နည်းပညာသစ် စူပါအားဖြည့် မီးသတ်ဝတ်စုံ



ဩစတြေးလျ နိုင်ငံမှ ဒီဇိုင်းပညာရှင် တစ်ဦးသည် အနာဂတ်ကာလ မီးသတ်သမားများ ဝတ်ဆင်ရန် ရည်ရွယ်ထားသည့် အားဖြည့်ငြမ်းဆင် မီးသတ်ဝတ်စုံ တစ်မျိုးကို မိတ်ဆက် ပြသလိုက်သည်။ ခန္ဓာကိုယ် အပြင်ဘက်မှ ထပ်မံဖြည့်စွက် ဝတ်ဆင်ရမည့် အဆိုပါ ဝတ်စုံသည် မီးသတ်သမားများအား လေးလံသည့် ပစ္စည်းများကို မပင်မပန်းဘဲ သယ်ယူစေနိုင်မည် ဖြစ်သည်။



ဩစတြေးလျသည် နွေရာသီတွင် တောမီးများ လောင်ကျွမ်းမှုကို နှစ်စဉ် ကြုံတွေ့ရလေ့ရှိပြီး မီးသတ်သမား များ အနေဖြင့် တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပင် ဖြစ်သည်။ ယခု ဝတ်စုံကမူ မီးသတ်သမား တစ်ဦးအနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် လူတစ်ဦးချင်းစီကို အလွယ် တကူ သယ်ပိုး ခေါ်ထုတ်လာနိုင်သလို ၎င်းတို့အတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အပိုဆောင်း ပစ္စည်းများကိုပါ သယ်ယူနိုင်လာမည် ဖြစ်သည်။



ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုနိုင်သည့် မီးသတ်အားဖြည့် ဝတ်စုံကို ဖန်တီးခဲ့သည့် ဒီဇိုင်နာ ကန်ချန်းက “တစ်နှစ်တစ်နှစ်ကို ဩစတြေးလျမှာ မီးလောင်မှုပေါင်း (၁၅၅၀၀)လောက် ပျမ်းမျှ ရှိနေတတ်တယ်။ တစ်နှစ်ကို ပျမ်းမျှ လူ(၆၀)လောက်သေပြီး (၉၃၀)လောက် ဒဏ်ရာရတတ်တယ်။ ဆုံးရှုံးမှု တန်ဖိုး က ဒေါ်လာ (၂၅၂)သန်းလောက် ရှိနေတယ်လေ။ အထပ်မြင့်တွေမှာ မီးလောင်တဲ့ အခါမျိုး ဆိုပါတော့။ မီးသတ်သမားတွေက လှေကား အထောက်အကူ ကိရိယာတွေနဲ့ အပေါ်ထိ တက်သွားတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ကယ်ထုတ်ပြီး ကျောပိုးဆင်းလာဖို့ ဆိုတာက အင်မတန်ခက်ခဲတယ်။ အဓိပ္ပါယ်ကတော့ အမြင့်ပိုင်းမှာ မီးလောင်ပြီး ပိတ်မိနေတဲ့ လူတစ်ယောက်ကို ကယ်ထုတ်နိုင်ခြေဟာ ရာခိုင်နှုန်း သုညပဲ” ဟု ပြောကြားခဲ့သည်။



ချန်၏ ဝတ်စုံသည် မီးသတ်သမားများ အထပ်မြင့်သို့ တက်ရောက်ရာတွင် လွယ်ကူအောင် ကူညီပေးပြီး ခြေ ကုပ်မြဲခြင်း၊ ဟန်ချက်ညီခြင်းတို့ကိုလည်း ထောက်ပံ့ပေးမည် ဖြစ်သည်။ “A.F.Aလို့ လောလောဆယ် နာမည်ပေးထားတဲ့ ပြင်ပအားဖြည့်ငြမ်း မီးသတ်ဝတ်စုံက မီးသတ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမြှင့် တင်ပေးတယ်။ အထက်ကို တက်သွားဖို့ လမ်းလျှောက်တာ၊ ပြေးတာ၊ အလေးအပင် ပစ္စည်းတွေကို မယူတာတွေမှာ ပိုပြီး လွယ်ကူသွားစေပါတယ်”ဟု ၎င်းက ရှင်းပြခဲ့သည်။ A.F.A ဝတ်စုံသည် မီးသတ် သမားကိုယ်တိုင် လုံးဝ အားစိုက်စရာ မလိုဘဲ အပိုဆောင်း အလေးချိန် (၉၁)ကီလိုဂရမ်မျှကို သယ်ယူနိုင် စွမ်း ရှိနေသည်။



အဆိုပါ ဝတ်စုံ၏ အလေးချိန်သည် (၂၃)ကီလိုဂရမ်မျှ ရှိပြီး အမြင့်မှာ (၁.၆)မီတာ ဖြစ်သည်။ ဝတ်စုံကို လည်ပတ် မောင်းနှင်ပေးသည့် လစ်သီယမ် ဘက်ထရီသည် (၂)နာရီကြာမျှ Operationr မျိုးအတွက် အသုံးပြုနိုင်မည်ဟု ချန်က ဆိုသည်။ ဝတ်စုံ၏ ဖရိမ်အတွင်းပိုင်းတွင် ထိန်းချုပ် ကွန်ပျူတာစနစ် တစ်ခုကို ထည့်သွင်းထားပြီး အာရုံခံကိရိယာများလည်း တပ်ဆင်ထားကြောင်း သိရှိရသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...