ပညာရေးမှာ အလှမ်းကျယ်ပြီး အလယ်မလပ် စေချင်ပါ
တစ်ခါက ရန်ကုန် ဘတ်စ်ကား တစ်စီးပေါ်မှာ အပြောအဆို ကြမ်းတမ်း ရိုင်းစိုင်းသော စပယ်ယာ တစ်ယောက်ကို တွေ့ခဲ့ဖူးသည်။ ကားပေါ်ပါလာသည့် ကြီးကြီး ငယ်ငယ် ခရီးသည်မှန်သမျှကို ကြမ်းကြမ်း တမ်းတမ်း ပြောဆို ဆက်ဆံနေခြင်း ဖြစ်၏။ ခရီးသည် တွေကတော့ တုဖက်မပြောချင် သဖြင့် ဘာမျှပြန် မပြော ကြသော်လည်း ထိုစပယ်ယာကို ပြန်၍ ကြည့်သော မျက်လုံးများက မည်မျှ စက်ဆုပ်ရွံရှာ နေကြောင်း အထင်းသား ပေါ်နေသည်။ သည်လိုနှင့် ကျွန်တော် ဆင်းရမည့် မှတ် တိုင်ရောက်၍ ဆင်း လိုက်တော့ အခြားခရီးသည် သုံး၊ လေးဦးလည်း ဆင်းကြသည်။ လမ်းပလက်ဖောင်းပေါ် ရောက်ရောက် ချင်းပဲ ခရီးသည်တစ်ဦးက မှတ်ချက်ချ သည်။ ‘‘တော်တော်ရိုင်းတဲ့ စပယ်ယာကွာ။ ဒီကားစီးမိတာ စိတ်ဆင်းရဲလိုက်တာ’’တဲ့။ အခြားခရီးသည်တစ်ဦးက ထပ်ဆင့်၍ မှတ်ချက်ချသည်။ ‘‘ဆရာကောင်း၊ သမားကောင်းနဲ့ မတွေ့ခဲ့လို့ပေါ့’’တဲ့။
ဒုတိယခရီးသည်၏ မှတ်ချက်စကားကြောင့် ကျွန်တော် စဉ်းစားခန်းဝင်သွားရသည်။ လူမှု ဆက်ဆံရေး ၌ပင် အနိမ့်ဆုံးအဆင့် ယဉ်ကျေးဖွယ်ရာရှိဖို့ ဆရာကောင်း၊ သမားကောင်းနှင့် တွေ့ ဖို့လိုသည်ဆိုလျှင် ကိစ္စမြားမြောင် လူတို့ဘောင်၌ကား ဆိုဖွယ်ရာ မရှိတော့။ ဆရာမွန်၊ ဆရာချွန် တို့ထံ နည်းခံသင်ကြားခွင့် ရသူတို့လူချွန်၊ လူမွန်ဘ၀ရောက်ကြရမည်မှာ မလွဲဧကန်ပါပေ။ ကျောက်သွေးကောင်းသော ကျောက်သွေး ဆရာ လက်ဝယ် ကျောက်ရိုင်းတစ် ပွင့်သည် ပြည်တန်ကျောက်မျက် ဖြစ်လာရသလို ဆရာကောင်း၊ သမားကောင်းတို့၏ သင်ကြားပြသမှုအောက်ဝယ် ကျွန်တော်တို့၏ သားငယ်၊ သမီးငယ်တို့သည် တိုင်းပြည်အတွက် အဖိုးတန် လူ့အရင်းအမြစ်တွေ ဖြစ်လာနိုင်ပါသည်။ သို့အတွက် ပညာရေး၌ ဆရာ၏ အခန်းကဏ္ဍသည် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုချင်ပါသည်။
ဇူလိုင် ၁၅ ရက်ထုတ် 7DayDaily သတင်းစာတွင် ပညာ ရေးနှင့်ပတ်သက်သည့် သတင်း တစ်ပုဒ်ဖတ် ရသည်။ လာမည့် ပညာသင်နှစ်မှစ၍ တက္ကသိုလ် ၀င်တန်းအောင် ကျောင်းသားများအား ပညာရေးဘွဲ့ (B.Ed) ကို အဝေးသင်စနစ်ဖြင့် သင်ကြားပို့ချရန် စီစဉ်နေသည်ဟု ဆို သည်။ သတင်းအရ ကျောင်းသား ဆရာအချိုးကွာဟချက် မြင့်မား နေမှုကို လျှော့ချရန်အတွက် ဤ သို့စီစဉ်ခြင်းဖြစ်ကြောင်း သိရပြီး အငြိမ်းစားပညာရေး ပညာရှင်များက ပြန်လည်စဉ်းစားသုံးသပ်ရန် အကြံပြုထားသည်ဟုလည်း ဆို သည်။ အဝေးသင်ဖြင့် ပညာရေး ဘွဲ့ပေးရန် ဇူလိုင် ၁၄ ရက်က ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူ များနှင့် အငြိမ်းစားပညာရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ စီစဉ်ပြီးမှ တွေ့ဆုံဆွေးနွေးသည် ဆိုသည်မှာ သိပ်တော့ သဘာဝမကျ။ ပညာရှင်များထံမှ အကြံဉာဏ်တောင်းခြင်း မဟုတ်ဘဲ သူတို့ လုပ်မည့် အစီအစဉ်ကို ပညာရှင်များအား ချပြသလို ဖြစ် သည်။
တကယ်ဆိုလျှင် ဆိုင်ရာတာ ၀န်ရှိသူများအနေဖြင့် မစီစဉ်ခင်က တိုင်ပင်ဆွေးနွေး သင့်သည်။ ပညာရေး ကိစ္စသည် တိုင်းပြည်၏ ပင်မ သွေးကြောကြီးဖြစ်သဖြင့် အငြိမ်းစား ပညာရှင်များနှင့်သာမက ပြင်ပက ပညာရှင်များနှင့်ပါ တိုင်ပင်ဆွေးနွေးသင့်သည်။ နိုင်ငံ၏ အနာဂတ်နှင့် ဆိုင်သဖြင့် ဖြစ် နိုင်လျှင် အလုပ်ရုံ ဆွေးနွေးပွဲ သဘောမျိုးလုပ်သင့်လျှင် လုပ်ရပေမည်။ အရည်အချင်းကို မကြည့်ဘဲ အရေအတွက် ပြည့်လျှင်ပြီးရောဟူသည့် သဘောဖြင့် အရှည်ကို မကြည့်ဘဲ ကိုယ့်လက်ထဲ လုပ်ပိုင်ခွင့်ရှိတုန်း လုပ်လိုက် မည်ဆိုလျှင်တော့ ကြားထဲက နစ်နာရမည်မှာ ကလေးများသာ ဖြစ်သည်။ ကလေးများနစ်နာခြင်းသည် တိုင်းပြည်၏ အနာဂတ်သေခြင်းပင် ဖြစ်လေသည်။
ကျွန်တော်တို့ဆီမှာ ပညာ ရေးကို အမျိုးမျိုးသွေးတိုးစမ်းလာ သည်မှာ ကြာခဲ့ပြီ။ ပြောရလျှင် ဆယ်စုနှစ် ငါးခုပင် မကချင်တော့။ သည်လိုစမ်းသပ်ရင်း စမ်းသပ် ရင်းကပဲ တဖြည်းဖြည်း အရည်အ သွေးကျ ဆင်းကာ နိုင်ငံ၏ပညာ ရေးက နိုင်ငံတကာနှင့် ဘယ်လိုမှ မယှဉ်နိုင်သည့် အခြေအနေသို့ရောက်ခဲ့ ရသည်။ ပညာရေးကောင်းလာစေဖို့ လက်တွေ့အ ကောင်အထည် ဖော်ရသော ဆရာ၊ဆရာမများ၏ အရည်အသွေးကို မြင့်သထက် မြင့်အောင် မြှင့်တင် ပေးရမည့်အစား ၁၉၇၅ ၀န်းကျင် ဒေသကောလိပ် တွေ ပေါ်လာပြီး နောက်ပိုင်း ဆယ်တန်းအောင်ပြီး ပညာရေးတက္ကသိုလ် (B.Ed) သို့ တိုက်ရိုက် ၀င်ခွင့်ပေးသည့်စနစ် ကို ဖျက်ပစ်လိုက်သည်။ ဌာန တွင်းမှ လုပ်သက်ရင့်ဘွဲ့ရဆရာ၊ ဆရာမများအား B.Ed စာပေး စာ ယူ ၂ နှစ် သင်တန်းဖြင့် ဘွဲ့ပေး အပ်ကာ အထက်တန်းပြရာထူး တိုးပေးသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ပညာရေးဌာနတွင် ငယ်ရွယ်နုပျိုပြီး ဖျတ်လတ်တက်ကြွ၍ အတွေးသစ်၊ အမြင်သစ်ရှိသည့် ဆရာ၊ ဆရာမသွေးသစ်များ ဆုံး ရှုံးခဲ့ရသည်။
ဆရာအတတ်သင်သိပံ္ပများ တွင်လည်း ယခင်က ဆယ်တန်း (က)(ခ)အောင်၍ လျှောက်ထား သူများထဲမှ စိစစ်ရွေးချယ်ကာ ဆရာအတတ် တစ်နှစ်သင်တန်း တက်ရောက်စေသည်။ သင်တန်း ဆင်းပြီးမှ ဆိုင်ရာ မူလတန်း ကျောင်းများတွင် လက်ထောက်မူ လတန်းပြဆရာအဖြစ် ခန့်ထားခဲ့ သည်။ နောက်ပိုင်းတွင် မူလတန်း ပြဆရာအလုပ်က မီးဖိုချောင်ထဲ ရှိ ဆန်အိုးကို ခြိမ်းခြောက်လာ သဖြင့် ဆရာဖြစ် သင်တန်း တက်ရန် လျှောက်ထားသူ နည်းပါးလာခဲ့သည်။ ဤတွင် ဘွဲ့ရများကို သင်တန်းမရှိဘဲ တိုက်ရိုက်ခန့်သည့် စနစ်ကို ကျင့်သုံးခဲ့ပြန်သည်။ ပြီးမှ မူလတန်းဆရာ အတတ်သင်တန်း၊ အလယ်တန်း ဆရာအတတ် သင်တန်းများကို အလှည့်ကျ တက်စေခဲ့သည်။ တပ်မတော် အစိုးရလက်ထက်တွင် ဆရာအတတ်သင် သိပ္ပံများကို ပညာရေး ကောလိပ်များအဖြစ် ပြောင်းလဲ ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား လျှောက်ထားစေကာ အမှတ်ကန့် သတ်၍ ၀င်ခွင့်ပြုခဲ့သည်။ ပညာရေးဘွဲ့ (B.Ed) ကိုမူ ပညာရေး ကောလိပ်များမှ အဆင့်မီသူများကို ရွေးချယ်၍ တက်ရောက်စေခဲ့သည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ရောက်မှသာ တက္ကသိုလ်ဝင်တန်း အောင် ကျောင်းသား၊ ကျောင်းသူများကို အမှတ်ကန့်သတ်ချက်ဖြင့် ပညာရေးတက္ကသိုလ် (B.Ed) သို့ တိုက်ရိုက်ဝင်ခွင့်ပြုသည့်စနစ်ကို ပြန်လည် ကျင့်သုံးခဲ့ခြင်း ဖြစ်၏။ မဆလ အစိုးရလက်ထက် စီမံခန့် ခွဲမှု အလွဲများကြောင့် ကျောင်းများ၌ အရည် အသွေးပြည့်သည့် ဆရာ၊ ဆရာမများ ခါးဆက်ပြတ် ခဲ့ရာမှ လမ်းကြောင်းမှန်ပေါ်သို့ ယခုမှ ပြန်ရောက်ခါစ ရှိသေးသည် ဟု ဆိုရမည်။ ဒါတောင် ၂၀၀၆ ၊ ၂၀၀၇ ခုနှစ်များတွင် SCET စီမံ ကိန်းဆိုပြီး ကြားဖောက် ၀င်လာ လိုက်သေး၏။ နေ့စားလပေးတွေ ၂ နှစ်ဆက်တိုက်ခန့်ပစ်လိုက်သေး ၏။ ထိုအထဲတွင် အရည် အသွေး မပြည့်သူတွေ မည်မျှပါလာသည် မသိ။ ဌာနထဲရောက်ပြီးမှ ပြန် ထုတ်ပစ်၍လည်း မရ။ ထိုသို့ သော ဆရာ၊ ဆရာမများထံ တပည့်ခံရမည့် ကလေးငယ်များ၏ ဘ၀က သနားစရာကောင်းလှ သည်။
ယခုတစ်ခါ ပညာရေးဘွဲ့ (B.Ed)ကို အဝေးသင်စနစ်ဖြင့် သင်ကြားပေးရန် စီစဉ်ခြင်းသည် လမ်းကြောင်း မှန်ပေါ်ရောက်နေ သော အရည်အချင်းရှိသည့် ဆရာ၊ ဆရာမများ မွေးထုတ်နေ ခြင်းမှ သွေဖည်သွားခြင်း ဟုသာ ဆိုချင်သည်။ ကျောင်းသား၊ ဆရာအချိုးကွာဟချက် မြင့်မားနေမှုကို လျှော့ချရန် ဆိုလျှင်လည်း အခြား နည်းလမ်းစဉ်းစားသင့်သည်။ ဥပမာ-ပညာရေးကောလိပ်များ တိုးချဲ့ခြင်း၊ မြို့ကြီးများမှ ပညာ ရေးကောလိပ်များကို စိစစ်၍ ပညာရေးတက္ကသိုလ်များ တိုးချဲ့ ဖွင့်လှစ်ခြင်း၊ လူချွန်လူမွန်တွေ ပညာရေး လောကထဲ ရောက်လာ အောင် လစာနှုန်းထားကအစ အခြားဝန်ထမ်းများထက် ပိုပေး ခြင်း စသဖြင့် ဆရာ၊ ဆရာမများ ၏ အရည်အသွေးနိမ့်ကျမသွားစေ မည့် နည်းလမ်းများကို စဉ်းစား သင့်သည်ဟု ထင်ပါသည်။ ပညာ ရေးကိစ္စသည် ခုရေတွင်းတူး၊ ခု ရေကြည်သောက်ချင်၍ ရသော ကိစ္စမဟုတ်ပါ။ နှစ်ပေါင်းများစွာ ကျောင်းသားဆရာအချိုးကွာဟ လာသည်ကို ယခုချက်ချင်းကြီး ပြည့်မီသွားချင်၍ မရပါ။ နောက် တစ်ခုက ဆရာ၊ ဆရာမများ လို အပ်နေချိန်တွင် အခြေခံပညာအ ဆင့်ကို ပညာသင်နှစ်ထပ်တိုး မည့် အစီအစဉ်ကိုလည်း ခေတ္တ ဆိုင်းငံ့ထားသင့်ပါသည်။
လက်ရှိ အဝေးသင်ပညာ ရေးစနစ်၏ အခြေအနေကို အမှန် အတိုင်း၊ အရှိအတိုင်း သုံးသပ် ကြည့်သင့် ပါသည်။ ပို့ချချက်စာ စဉ်များကို ကျောင်းသားက ကိုယ် တိုင်မဖြေ။
ကိုယ်တိုင်ဖြေမည်ဆိုသော ကျောင်းသားကိုလည်း အဝေးသင်ဌာန ၀န်ထမ်းများက မကြိုက်။ အနားနီးမှ တစ်လလောက်အနီးကပ်သွားတက်ပြီး ဆရာ၊ ဆရာမများ ဖွင့်သည့် ကျူရှင်တက်၊ လေးငါးဆယ် ပုဒ်လောက် ကျက်ဖြေပြီး ဘွဲ့ရ နေသူတွေက အများစုဖြစ်သည်။ သည်အခြေအနေဆိုးကြီးကို မကု စားနိုင်သေးဘဲ ပညာရေးဘွဲ့ကို အဝေးသင်စနစ် သွားကျင့်သုံး လျှင် နိုင်ငံ၏ပညာရေးသည် အလှူအိမ်က ဟင်းချိုလို အဖတ် ဆယ်မရဖြစ်သွားပေလိမ့်မည်။
ယခုအတိုင်း ပညာရေး ကောလိပ်များ၊ ပညာရေးတက္ကသိုလ်များမှ သစ်လွင်သော ဆရာ၊ ဆရာမများ မွေးထုတ်။ တစ်ဖက်မှာလည်း လုပ်ငန်းခွင်အတွင်းမှ ဆရာ၊ ဆရာမများ မနစ်နာရအောင်B.Ed စာပေး စာယူ သင်တန်းလည်း ထားရှိ။ ပညာရေးအသုံးစရိတ်များကို ယခုထက် ပိုမိုသုံးစွဲပြီးပညာရေး ကောလိပ်များ၊ ပညာရေးတက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်ဆိုလျှင် ဆရာ၊ ဆရာမဟောင်းများနေရာတွင် ဆရာ၊ ဆရာမသစ်လွင်များဖြင့် အစားထိုးပြီး ဖြစ်သွားပါလိမ့်မည်။ ဤသို့ဆိုလျှင် ကျောင်းသား ဆရာ အချိုးကွာဟချက်လည်း တဖြည်းဖြည်း ကျဉ်းမြောင်းသွား မည်ထင်ပါသည်။
ထိုသို့မဟုတ်ဘဲ နှစ်ပေါင်း များစွာ နောက်ကျနေသည်ကို ချက်ချင်းကြီးဖြည့်ဆည်းလိုဇော နှင့် ဖြတ်လမ်းက လိုက်ရန် စဉ်း စားလျှင်ဖြင့် အလှမ်းကျယ်ပြီး အ လယ်လပ်သွားမှာကို စိုးရိမ်မိပါ ကြောင်း စေတနာ ကောင်းနှင့် အကြံပြုအပ်ပါသည်။

မင်းသန်းထိုက် (ဒေးဒရဲ)
7Day Daily
No.446 Monday, July 21, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook