ရန်ကုန်လေဆိပ်တွင် စင်္ကာပူလေကြောင်းလိုင်း ပြေးလမ်းချော်
ရန်ကုန်၊ မဇ္ဈိမ။ ။ စင်္ကာပူမှ ရန်ကုန်သို့ ပျံသန်းလာသည့် စင်္ကာပူလေကြောင်းလိုင်း လေယာဉ်သည် မေလ ၂၁ရက် နံနက် ၉နာရီ ၁၅မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသို့စဉ် ပြေးလမ်းချော် သဖြင့် လေယာဉ် ဆင်းတက်မှုများကို နာရီဝက်ခန့် ရပ်နားခဲ့ရသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဝဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
"အဲဒီဖြစ်စဉ်ကြောင့် နာရီဝက်ခန့် လေယာဉ်ဆင်းတက်မှုတွေကို ထိန်းချုပ်ထားခဲ့ရပါတယ်။ လေယာဉ် ကို တော့ လေယာဉ်ဆွဲကားနဲ့ ဆွဲယူပြီး လေယာဉ်ရပ်နားရာ နေရာမှာ ထားရှိပြီးဖြစ်ပါတယ်။ စင်္ကာပူကို လိုက်ပါမယ့် ခရီးသည် နှစ်ရာကိုတော့ အခြားလေယာဉ်နဲ့ ပြောင်းပေးခဲ့ပါတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
စင်္ကာပူလေကြောင်းလိုင်း Airbus A-110 လေယာဉ်ပေါ်တွင် လေယာဉ်မှူး သုံးဦး အပါအဝင် ဝန်ထမ်း ၁၃ဦး၊ ခရီးသည် ၂၅၂ဦး လိုက်ပါလာပြီး ပြေးလမ်းချော်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း လေယာဉ် မှာ ပြေးလမ်းဘေးကို ညာဘက်ဘီး ကျသွားခဲ့သည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ဆင်းတက်မှုများကို နာရီဝက်ခန့် ထိန်းချုပ်ခဲ့ပြီး လေယာဉ်ကို လေယာဉ်ဆွဲ ကားနှင့် ဆွဲယူကာ လေယာဉ်ရပ်နားရာ နေရာတွင် ထားခဲ့ရသည်။
မေလ ၂၁ရက် ညပိုင်းတွင် စင်္ကာပူက အင်ဂျင်နီယားများနှင့် စစ်ဆေးရေးအဖွဲ့များ လာရောက်မည်ဟုလည်း ဦးရဲထွဋ်က ရေးသားထားသည်။
Mizzima News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)