နေ့စဉ် ခရီးသွားများ၏ စိုးရိမ်မှုကို မြင့်တက်လာစေသည့် ယာဉ်မောင်းများနှင့် မိုဘိုင်းဖုန်း အသုံးပြုမှု ပြဿနာ
အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ယာဉ်မောင်းများ အားလုံး text message အသုံးမပြုရဆိုသည့် တားမြစ်ချက် တစ်ရပ်ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့က ထုတ်ပြန်ခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံမှ ယာဉ်မောင်းများသည်ယာဉ် မောင်းနှင်နေစဉ် အချိန် မိုဘိုင်းဖုန်းများကို အသုံးပြုကြခြင်းဖြင့် ခရီးသည်၏ စိုးရိမ်မှုများကို နေ့စဉ်မြှင့်တင်ပေး လျက် ရှိနေသည်။
ကားမောင်းနှင်နေစဉ်နှင့် တပြိုင်နက် မိုဘိုင်းဖုန်း များကို ငါးမိနစ်ထက်ပိုမို၍ ပြောဆိုနိုင်ခြင်း၊ text message များကို ပေးပို့ခြင်းတို့ကို ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော လိုင်းကားနှင့် တက္ကစီယာဉ်မောင်းများက ၎င်းတို့ကိုယ်ကိုယ် ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြ သူများဟု ထင်မြင်နေကြသည်။
အဆိုပါယာဉ်မောင်းများ မောင်းနှင်သော ယာဉ်များကို စီးနင်းလိုက်ပါရသော ခရီးသည်များမှာမူ ယာဉ်မောင်း၏ မိုဘိုင်းဖုန်းအပေါ် အလေးပေးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ကြိုတင် တွေးဆကာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေကြရသည်။
ယင်းအခြေအနေများသည် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော လိုင်းကားများနှင့် တက္ကစီများကို အသုံးပြုနေကြရသည့် ခရီးသည်များအားလုံး နေ့စဉ်ကြုံတွေ့နေကြရသည့် နည်းပညာထုတ်ကုန်များ၏ နောက်ဆက်တွဲ အကျိုးဆက် လူမှုပတ်ဝန်းကျင်မှ ပြဿနာများပင်ဖြစ်သည်။
ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းနှင့် လိုင်းကားယာဉ်မောင်း အများစု၏ ကားမောင်းနှင်နေစဉ် အချိန်တွင် ၎င်းတို့၏အလုပ်ထက် စမတ်ဖုန်းများအပေါ်ကိုသာ ပိုမိုအာရုံစိုက်နေကြသည့်အပြုအမူများကြောင့် ခရီးသည်များ၏ စိုးရိမ်မှုများ နေ့စဉ်နှင့်အမျှမြင့်တက် လာသည်။
မြန်မာနိုင်ငံတွင် စမတ်ဖုန်းအသုံးပြုမှု တိုးတက်လာပြီးနောက်ပိုင်း၌ နည်းပညာဆိုင်ရာ ထုတ်ကုန်များ၏ လွှမ်းမိုးမှုများကြောင့် လူမှုပတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှ အမျိုးမျိုးသော လူမှုပြဿနာများကိုလည်း ကြုံတွေ့နေကြရကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ဆိုကြသည်။
မြို့တွင်းပြေးဆွဲနေသော လိုင်းကားများနှင့် တက္ကစီများကို နေ့စဉ်အသုံးပြုနေရသည့် ခရီးသည်ဆယ်ဦးတွင် ဆယ်ဦးလုံးက ကားမောင်းနေစဉ်အတွင်း ယာဉ်မောင်းများ ဖုန်းအသုံးပြုသော အခြေအနေမျိုးနှင့် ကြုံတွေ့ဖူးကြသည်ဟု ဖြေကြားကြသည်။
ထိုအချက်က မြန်မာနိုင်ငံတွင် ယာဉ်မောင်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ယာဉ်မောင်းနေစဉ် အချိန် အတွင်း မိုဘိုင်းဖုန်းများကို အသုံးပြုနေကြခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က သုံးသပ်ပြောကြားသည်။
“ကားမောင်းနေတဲ့အချိန် ဖုန်းအသုံးပြုတဲ့ ယာဉ်မောင်းရာခိုင်နှုန်း ဘယ်လောက်ရှိလဲဆိုတာကို စစ်တမ်း ကောက်ထားတာတွေ မရှိပေမယ့် ရာခိုင်နှုန်းတော်တော်များများက ဒီလိုအပြုအမူတွေကို ပြုမူနေ တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ယာဉ်မောင်းအချို့ရဲ့ အခုလို အပြုအမူတွေက ခရီးသည်တွေရဲ့စိတ်ကို လုံခြုံမှုမပေးတဲ့ အခြေအနေမျိုးပါ"ဟု နေ့စဉ်တက္ကစီ အသုံးပြုနေရသည့် သံရုံးဝန်ထမ်းအမျိုးသမီး တစ်ဦးကလည်း သူမ၏ အတွေ့အကြုံကိုပြောသည်။
Bluetooth ကဲ့သို့သော လက်ဖြင့်ကိုင်တွယ်ပြီး ဖုန်းပြောရန်မလိုသည့် နည်းပညာထုတ်ကုန်များသည် မြန်မာနိုင်ငံတွင် အချိန်အနည်းငယ်သာ ခေတ်စားခဲ့သည်။ နိုင်ငံတကာတွင် ယနေ့အချိန်ထိ ကားမောင်း နေစဉ်အချိန် ဖုန်းပြောဆိုခြင်းများကို Bluetooth များဖြင့်သာ အသုံးပြုနေကြဆဲ ဖြစ်သော်လည်း ရန်ကုန်မြို့တွင်း ယာဉ်မောင်းနှင်နေသူ အများစုသည်ကားမောင်းနှင်နေသည့် အချိန်များတွင် စမတ်ဖုန်း များကို အလွယ်တကူ အသုံးပြုနေကြသည်။
တက္ကစီနှင့်လိုင်းကား ယာဉ်မောင်းများ၏ ယင်းကဲ့သို့အပြုအမူများက ရန်ကုန်မြို့တွင်နေထိုင်သည့် ခရီးသည်များကို နေ့စဉ်ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု အဆိုပါ အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသူ အချို့က ပြောသည်။
“တက္ကစီစီးတိုင်းဒရိုင်ဘာ တော်တော်များများ ဖုန်းပြောတာကြုံရတယ်။ လက်တစ်ဖက်နဲ့ကိုင်ပြီး ပြောတော့ ကျွန်မတို့မှာ အရမ်းစိုးရိမ်ရပါတယ်။ တချို့ဆိုကားမောင်းရင်း အချိန်အကြာကြီးပြောတယ်။ ကျွန်မတို့မှာ ဒီလိုအပြုအမူမလုပ်ဖို့ ပြောပိုင်ခွင့်ရှိပေမယ့် မပြောရဲကြဘူး"ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက သူမ၏အတွေ့အကြုံကို ပြောပြသည်။
ပြီးခဲ့သည့်လပိုင်းအတွင်းက အဝေးပြေးယာဉ်လိုင်းတစ်ခု၏ ယာဉ်မောင်းသူကို သက်ဆိုင်ရာယာဉ်လိုင်းမှ အလုပ်မှထုတ်ပယ် ပစ်လိုက်သည့် အရေးယူမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ယာဉ်မောင်းသည် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်ကိုမောင်းနှင်ရင်းနှင့် ၎င်း၏စမတ်ဖုန်းဖြင့် အင်တာနက်အသုံးပြုနေခြင်း ကိုမြင်တွေ့ခဲ့သည့် ခရီးသည်တစ်ဦးက ဓာတ်ပုံဖြင့်မှတ်တမ်းတင်ပြီး လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ပေါ်သို့တင်ခဲ့ခြင်းကြောင့် ယင်းသို့အရေးယူခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါအကြောင်းအရာ၏ နောက်ဆက်တွဲအနေဖြင့် အဝေးပြေးယာဉ်မောင်းများအား လုပ်ငန်းချိန် အတွင်း ဖုန်းအသုံးမပြုရသည့် တားမြစ်ကြေညာချက်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
မိုဘိုင်းဖုန်းအသုံးပြုမှု တိုးတက်လာခြင်း နောက်ပိုင်းတွင် ယင်းပြဿနာများကို နေ့စဉ်ခရီးသွား ပြည်သူများက ခံစားလာရခြင်းဖြစ်သည်။
“အခုနောက်ပိုင်း လိုင်းကားဒရိုင်ဘာတွေလည်း ဖုန်းတွေပြောပြီး ကားကိုမောင်းလာကြတယ်။ ကျွန်မတို့ ခရီးသည်တွေမှာ နေ့တိုင်းလိုလို အထိတ်တလန့်နဲ့ ကားတွေကိုစီးနေကြရတယ်။ ဘယ်တချက်မှာ ဘယ်လို အန္တရာယ် ကြုံမလဲဆိုတာတွေးပူနေရတယ်" ဟု နေ့စဉ်ပြေးဆွဲနေသော မြို့တွင်းယာဉ်လိုင်းများကို အသုံးပြုနေရသည့် ပုဂ္ဂလိဘဏ်လုပ်ငန်းတစ်ခုမှ ဝန်ထမ်းအမျိုးသမီး တစ်ဦးဖြစ်သော မကေသွယ်ချိုက လည်း အထက်ပါအတိုင်းပြောသည်။
ခရီးသည်များ၏ အသက်အန္တရာယ်ကို တာဝန်ယူမောင်းနှင်နေသည် ယာဉ်မောင်းအများစု၏ ထိုအပြုအမူ များကို သက်ဆိုင်ရာဌာနများမှ တာဝန်ယူထိန်းချုပ်ပေးခြင်း မရှိခြင်းကိုလည်း ခရီးသည်များက မေးခွန်း ထုတ်လာကြ ပြီဖြစ်သည်။
“ဖုန်းကိုပဲအာရုံစိုက်ပြီး ယာဉ်မတော်တဆမှုများ ဖြစ်လာခဲ့ရင် ယာဉ်မောင်းကို အရေးယူလို့ရတာက တပိုင်းပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေကို သင်ကြားပေးရမှာက အစိုးရပါ။ အခြေခံလူတန်းစားအများစု နေ့စဉ်ကြုံတွေ့နေရတဲ့ အခုလို အခက်အခဲတွေကို ဘယ်သူက ဂရုတစိုက်အလေးပေးပြီး ဖြေရှင်းပေးမလဲ"ဟု အထက်ပါ အခြေအနေမျိုးနှင့် ကြုံတွေ့ဖူးသူ အစိုးရ ဝန်ထမ်း အမျိုးသားတစ်ဦးဖြစ်သူ ကိုသီဟအောင်က ဆိုသည်။
လိုင်းကား သို့မဟုတ် တက္ကစီယာဉ်မောင်း တစ်ယောက်၏ ကားမောင်းနေချိန်အတွင်း ဖုန်းပြောဆိုချိန် သည် ပျမ်းမျှအားဖြင့် သုံးမိနစ်ခန့်ရှိပြီး အချို့သောယာဉ်မောင်းများသည် ငါးမိနစ်ထက်ကြာမြင့်စွာ ဖုန်းကိုပြောဆိုကြသည်ဟု ရန်ကုန်မြို့တွင်း နေ့စဉ်ခရီးသွားအချို့က တညီတညွတ်တည်း ပြောကြားသည်။
အချို့သော ယာဉ်မောင်းများသည် ဖုန်းပြောဆိုခြင်းမဟုတ်ဘဲ ကားမောင်းနှင်နေသည့် အချိန်တွင်ဖုန်းဖြင့် စာများကိုအပြန်အလှန် ပေးပို့ခြင်းများကိုပြုလုပ် တတ်ကြသည်။ ယင်းကဲ့သို့သော အခြေအနေများသည် စီးနင်းလိုက်ပါလာသည့် ခရီးသည်များ၏ စိုးရိမ်စိတ်များကို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားစေ သည်။
“ကျွန်တော်ကတော့ ကားမောင်းနေတဲ့ အချိန်မှာ တစ်ခါတရံဖုန်းကို သုံးဖြစ်တယ်။ တစ်ခါ ကားမောင်းနေ ရင်း ဖုန်းပြောနေတာမှာ ဖုန်းကိုအာရုံစိုက်မိလိုက်လို့ မတော်တဆဖြစ်ဖို့ အခြေအနေကနေ လက်မတင် လေး လွတ်ခဲ့ရတယ်။ နောက်ကခရီးသည်လည်း အရမ်းစိတ်ပူသွားတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော့် ဘက်က ကားမောင်းနေရင်း လက်နဲ့ကိုင်ပြီး ဖုန်းပြောတာကို လုံးဝမလုပ်တော့ဘူး" ဟုရန်ကုန်မြို့နေ တက္ကစီယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုသန့်စင်ဦးက ပြောသည်။
မြို့တွင်းပြေးဆွဲနေသော လိုင်းကားများမှ မောင်းနှင်သူအချို့သည် အခြားလိုင်းကားများနှင့် ပြေးဆွဲချိန် ကွာဟချက်များကို ဖုန်းဖြင့်ဆက်သွယ်ပြီး လုပ်ကိုင်လာကြခြင်းကို လိုင်းကားအသုံးပြုသူ နေ့စဉ်ခရီးသည် များက ကျေနပ်မှုမရှိကြတော့ပေ။
“ဘယ်လိုင်းကားက ဘယ်ကားဂိတ်ကို ရောက်နေပြီလဲဆိုတာ ကားမောင်းနေရင်း မကြာခဏ ဖုန်းနဲ့ လုပ်နေကြတယ်။ ကားမောင်းနေရင်း ဖုန်းပြောလို့ ကားကိုဂရုစိုက်ပြီး မောင်းလိုက်တာမျိုးလည်း မဟုတ်ဘူး။ ဖုန်းကတစ်ဖက် ကားကတစ်ဖက်နဲ့ အမြန်နှုန်းကိုလည်း မလျှော့ဘဲမောင်းနေကြတာ။ ခရီးသည်တွေမှာ စိတ်ဖိစီးမှုကိုနေ့တိုင်း ရနေရတယ်" ဟု အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ဆိုသည်။
နည်းပညာထုတ်ကုန်များ၏ လွှမ်းမိုးမှုကြောင့် လူမှုပတ်ဝန်းကျင်တွင် တိုးတက်ပြောင်းလဲနေသည့် ကဏ္ဍ အများအပြား ရှိနေခြင်းနှင့်တပြိုင်နက်တည်းတွင်ပင် မဖြစ်မနေသုံးစွဲရန် လိုသည့်နည်းပညာများကို သုံးစွဲသည့် အလေ့အထသည် ပြည်တွင်း၌အားနည်းနေဆဲဖြစ်သည်ဟု ကွန်ပျူတာပညာရှင် အချို့က ဆိုကြသည်။
“ကားမောင်းနေတဲ့အချိန် hand free ပြောတဲ့ အလေ့အထတွေ မတွင်ကျယ်သေးဘူး။ အနီးစပ်ဆုံး ကျွန်တော်တို့ နေ့စဉ်ကြည့်ရှုနေရတဲ့ ကိုရီးယားနိုင်ငံရဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေထဲမှာတောင် ဒီလို အလေ့အထနဲ့ ပတ်သက်ပြီး အတုယူသင့်တာတွေ မကြာခဏပါနေပါတယ်။ အစိုးရရဲ့သတိပေး လမ်းညွှန် တာတွေလည်း အရေးကြီးလိုအပ်သလို တစ်ဦးချင်းလုပ်ဆောင်မှုတွေလည်း အဓိကကျပါတယ်" ဟု မြို့တွင်းပြေးဆွဲနေသည့် လိုင်းကားများကို နေ့စဉ်အသုံးပြုနေရသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်းအသုံးပြုမှု တိုးတက်လာပြီးနောက် စမတ်ဖုန်းအသုံးပြုသူ အရေအတွက်သည် နှစ်အနည်းငယ် အတွင်း တစ်သန်းကျော်သော ပမာဏအထိရှိလာသည်။ ထိုကဲ့သို့ စမတ်ဖုန်းအသုံးပြုမှု တိုးတက် လာခြင်းကြောင့် ပြည်တွင်းမှမိုဘိုင်း ဖုန်းအသုံးပြုသူများသည် တိုးတက်ပြောင်းလဲလာသည့် အဆင့်မြင့် နည်းပညာထုတ်ကုန်များနှင့် ပိုမိုရင်းနှီးလာသော်လည်း ယင်းထုတ်ကုန်များ၏ လွှမ်းမိုးခြင်းကို မလွန် ဆန်နိုင်ကြသည့် အခြေအနေတွင် ရှိနေသည်။
“ကားမောင်းနေရင်း ဖုန်းလာရင်မကိုင်ရဘူး ဆိုတဲ့အကြောင်းပြချက် မရှိပါဘူး။ ဒါပေမဲ့ ကားမောင်းနေ ရင်း ဖုန်းလာရင် ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အခြေခံကျတဲ့ သဘောတရားကိုနားလည်ပြီး ကျင့်သုံးမယ် ဆိုရင် ခရီးသည်တွေအနေနဲ့ စိတ်ချလုံခြုံတဲ့ စိတ်အပြည့်နဲ့ရှိမှာပါ" ဟု မကေသွယ်ချိုက ဆိုသည်။ ခရီး သည်များ၏ အသက်အန္တရာယ်ကင်းရှင်းမှုကို တာဝန်ယူမောင်းနှင်နေသည့် ယာဉ်မောင်းများ၏ မိုဘိုင်းဖုန်း အသုံးပြုမှုများကို သက်ဆိုင်ရာဌာနများမှ အသိပညာများပေးရန်နှင့် လျှော့ချပေးရန် အမြန်ဆုံး လိုအပ်နေပြီ ဖြစ်ကြောင်း မြို့တွင်းနေထိုင်သူ ခရီးသွားများက တညီတညွတ်တည်း ဆိုလာကြပြီဖြစ်သည်။
ယုဇနကိုကို

Internet Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)