မြွေဟောက်များနှင့် အတူနေထိုင်ရင်း ပျော်ရွှင်နေသည့် (၁၁)နှစ် သမီးလေး
ကာဂျိုလ်ခန်းသည် အိန္ဒိယနိုင်ငံမှ အသက် (၁၁)နှစ် အရွယ် မိန်းကလေးငယ် တစ်ဦ့း ဖြစ်သည်။ သူမ သည် ကျောင်း တက်ပြီး အတန်းဖော် များနှင့် တွေ့ဆုံ ရခြင်းထက် နေအိမ်တွင် ရှိနေသည့် မိတ်ဆွေ များနှင့်သာ ဆော့ကစား လိုသူ ဖြစ်သည်။ သူမ၏ မိတ်ဆွေများ ဆိုသည်မှာ အလွန် အဆိပ်ပြင်းသည့် မြွေဟောက် ကြီးများ ဖြစ်ကြသည်။
အူတာပရာဒက်ရှ်ရှိ ဂါတမ်ပွာမှ မိန်းကလေးငယ်သည် သေဆုံးစေ သည်အထိ အဆိပ်ပြင်းထန်သော မြွေဟောက် ကြီးများ၏ ကိုက်ခဲမှုကို အကြိမ်အချို့ ခံစားခဲ့ရဖူးသည်။ သို့သော်လည်း မိသားစုပိုင် ကုသ နည်း တစ်ရပ်ကြောင့် သူမသည် အသက်မသေဘဲ ပြန်လည် ကျန်းမာလာလေ့ ရှိသည်။ ကာဂျိုလ်သည် အိပ်ခန်းထဲတွင် မြွေဟောက်ကြီးများကို ထားရှိပြီး အတူစား၊ အတူအိပ်သူ ဖြစ်သည်။
“ သမီးက မြွေဟောက်ကြီးတွေနဲ့ နေရတာ အရမ်းပျော်တယ်။ သူတို့ကိုက်ရင် နာတော့ တော်တော် နာတယ်။ ဒါပေမဲ့ တစ်ခါတစ်လေက သမီးက သူတို့ကို သွားစလို့ အကိုက်ခံ ရတာပါ။ သူတို့ကို စရတာ ပျော်စရာကောင်းတယ်”ဟု ကာဂျိုလ်က ဆိုသည်။ သူမ၏ ဖခင်ဖြစ်သူ တာ့ဂ်ျမိုဟာမက်သည် ဂါတမ်ပွာ တွင် မြွေဖမ်းသူတစ်ဦးအဖြစ် (၄၅)နှစ်ကြာ အသက်မွေးခဲ့သူ ဖြစ်သည်။ ၎င်းသည် မြွေများကို ကိုင်တွယ်မှု အတတ်ပညာကို အသက်(၃၁)နှစ်ရှိ သားကြီး ဂါလက်ဘ်ထံ လက်ဆင့်ကမ်း သင်ကြားပေးခဲ့သည်။ သို့သော် ယခုအခါ (၁၁)နှစ်သမီးလေး ကာဂျိုလ်ကပါ မိသားစုအမွေကို ဆက်ခံနိုင်စွမ်း ရှိနေကြောင်း လက်တွေ့ ပြသလာနိုင်ခဲ့သည်။
သူမက ကျောင်းမတက်လိုဘဲ မြွေအလမ္ပာယ် ဆရာမလေး တစ်ဦးသာ ဖြစ်လာရန် ဆန္ဒရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။ “သမီးကျောင်း မသွားချင်ပါဘူး။ မြွေတွေနဲ့ အလုပ် လုပ်ရတာပဲ ကြိုက်တယ်”ဟု ကာဂျိုလ် က ပြောကြားခဲ့သည်။ ကာဂျိုလ်သည် ဝမ်းဗိုက်၊ ပါးနှင့် လက်မောင်းတို့တွင် မြွေဟောက် အကိုက်ခံရ ဖူးသော်လည်း သူမနှင့် အဆိုပါ အဆိပ်ပြင်း တွားသွား သတ္တဝါများကြား ဆက်ဆံရေးသည် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ကာဂျိုလ်သည် မြွေဟောက် ကိုက်ခြင်းခံရ သည့်နောက် အပြင်းအထန် နာမကျန်း ဖြစ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အပြည့်အဝ ပြန်လည်ကျန်းမာ သက်သာလာသည်။
“မြွေဟောက်ကိုက်တာ နာတော့နာတာပေါ့။ ဒါပေမဲ့ သူတို့က သမီးကို နာစေချင်တဲ့ သဘောတော့ မဟုတ်ပါဘူး။ သွေးတွေထွက်လာတာ မြင်ရတော့ သမီး နည်းနည်း ကြောက်သွားသေးတယ်။ ဒါပေမဲ့ ဖေဖေက သမီးကို ကုပေးပါတယ်။ တောထဲကို အမြန်သွားပြီး ဆေးပင်တွေ ယူလာပေးတယ်လေ”ဟု ကာဂျိုလ်က ရှင်းပြခဲ့သည်။ ကာဂျိုလ်၏ ဖခင်သည် မြွေများနှင့် ပတ်သက်၍ အလွန်ကျွမ်းကျင် ဗဟုသုတ ရှိသူတစ်ဦးအဖြစ် ချီးကျူးသတ်မှတ်ခံရသူ ဖြစ်သည်။ ၎င်းသည် နေအိမ်များနှင့် ဆိုင်ခန်းများထဲ ကျူးကျော် ဝင်ရောက်နေသည့် မြွေဟောက်များကို ဖမ်းဆီးပေးလေ့ရှိပြီး မြွေတစ်ကောင်ဖမ်းတိုင်း ဗြိတိန်ငွေ (၁၄)ပေါင်မျှ ဝန်ဆောင်ခကို ရရှိတတ်သည်။
“အိမ်တွေထဲ လမ်းမှားပြီး ဝင်သွားတဲ့ မြွေတွေကို လိုက်ဖမ်းပေးပြီး ဒေသခံတွေကို ကျွန်တော်တို့က ကူညီပေးနေတာပါ။ ကျွန်တော့်အဖေက မြွေဖမ်းတဲ့ ပညာရှင်ပါ။ ကျွန်တော့်အဖိုးလည်း တူတူပါပဲ”ဟု ကာဂျိုလ်၏ဖခင် တာ့ဂ်ျက ဆိုသည်။ ၎င်းက မြွေဟောက်၏အဆိပ်ကို ဖြေနိုင်သည့် ဆေးကို တောထဲတွင် အလေ့ကျပေါက်သည့် အပင်တစ်ပင်၏အရွက်မှ ထုတ်ယူကြောင်း ပြောကြားခဲ့သော်လည်း မည်သည့် အပင် ဆိုသည်ကိုမူ ထုတ်မပြောခဲ့ချေ။ ယင်းသည် မိသားစု မျိုးရိုးစဉ်ဆက် လျှို့ဝှက်ချက် တစ်ခုဟုလည်း သိရသည်။
“လိုအပ်တဲ့ ဆေးပင်ပမာဏကို အချိန်တိုအတွင်း ရနိုင်ဖို့ပဲ လိုတယ်။ ဒါဆို မြွေဟောက်အကိုက်ခံရလည်း ခင်ဗျားအသက်ကို ကယ်နိုင်မှာပဲ။ ကျွန်တော် ဒီလိုနည်းနဲ့ အကြိမ်ကြိမ် အသက်ဘေးက လွတ်ခဲ့တယ်။ ကာဂျိုလ်ကိုလည်း ခဏခဏ ကယ်ခဲ့ဖူးတယ်”ဟု တာ့ဂ်ျက ဆိုသည်။ ကာဂျိုလ်သည် မြွေများနှင့် ပျော်ရွှင် နေ တတ်သော်လည်း သူမ၏ မိခင် ဆယ်လ်မာဘာနိုက သမီးဖြစ်သူကို မြွေအလမ္ပာယ် အသိုက်အဝန်းမှ ထွက်ခွာစေလိုကြောင်း ဖွင့်ဟခဲ့သည်။
“သမီးကို တခြားကလေးတွေလိုပဲ ကျောင်းတက်စေချင်တယ်။ ကျွန်မရဲ့ စိတ်အတိုင်းသာ လုပ်ခွင့်ရမယ် ဆိုရင် အဲဒီမြွေတွေကို ဖယ်ရှားလိုက်ချင်တယ်။ ဒါပေမဲ့ သမီးလေးက မြွေတွေကို ချစ်တယ်လေ။ သမီးလေး စိတ်မကောင်း ဖြစ်သွားအောင် ကျွန်မ မလုပ်ရက်ပါဘူး”ဟု ဆယ်လ်မာက ပြောကြားခဲ့သည်။ သူမက ကာဂျိုလ်အနေဖြင့် ပညာသင်ရန် လုံးဝ စိတ်မဝင်စားဘဲ တစ်နေကုန် မြွေများနှင့် ဆော့ကစား နေခြင်းကိုမူ စိတ်ပျက်ကြောင်း ဝန်ခံခဲ့သည်။ “သမီးကို စာသင်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားပါတယ်။ အိမ်မှာပဲဖြစ်ဖြစ် ပညာသင်ဖို့ပေါ့။ ဒါပေမဲ့ သမီးက မြွေတွေကလွဲရင် ဘာကိုမှ စိတ်မဝင်စားဘူး”ဟု ဆယ်လ်မာက ဆိုသည်။
သူမက ကာဂျိုလ်၏ မြွေများအပေါ် စွဲလမ်းမှုသည် အနာဂတ် ဘဝအပေါ် ထိခိုက် သွားမည်ကိုလည်း စိုးရိမ် လျှက် ရှိသည်။ “တစ်ချိန်ချိန်မှာ သမီးလေးဟာ သင့်တော်တဲ့ ခင်ပွန်းတစ်ယောက် ရှာဖွေရမှာပဲလေ။ ခက်တာက သူက မြွေတွေနဲ့ ကစားဖို့ပဲ စိတ်ကူးနေတယ်”ဟု သူမက ညည်းညူခဲ့သည်။ ကမ္ဘာပေါ်တွင် အဆိပ်ရှိသောမြွေများ ကိုက်ခဲမှုကြောင့် နှစ်စဉ် လူပေါင်း(၅၀၀၀)ဝန်းကျင်မျှ သေဆုံးလေ့ရှိကြောင်း သိရှိရ သည်။
_Ref: Dailymail
7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook