ကြက်တစ်ကောင်နဲ့ တိုက်မိသွားတဲ့ကားရဲ့ဖြစ်ပုံ



တစ်နာရီ မိုင် ၇၀ နှုန်းနဲ့မောင်းလာတဲ့ ကားတစ်စီးဟာ လမ်းပေါ်က ကြက်တစ်ကောင်ကို တိုက်မိတဲ့အခါ ဒီကြက် ရစရာမရှိ ဖြစ်သွားမယ်လို့တော့ မထင်ပါနဲ့။ ဖြစ်သွားတာက ကားပါ။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ Jiangxi ပြည်နယ် Xinfeng ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သူ့လမ်းကြောင်း ထဲ ဖြတ်ဝင်လာတဲ့ ကြက်နဲ့တိုက်မိလို့ ကားမောင်းလာသူ ၃၁ နှစ်အရွယ် Huang Lingyon က ကားပေါ်က ဆင်းကြည့်မိတဲ့အခါ ကြေမွသွားတဲ့ကားရှေ့ဘက်ထဲ ကြက်က ခေါင်းစိုက်နေတာဖြစ်ပါတယ်။

“ကျွန်တော် ဘရိတ်နင်းလိုက်တယ်။ ကျွန်တော်က တိရိစ္ဆာန်ချစ်တဲ့သူဗျ။ ကြက်ကို ဘာမှမဖြစ်စေချင်ဘူး” လို့ Huang က ပြောခဲ့ပါတယ်။

“ဒါပေမဲ့ နောက်ကျသွားတယ်ဗျ။ အော်သံတော့ ကြားလိုက်တယ်။ ကြက်တော့ သူ့ဘိုးဘွားတွေနဲ့တွေ့ရပြီ လို့ ကျွန်တော် ထင်လိုက်တာ။ ကားကိုရပ်ပြီး အရှေ့ဘက်ကို သွားကြည့်တော့ ကားဘော်ဒီမှာ အပေါက်ကြီးဖြစ်ပြီး ကြက်က ဒီထဲစိုက်နေတယ်”

“သေပြီလို့ထင်လိုက်ပေမဲ့ “ကတော် ကတော်” ဆိုပြီး အသံကြားရလို့ သေချာကုန်းကြည့်ရတယ်။ နည်းနည်း လှုပ်လာပြီး သူ့အမွှေးတွေက ဖွာထွက်နေတယ်။ ဒါကလွဲပြီး သူက အိုကေပဲဗျ “ လို့ Huang က ပြောခဲ့ပါ တယ်။

“ကြက်တွေရဲ့ခံနိုင်ရည်အတွက် တကယ်ကောင်းတဲ့ ကြော်ငြာဖြစ်ပေမဲ့ ကျွန်တော်မောင်းနေတဲ့ကားရဲ့ အရည်အသွေးအတွက်တော့ တကယ်ဆိုးသလို ဖြစ်နေတယ်ဗျာ” လို့ Huang က ပြောခဲ့ပါသေးတယ်။
သူဟာ ဒီပုံနဲ့ဒီအကြောင်းကို အင်တာနက်ပေါ် တင်လိုက်တဲ့အခါ သူ့ရဲ့ကားနဲ့ ကားကုမ္ပဏီကို ဝိုင်းပြောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ Toyota Corolla မှာ တပ်ထားတဲ့ ဒီကားအစိတ်အပိုင်းဟာ ဂျပန်အစစ်မဟုတ်ဘဲ တရုတ်ကော်ပီသာဖြစ်ကြောင်း ကားကို ရောင်းခဲ့တဲ့ အရောင်းကိုယ်စားလှယ် က ဝင်ရှင်းခဲ့ရပါတယ်။

credit …ဖိုးသူတော်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...