အဖွဲ့ဝင်သစ်နဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ် မီအင်မဂဲလ် အဖွဲ့

လွင်မာထွန်း
 
Me N Ma Girls အဖွဲ့၏ လက်ကျန် အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် အမွန်း နှင့် ခေမီ တို့ကို ယခင်သီတင်းပတ် က တွေ့ရစဉ်။ ဓါတ်ပုံ - အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ဝင်တွေ တဖြုတ်ဖြုတ်လျော့သွားခဲ့တာမို့ အဖွဲ့သူနှစ်ဦးနဲ့သာ လှုပ်ရှားနေတဲ့ Me N Ma Girls အဖွဲ့ဟာ အခုမေလထဲမှာပဲ အဖွဲ့ဝင်သစ်တစ်ဦးကို ထည့်သွင်း လိုက်တယ်လို့ လက်ရှိ အဖွဲ့သူ တစ်ဦးဖြစ်တဲ့ အမွန်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အဖွဲ့ဝင်အသစ်ရဲ့အမည်က မွိုင်းမွိုင်းဖြစ်ပြီး အဖွဲ့အင်အားပိုပြီးတောင့်တင်းအောင် ရည်ရွယ်ချက်နဲ့ လက်ခံဖြစ် ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

"အစောပိုင်းကတည်းက အမွန်းတို့အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ချင်လို့ လာပြောထားတဲ့ ကောင်မလေးတွေ ရှိပါတယ်။ အသံစစ်ဆေးတာတွေတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ လာပြောထားတဲ့လူတွေထဲကမှ အမွန်းတို့လည်း အမြဲမြင်နေတွေ့နေပြီး၊ အဖွဲ့နဲ့အဆင်ပြေမယ်လို့ထင်ရတဲ့ မွိုင်းမွိုင်းဆိုတဲ့ ကောင်မလေးကို အဖွဲ့ဝင်အသစ် အဖြစ် ရွေးလိုက်တာပါ။ အမွန်းတို့ပဲဆုံးဖြတ်တာ မဟုတ်ပါဘူး။ အမွန်းတို့ရဲ့ပရိုဂျူဆာ Daniel Hubbert ကိုလည်း သေချာပြောပြပြီး သူသဘောတူပြီးနောက်မှ အခုလို အဖွဲ့ဝင်အသစ် တိုးဖြစ်တာပါ" လို့ အမွန်းက ပြောပါတယ်။

Me N Ma Girls အဖွဲ့ကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ခေမီနဲ့အမွန်းတို့ အပြင် ချာချာ၊ ဝေနှင်းနဲ့ ထိုက်ထိုက်တို့လည်း ပါဝင်ခဲ့ကြပါတယ်။အဖွဲ့နဲ့ ဒီသုံးဦးလက်တွဲဖြုတ်ပြီးတဲ့နောက် ဒီနှစ်အစောပိုင်းကစလို့ Me N Ma Girls အဖွဲ့ဟာ အဆိုတော်နှစ်ဦးတည်းနဲ့ သာရပ်တည်လာခဲ့တာဖြစ် ပါတယ်။

"ခေမီတို့ကို ပရိသတ်တွေက အဖွဲ့လိုက်အနေနဲ့ပဲ သတိထားမိကြတာဆိုတော့ အဖွဲ့ဝင်နှစ်ယောက်ထဲ နဲ့ ရှေ့ဆက်ဖို့က သိပ်အဆင်မပြေဘူး ထင်တာနဲ့ ပိုပြီးအင်အားတောင့်တင်းအောင်လို့ အဖွဲ့ဝင်အသစ် တိုးလိုက်တာ ပိုကောင်းလာမယ် ထင်ပါတယ်" လို့ စတင်ကတည်းက ဒီနေ့အထိ အဖွဲ့နဲ့ လက်တွဲနေသူ တစ်ဦးဖြစ်တဲ့ ခေမီက ဆိုပါတယ်။

မွိုင်းမွိုင်းဟာ ယူရေနီယံအကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အကပိုင်းရော၊ အဆိုပိုင်းမှာပါ ကျွမ်းကျင် သူဖြစ် တာကြောင့် ရွေးချယ်ခဲ့တာဖြစ်ပြီး အဆိုပိုင်နိုင်ဖို့နဲ့ တခြားတိုးတက်မှုတွေကိုတော့ လေ့ကျင့်မှုတွေပြုလုပ်ရင်း သင်ကြားပေးသွားမယ်လို့ အမွန်းက ဆိုပါတယ်။


Myanmar Times
Friday, 16 May 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...