ထိုင်းတွင် ရစ်ခ်ျတာစကေး ၆ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ


ထိုင်းမြောက်ပိုင်းချင်းရိုင်ပြည်နယ်တွင် ငလျင်ကြောင့်ပျက်စီးသွားသောလမ်းတွင် မေ ၅ ရက်က ကားများ သွားနေစဉ် Photo:AP

ထိုင်းမြောက်ပိုင်းတွင် မေ ၅ ရက်က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အမျိုး သမီးတစ်ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ရှိ ဘေးအန္တရာယ် ကာကွယ်ရေး နှင့် လျော့ပါးရေးဌာန တာဝန်ရှိသူတစ်ဦးက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

ပြင်းအား ရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်တစ်ခု မေ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်း၌ လှုပ်ခတ် ပြီးနောက် နေအိမ်နံရံ ပြိုကျမှုကြောင့် အသက် ၈၃ နှစ်ရှိ အဆိုပါအမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်ဖန်းခရိုင်ရှိ ပျက်စီးသွားသော လမ်းမတစ်ခုပေါ်တွင် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်ကို မေ ၅ ရက်က တွေ့ရစဉ် (Photo:AP)

ငလျင်သည် ချင်းရိုင်ပြည်နယ်၏ ဝေးလံခေါင်သီသော ဖန်းခရိုင်တွင် မြေအောက်အနက် ၇ ဒသမ ၄ ကီလို မီတာ(၄ ဒသမ ၅ မိုင်) ကို ဗဟိုပြုလှုပ်ခတ်ပြီး ငလျင်လှုပ်ရှားမှုသည် ဗဟိုချက်နှင့် မိုင်ရာနှင့်ချီဝေးသော ဘန်ကောက်တောင်ပိုင်းနှင့် မြန်မာနိုင်ငံမြို့တော် ရန်ကုန်တို့၌ပင် သက်ရောက်ခဲ့သည်။ ထို့ပြင် ချင်းရိုင် အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀ အကွာရှိ ခရီးသွားအချက်အချာ ချင်းမိုင်မြို့၌လည်း သက်ရောက်ခဲ့ သည်။

ငလျင်ကြောင့် အဆောက်အအုံ မျက်နှာစာများ ကွဲအက်ခဲ့ပြီး ဈေးဆိုင်ခန်းပြတင်းကွဲခဲ့ကာ လမ်းများ ပျက်စီး ခဲ့ကြောင်း၊ ဖန်းခရိုင်တွင် နာရီများစွာ မီးပြတ်ခဲ့ကြောင်း ဒေသခံများက မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ ဖန်းခရိုင်သည် မြန်မာနှင့်လာအိုတို့နှင့် ထိစပ်နေသော နယ်စပ်အနီး ဝေးလံခေါင်သီသော တောင်တန်းဒေ သတစ်ခုဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များအကြား ရေပန်းစားသည်။

ထိုင်းတွင် နိုင်ငံမြောက်ပိုင်း၌ အင်အားနည်းငလျင် မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း အင်အားပြင်း ငလျင် လှုပ်ခတ်ခြင်း ရှားပါးကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မတ်က မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ပြင်းအားရစ်ချတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနှင့် လာအို နယ်စပ်အနီး လူဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး နေအိမ်နှင့် ရုံးအဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။ ယင်းငလျင် လှုပ်ခတ်ရာ အရပ်သည် ချင်းရိုင်နှင့်နီးကပ်ကြောင်း သိရသည်။

Ref:AFP


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်ဒဏ်ခံခဲ့ရသော စတိုးဆိုင် (Photo:AP)


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် ငလျင်ကြောင့်တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော အိမ်တစ်လုံး (Photo:AP)


ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်လှုပ်ခတ်ပြီးနောက်ပျက်စီးသွားသော ဟိုတယ် အဆောက်အအုံတစ်လုံး (Photo:AP)


ထိုင်းမြောက်ပိုင်းချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံတစ်ခု အတွင်းမှ အပြင်ဘက်သို့ လူများထွက်လာပုံ (Photo:AP)


ထိုင်းမြောက်ပိုင်းချင်းရိုင်ပြည်နယ်တွင် မေ ၅ ရက်က ငလျင်ကြောင့်ပျက်စီးသွားသော လမ်းမတစ်ခုတွင် ခရီးသွားဧည့်သည်များ လိုက်ပါလာသောကားများ ဖြတ်သန်းနေစဉ် (Photo:AP)

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...