အာရှစမတ်ဖုန်း ဘီလူးကြီး ဖြစ်လာနိုင်သည့် Xiaomi

Xiaomiသည် တရုတ်နိုင်ငံ ပြင်ပတွင် လူသိနည်းသည့် အမည်တစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်လွှမ်းမိုးထားသည့် Appleနှင့် Samsungတို့ကို စိန်ခေါ်မည့် အာရှအခြေ စိုက် ကုမ္ပဏီ တစ်ခုအဖြစ် ကျွမ်းကျင်သူများ၏ မျှော်လင့်စောင့်ကြည့်ခြင်းကို ခံနေရသည်။ လျင်လျင်မြန်မြန် တိုးတက်ဖွံ့ဖြိုးလာနေသည့် စမတ်ဖုန်း ထုတ်လုပ်မှု ကုမ္ပဏီသည် ဈေးနှုန်းနည်းပါးပြီး စွမ်းဆောင်ရည် အဆင့်အတန်း မြင့်မားသည့် ဟန်းဆက်များဖြင့် ဈေးကွက်ကို ထိုးဖောက်ရန် အသင့်ရှိနေပြီဟု သိရသည်။



ယခုနှစ် ပထမဆုံး (၃)လအတွင်း၌ Xiaomi သည် Apple အပြင် အာရှတိုက်မှ အခြားနာမည်ကျော် အမှတ် တံဆိပ် အချို့ဖြစ်သည့် Huawei၊ Sony တို့ကို ကျော်တက်ကာ တရုတ်နိုင်ငံ၏ စမတ်ဖုန်းဈေးကွက် ဝေစု ခွဲဝေမှု တတိယနေရာထိ ရောက်ရှိလာခဲ့သည်။ Samsung သည် တရုတ်ဈေးကွက်၏ (၁၈)ရာခိုင်နှုန်းကို ချုပ်ကိုင် ဦးဆောင်နေပြီး Lenovo က (၁၂)ရာခိုင်နှုန်းဖြင့် Xiaomi ၏ အထက်တွင် ရှိနေသည်။ Xiaomi သည် (၂၀၁၃)ခုနှစ်အတွင်းက စမတ်ဖုန်း အလုံးရေ (၁၈.၇)သန်းထိ ရောင်းချနိုင်ခဲ့သည်။ ကုမ္ပဏီသည် ယခုနှစ်တွင် ဖုန်းအလုံးရေ သန်း(၆၀)ထိ ရောင်းထွက်ရန် လျာထားပြီး (၂၀၁၅)ခုနှစ်တွင် ဖုန်းအလုံးရေ သန်း(၁၀၀)ထိ ရောင်းထွက်ရန် မျှော်လင့်ထားသည်။



အဓိကအားဖြင့် အဆင့်မြင့် နည်းပညာများ အသုံးပြုထားသော်လည်း နာမည်ကျော် အမှတ်တံဆိပ်များ ထက် ဈေးနှုန်းလျော့နည်းသည့် ဟန်းဆက်များ ထုတ်လုပ်နိုင်ခြင်းကြောင့် Xiaomi ကို လူအများ လက်ခံမှု တဖြည်းဖြည်း ကျယ်ပြန့်လာခြင်း ဖြစ်သည်။ နည်းပညာ သုတေသန ဌာနတစ်ခုဖြစ်သည့် IDC က တရုတ်နိုင်ငံ ပြင်ပတွင် တန်ဖိုးနည်းပြီး စွမ်းဆောင်ရည် မြင့်မားသည့် စမတ်ဖုန်းများကို တောင်းဆိုသောဈေး ကွက် ကျယ်ပြန့်လာခြင်းက Xiaomiကို  ဖိတ်ခေါ်နေသည့်နှယ် ရှိနေကြောင်း သုံးသပ် မှတ်ချက်ပြုခဲ့သည်။ ကမ္ဘာပေါ်တွင် ဒေါ်လာ(၁၀၀)အောက် တန်ဖိုးရှိ ဟန်းဆက်များ ရောင်းချရမှုသည် မိုဘိုင်းလ်ဖုန်း ရောင်းချ မှု ဈေးကွက်ကြီး တစ်ခုလုံး၏ ထက်ဝက်နည်းပါး၌ အကျုံးဝင်နေသည်။


(Xiaomi ၏ တန်ဖိုးမြင့်စမတ်ဖုန်း Mi3 နှင့် တန်ဖိုးနည်း စမတ်ဖုန်း Redmi)

“အာရှဈေးကွက်မှာ နောက်ဆုံးပေါ် နည်းပညာတွေကို ထိတွေ့ချင်ပေမယ့် ငွေကြေးအကန့်အသတ် ရှိနေတဲ့ လူငယ်လူရွယ်ထုကြီးက လူတန်းစား တစ်ခုအနေနဲ့ ပေါ်လာတယ်လေ”ဟု Euromonitor Internationalမှ သုံးစွဲသူ အီလက်ထရောနစ် နည်းပညာ သုတေသီ မိုင်ကိုလာ ဂိုလော့ဗ်ကိုက မှတ်ချက်ပြုခဲ့သည်။ Xiaomi သည် အခြားသော စမတ်ဖုန်း နာမည်ကျော် ကုမ္ပဏီကြီးများကဲ့သို့ ကြော်ငြာကဏ္ဍတွင် ဖောဖော သီသီ ငွေကြေး မသုံးစွဲသလို လက်လီဖြန့်ဖြူး ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ခြင်း မရှိသည့်အတွက် အသုံး စရိတ် နည်းပါးသည်။

ယင်းအစား Social Mediaများမှသာ Xiaomiဖုန်းအတွက် ပရိသတ်များကို စုဆောင်းရယူလေ့ ရှိသည်။ ဝယ်ယူသများကလည်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဟန်းဆက်များကို တိုက်ရိုက် မှာယူလေ့ ရှိကြောင်း သိရသည်။ Xiaomi၏ တန်ဖိုးနည်း မော်ဒယ်လ်ဖြစ်သည့် Redmiဖုန်းသည် (၁၃၅)ဒေါ်လာမျှသာ ကျသင့်ပြီး ဒေါ်လာ(၃၅၀)ဝန်းကျင် တန်ဖိုးရှိသည့် Samsung Galaxy S3ကို စွမ်းဆောင်ရည်ချင်း ယှဉ်နိုင် သည်။ Xiaomi ကို တန်ဖိုးကြီး စမတ်ဖုန်း အမျိုးအစားအဖြစ်လည်း ထုတ်လုပ်ထားပြီး Mi3 ဟု အမည် သတ်မှတ်ထားသည်။ Xiaomi Mi3 စမတ်ဖုန်းကို (၃၃၉) ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး ဒေါ်လာ တစ်ထောင်ကျော် တန်ဖိုးရှိသ်ည့် Galaxy S5နှင့် iPhone 5Sတို့ကို ယှဉ်ပြိုင်ရန် ရည်ရွယ် ထုတ်လုပ် ထားခြင်းဟု ဆိုသည်။ Xiaomiဖုန်းများတွင် Google၏ Androidကိုပင် အဓိက OSအဖြစ် အသုံးပြုလေ့ ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
May 12 14
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...