အငြင်းပွားဖွယ် ပါဝင်ပစ္စည်းတစ်မျိုးကို Coca Cola ဖယ်ရှားသွားမည်



ကမ္ဘာကျော် အဖျော်ယမကာ လုပ်ငန်းစုကြီး Coca Cola အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များတွင် အသုံးပြုနေ သည့် အငြင်းပွားဖွယ် ပါဝင်ပစ္စည်း တစ်မျိုးကို အပြီးသတ် ဖယ်ရှားသွားတော့မည်ဟု အတည်ပြုခဲ့သည်။ ဘရိုမင်းဓာတ် ဖြည့်စွက်ထားသည့် ဟင်းသီးဟင်းရွက်ဆီ၊ တစ်နည်းအားဖြင့် BVO ကို Coca Cola ၏ ထုတ်ကုန်အချို့တွင် ထည့်သွင်းထားကြောင်း တွေ့ရှိသည့်နောက် ယင်းအခြေအနေအပေါ် ဝေဖန်မှု အမျိုးမျိုး ရှိလာသည်။ BVO ကို မီးလောင်မှုကို တားဆီးသည့် ဓာတ်ပစ္စည်းများ၊ ပလပ်စတစ် ထုတ်လုပ်သည့် လုပ်ငန်းကဲ့သို့ အခြေအနေများတွင် ထည့်သွင်း အသုံးပြုလေ့ ရှိသည်။ Coca Cola Fruit၊ Fanta နှင့် Powerade တို့ကဲ့သို့ ထုတ်ကုန်များတွင် BVO ပါဝင်နေကြောင်း သတင်းများက ဆိုသည်။



BVO သည် အန္တရာယ် ကြီးမားခြင်း မရှိသော်လည်း စားသောက်ကုန်များတွင် ထည့်သွင်းရန် မသင့်တော်ဟု ယူဆခြင်း ခံရသည့် ဓာတ်ပစ္စည်းတစ်ခု ဖြစ်သည်။ မစ္စစ္စပီမှ ဆာရာ ကာဗာနာဆိုသော ဆယ်ကျော်သက် မိန်းကလေး တစ်ဦးက အားကစားသမားများ သောက်သုံးသည့် ဖျော်ရည်အချို့တွင် BVO ပါဝင်နေခြင်းမှာ မသင့်တော်ကြောင်း စတင်၍ စည်းရုံးလှုံ့ဆော်ခဲ့ပြီး သူမကို ထောက်ခံသူ အမြောက်အမြား ရှိလာသည်။ Coca Cola ၏ ခြေလှမ်းသည် အဖျော်ယမကာ လုပ်ငန်းစုကြီး အများအပြားက BVO အပေါ် ဆန့်ကျင်မှုအား အလေးထား အာရုံစိုက်လာသည့် အထောက်အထားသစ်လည်း ဖြစ်လာခဲ့သည်။

Coca Cola သည် ရနံ့စွဲဆီသဖွယ် အသုံးပြုသည့် BVO နေရာတွင် ထင်းရှူးဆီမှ ထုတ်လုပ်သည့် ဂလိုင်စီရော အက်စ်တာဖြင့် အစားထိုးရန် စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။ (၁၉၇၀)ပြည့်နှစ်က အမေရိကန် အစားအသောက်နှင့် ဆေးဝါး စီမံကွပ်ကဲရေး ဌာနသည် BVO အား အစားအသောက်များ တွင် ဖြည့်သွင်း သည့် ပစ္စည်းစာရင်းမှ ကန့်သတ်ခဲ့သော်လည်း အဖျော်ယမကာ ထုတ်လုပ်မှုများတွင် အရည်၏ အပုံ (၁)သန်း၌ BVO (၁၅)ပုံ ထည့်သွင်းရန် ခွင့်ပြုပေးခဲ့သည်။ Coca Cola ၏ ပြိုင်ဘက် Pepsi သည်လည်း ၎င်းတို့၏ ထုတ်ကုန်ဖြစ်သော Gatoradeမှ BVO ထည့်သွင်းမှုကို ယမန်နှစ်အတွင်း စတင်ရပ်ဆိုင်းခဲ့ပြီး အခြားထုတ်ကုန်များတွင်ပါ အသုံးမပြုတော့ရန် အစီအစဉ် ရေးဆွဲနေကြောင်း သိရှိရသည်။

Planet Myanmar Network
May 06 14 - 11:37 AM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...