစ်ဘဝစံမဟုတ် တော့ဘူး။ သံသယကင်းတဲ့စိတ် နဲ့လည်း သေနိုင်တယ်။ မိသားစု လိုအပ်ချက်တွေကို မမှန်မကန် နည်းလမ်းနဲ့ ရှာကြံဖြည့်ဆည်းပေး နေသူ ဟာခံရတော့ တစ်ယောက် တည်းရယ်။ ဘယ်ဇနီးမယား၊ သမီးသားကမှ ဝင်ခံပေးမှာ မဟုတ်ဘူး။
ဇနီးမယား၊ သား၊သမီးတွေကို လုပ်ကျွေးခြင်းဟာ မင်္ဂ လာတစ်ပါးဆိုပေမယ့် ခိုးကျွေးတာဟာ အကုသိုလ် ပါပဲ။ ခိုးသူရော၊ ခိုးရာပါပစ္စည်းစားနေတဲ့ ဇနီးမယား၊ သား၊သမီးတွေရော အကုသိုလ်နဲ့နေထိုင် အသက်ရှင်ကြတာမို့ အားကျအတုယူစရာ မဟုတ်ပါဘူး။
မောင်မြင့်အောင် လက်ရှိ လုပ်နေတဲ့ စားပွဲထိုးလုပ်ငန်းဟာ သူတစ်ပါးစားသောက်လိုတဲ့ အရာတွေကို တည်ခင်းပေးရတဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ သူတစ်ပါး စိတ်ကျေနပ်မှုရအောင် လှိုက်လှဲပျူငှာစွာ ဝန်ဆောင် မှုပေးရတဲ့ လုပ်ငန်းမို့ မွန်မြတ်တယ်။ လူတိုင်းမလုပ်နိုင်။ ကိုယ့်ကြောင့် တစ်ပါးသူ စိတ်ကျေနပ်မှု ရသွားတာ ကိုမြင်ရင် ကိုယ်တိုင်လည်း စိတ်ချမ်းမြေ့မှုရစေတဲ့အပြင် အလုပ်တာဝန်ကျေပွန်ရာလည်း ရောက်ပါတယ်။ ကျွန်တော်ပြောချင်တာက မောင်မြင့်အောင် လက်ရှိလုပ်နေတဲ့ စားပွဲထိုး အလုပ်ကောင်းပါတယ်လို့ ထောက် ခံချင်တာမဟုတ်။လုပ်နေတဲ့ လက်ရှိအလုပ်အပေါ် စိတ်ထားတတ်ဖို့နဲ့ ပြောခဲ့တဲ့ဝင်ငွေနှစ်မျိုး နှိုင်းယှဉ်ရင် မိမိဝင်ငွေက အပြစ်ကင်းတယ်၊ အကုသိုလ်ကင်းတယ်။ တန်ဖိုးရှိတာချင်းလည်း မတူဘူး။ တကယ်တော့ အကုသိုလ်ကင်းနေတဲ့ မိမိဝင်ငွေက သူ့ဝင်ငွေထက်တန်ဖိုးပိုကြီးမားတယ်ဆိုတာကို သူသိစေလိုတာ။ ဒါကြောင့် ပြည်သူ့ဘဏ္ဍာကို တရားမဝင်လုပ်ပိုင်ခွင့်နည်းနဲ့ရ ယူချမ်းသာခြင်းထက် မိမိဝန် ဆောင်မှုကြောင့် တစ်ပါးသူကြည် ဖြူစွာပေးကမ်းစွန့်ကြဲတဲ့ငွေက သန့်စင်နေလို့ ရဲရဲရင့်ရင့်သေနိုင် ကြောင်းပြောပြတော့ မောင်မြင့်အောင် စိတ်ကျေနပ်မှုရကာ ပြန်သွားတော့တယ်။
7Day Daily
No.377 Tuesday, May 13, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)