Spiderman ရုပ်ရှင် ကြည့်ခွင့်မရသဖြင့် အင်ဒိုကလေးငယ်တစ်ဦး သေကြောင်းကြံ
အင်ဒိုနီးရှား နိုင်ငံတွင် Spiderman ဇာတ်ကား ကြည့်ခွင့်မရသည့်နောက် ကလေးငယ်တစ်ဦး မိမိကိုယ် ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဂျကာတာမြို့တော်တွင် (၅)နှစ်အရွယ် ကလေးငယ် တစ်ဦးသည် (၁၉)ထပ် အမြင့်ရှိ အိပ်ခန်းပြတင်းပေါက်မှ ခုန်ချပြီး သေဆုံးသွားကြောင်း ဒေသ ဆိုင်ရာ ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်ရပ်တွင် ဗလန်တီနိုဟုခေါ်သော ကလေးငယ်သည် Amazing Spiderman 2 ဇာတ်ကားသစ် ရုံတင်နေသည်ကို ပြသရန် မိဘများအား ပူဆာခဲ့သည်။ သို့သော်လည်း မိခင်ဖြစ်သူ အသက်(၂၄)နှစ်အရွယ် မိခင်ဖြစ်သူ အီဗာက သား၏ တောင်း ဆိုမှုကို ငြင်းဆန်ခဲ့သည်။ ထိုအခါ ကလေးက အခန်းထဲတွင် သော့ခတ်နေခြင်းဖြင့် ဆန္ဒပြခဲ့ပြီး ထို့နောက် တွင်မူ ပြတင်းပေါက်မှ ခုန်ချသွားခြင်း ဖြစ်သည်။

အီဗာက ဗလန်တီနို ခုန်ချသွားသည့် အချိန်တွင် သူမသည် သော့ပိတ်ထားသည့် အခန်းတံခါးကို ဖွင့်နိုင်ရန် အားထုတ်နေဆဲဟု ရဲများထံ ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့ အနေဖြင့် ကလေးငယ်သည် မတော်တဆ ပြုတ် ကျခြင်းလော၊ ၎င်းအားကျသည့် Spiderman ကဲ့သို့ ပျံဝဲနိုင်မည်ဆိုသော အယူအဆဖြင့် ခုန်ကျ သွားခြင်းလော ဆိုသည်ကို ကွဲကွဲပြားပြား မသိရသေးချေ။ ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က Amazing Spiderman 2 ဇာတ်ကားကို အင်ဒိုနီးရှားတွင် စတင်၍ ပြသခဲ့ပြီး နိုင်ငံ၏ သမိုင်းတစ်လျှောက် အဖွင့်ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့သည်။

“ဗလန်တီနိုရဲ့ (၁)နှစ်အရွယ် ညီလေး ဗင်ဆန်စီရပ်စ်က တော်တော်လေး ဖျားနေတယ်။ အဲဒီတော့ ဗလန်တီနို ပူဆာတဲ့အတိုင်း သူ့အမေက ရုပ်ရှင်လိုက်မပြနိုင်ခဲ့ဘူး။ ဒါကို သူက အရမ်းစိတ်ဆိုးသွားတယ် ထင်တယ်”ဟု အီဗာ၏ အဆိုကို ကိုးကားပြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆူယူဒီက ပြောကြားခဲ့သ ည်။ ၎င်းက “ကလေးက အဲဒီရုပ်ရှင်ကို အရမ်းကြည့်ချင်နေတယ်။ သူတောင်းဆိုတာကို ငြင်းလိုက်တော့ ဗလန်တီနိုက အခန်းထဲမှာ သော့ပိတ်ပြီး နေနေတယ်လေ”ဟုလည်း ၎င်းက ဆိုသည်။ ကလေး၏ ရုပ်အလောင်းကို ၎င်းတို့နေထိုင်ရာ တိုက်၏ အောက်ထပ်ရှိ မုန့်ဆိုင်တန်း အမိုးပေါ်တွင် တွေ့ရှိခဲ့ရကြောင်း လည်း သတင်းများက ဖော်ပြသွားသည်။ အီဗာ၏ အဆိုအရ ဗလန်တီနိုက မိမိသည် Spidermanကဲ့သို့ အမြင့်မှ ပြုတ်ကျလျှင်လည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ရုန်းထနိုင်သည်ဟု စိတ်ကူးယဉ်နေလေ့ ရှိတတ်ကြောင်းလည်း သိရှိရသည်။
Planet Myanmar Network