ငှက်ဖျားရောဂါဆိုတာ ဘာလဲ

၁။ ငှက်ဖျားရောဂါဆိုတာ ဘာလဲ။

ပလတ်စမိုဒီယမ်ခေါ်တဲ့ ကပ်ပါးပိုး လူရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်ခြင်းအားဖြင့် ရရှိသော ရောဂါဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖျားကျပြီးနောက် ချွေးများထွက်ခြင်း၊ သွေးအားနည်း ခြင်း၊ အသားဝါခြင်း၊ ဘေလုံးကြီးခြင်း၊ အသည်းကြီးခြင်းစတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ငှက်ဖျားပိုးအမျိုးအစားပေါ်မူတည်ပြီး ပိုးပွားများမှုအချိန်ကိုလိုက်၍ နေ့စဉ် အချိန်မှန်သော် လည်းကောင်း၊ တစ်ရက်ခြားအချိန်မှန်သော်လည်းကောင်း အဖျားတက်တက်ပါ တယ်။ အဖျားကျသွားတဲ့အချိန်မှာ လူကောင်း ပကတိအတိုင်းပါပဲ။ ငှက်ဖျားတာရှည်လာရင် သွေးနီဥတွေကို ဖျက်ဆီးတဲ့အတွက် သွေးအားနည်းလာသောကြောင့် အောက်မျက်ခွံနှင့် အသားအရောင်ဖြူဖျော့လာနိုင်ပါတယ်။ နောက်ဆက်တွဲ ရှုပ်ထွေးမှုများဖြစ် ဦးနှောက်တွင်း ငှက်ဖျားပိုးဝင်ခြင်း၊ ဆီးအရောင်မည်းမည်းများသွားခြင်း စသည်တို့ခံစားရရှိနိုင်ပါတယ်။ နောက်ဆက်တွဲရှုပ်ထွေးမှု များဝင်လာရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ငှက်ဖျားရောဂါရဲ့ဒဏ်ကို ပိုမိုပြင်းထန်စွာခံစားရလေ့ရှိပါတယ်။ ငှက်ဖျားပိုးခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့ရင် (၂)နှစ်ကျော်လောက်အထိ ငှက်ဖျားပြန်ထတတ်ပါ တယ်။ ငှက်ဖျားပိုး(၄)မျိုး ရှိပါတယ်။ (၄)မျိုးစလုံး မြန်မာနိုင်ငံမှာတွေ့နိုင်ပါတယ်။ ပလက်စမိုဒီယမ်ဖဲ (လ်) ဆီပေရင် (Plasmodium Falciparaum) ပိုးကြောင့် ဖြစ်ရင် အန္တရာယ်ပိုများပါတယ်။

၂။ ငှက်ဖျားပိုးဖြစ်နိုင်ချေရှိတဲ့သူတွေက ဘယ်သူတွေလဲ။

လူကြီး၊ လူငယ်မရွေး အနောဖလီးဟုခေါ်သော ခြင်အမ အကိုက်ခံရရင် ငှက်များပိုးကူးစက်ခံရနိုင်ပါတယ်။ ဒီခြင်က ခြင်အမဖြစ်ပြီး၊ ညနေမိုးချုပ်ချိန်နဲ့ အာရုံတက်ချိန်အကြား ကိုက်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ မြစ်ဝကျွန်းပေါ်နှင့် မြေပြန့် လွင်ပြင်ဒေသ၊ ပင်လယ်ကမ်းခြေဒေသများ၊ သစ်တောနှင့်ဆက်စပ်နေသောဒေသများတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု များပါတယ်။ အဲဒီဒေသမှာ နေထိုင်တဲ့သူတွေဟာ ငှက်ဖျားရောဂါဖြစ်ပွားဖူးသောသူများ ဖြစ်လေ့ရှိပြီး၊ ၎င်းဒေသများကို ခရီးသွားလေ့ရှိသော သူများအနေဖြင့် ငှက်ဖျားကြိုတင် ကာကွယ်ဆေးသောက်မသွားဘဲ၊ ထိုဒေသတွင် ညအိပ်စဉ်ခြင်ကိုက်ခံရပါက ငှက်ဖျားပိုးကူးစက်ခံ ရနိုင်ပါတယ်။ ငှက်ဖျားပိုးပါသော သွေးသွင်းခံရခြင်းလည်းကောင်း၊ ငှက်ဖျားပိုးပါသော သွေးသွင်းခံရခြင်းသော်လည်းကောင်း၊ ငှက်ဖျားပိုးရှိသော ကိုယ်ဝန်သည်မိခင်မှ သန္ဓေသားထံသို့သော်လည်းကောင်း ကူးစက်ခံရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာနှစ်စဉ် ငှက်ဖျား ရောဂါဖြစ်သူ (၇)သိန်းခန့်ရှိပြီး၊ ၎င်းတို့ထဲမှ တစ်နှစ်လျှင် (၂၄၀၀)ဦးဟာ ငှက်ဖျားရောဂါကြောင့် သေဆုံးနေရပါတယ်။ မြန်မာနိုင်ငံရဲ့ ၇၀%သော လူဦးရေဟာ ငှက်ဖျားကူးစက်ခံရနိုင်သော ဒေသများတွင် နေထိုင်ကြပါတယ်။

၃။ ငှက်ဖျားရောဂါဖြစ်မှန်း သေချာအောင် ဘာလုပ်ရမလဲ။

သွေးဖောက်ပြီး အဏုကြည့်မှန်ဘီလူးအောက်တွင် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ငှက်ဖျားပိုးကို တွေ့နိုင်ပါ တယ်။ ဒါပေမယ့် ငှက်ဖျားပိုးတွေ့ဖို့ရာက ကြည့်ရှုတဲ့လူရဲ့ကျွမ်းကျင်မှုပေါ်မှာလည်း မူတည်ပါတယ်။ ငှက်ဖျားပိုးကလည်း တွေ့နိုင်တဲ့ အကောင်အရေအတွက် ပမာဏရှိမှသာတွေ့နိုင်ပါတယ်။ အခုနောက်ပိုင်းခေတ်စားလာတဲ့နည်းကတော့ Rapid Immuno Diagnostic Strip Test လို့ခေါ်တဲ့ နည်းဖြစ်ပါတယ်။ ဒါကတော့ ၀င်လာတဲ့ ငှက်ဖျားပိုးကို ပြန်တိုက်ထုတ်တဲ့ ပဋိပစ္စည်း Antibody တွေ ထုတ်ပေးမှု ရှိ/မရှိ စမ်းသပ်ခြင်းဖြစ်ပါတယ်။ ပဋိပစ္စည်းတွေက ငှက်ဖျားဖြစ်တဲ့လူရဲ့ သွေးထဲမှာ (၆)လအထိ ရှိနေနိုင်ပါတယ်။ Antigen ပစ္စည်းကိုရှာဖွေတဲ့ နည်းလည်းရှိပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကူအညီနဲ့ဒီစမ်းသပ် နည်းကို အခြေခံကျန်းမာရေးဝန်ထမ်းများ အဆင့်အထိ ထုတ်ပေးထားပါပြီ။

၎။ ခေတ်မီကုထုံးဘာတွေရှိလဲ။

ယခင်တုန်းကတော့ ကလိုရိုကွင်း၊ ကွီနင်း၊ ဆာ(လ်)ဖာဒေါက်ဆင်း၊ ပိုင်ရီမက်သမင်း၊ မက်ဖလိုကွင်း၊ တက်ထရာဆိုက်ကလင်းစတဲ့ ဆေးတွေကို သုံးပါတယ်။ နောက်ပိုင်းမှာငှက်ဖျားပိုး ဆေးယဉ်ပါးမှုတွေဖြစ်လာလို့ အခုတော့ ACT ( Artemisinine Combination Therapy)လို့ ခေါ်တဲ့ဆေးတွေ စုပေါင်းပြီးသုံးတဲ့ နည်းခေတ်စားလာပါတယ်။ အာတီမီဆီနီအုပ်စုဝင် ဆေး (၂)မျိုးထဲက တစ်မျိုးနဲ့အခြားသော ငှက်ဖျားကုဆေးတွေထဲက တစ်ခုနဲ့ ပေါင်းပြီးသုံးရမှာဖြစ်ပါတယ်။ လူမီဖန်ထရီး (သို့) မက်ဖလိုကွင်းတစ်ခုခုကို အာတီမီဆီနီးနဲ့ပေါင်းပြီး သုံးခြင်းဖြစ်ပါတယ်။ ဆေး(၂)မျိုးရဲ့ အာနိသင်ကတော့ တစ်ခုက အချိန်တို အတွင်း ငှက်ဖျားပိုးကိုသတ်မယ်။ နောက်တစ်ခုက အချိန်ယူပြီး ငှက်ဖျားပိုးကို သတ်မှာဖြစ်ပါတယ်။ ဒီဆေးတွေကိုလည်း ငှက်ဖျားရောဂါဖြစ်ပြီး၊ ပိုးလည်းတွေ့လို့ကုသမှု အမြန်ဆုံးရရှိနိုင်ရန် ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ ထုတ်ပေးထားပါတယ်။

၅။ အများပြည်သူအား မှာကြားလိုသော အကြံပေးချက်။

ငှက်ဖျားရောဂါဟာ အနောဖလီးခြင် အကိုက်ခံရလို့ဖြစ်တယ်ဆိုတာ လူတိုင်းသိဖို့လိုပါတယ်။ ငှက်ပျောသီးစား လို့၊ မျှစ်စားလို့၊ စိမ့်စမ်းရေသောလို့ မဟုတ်ပါဘူး။ ဒါကြောင့် ခြင်ကိုက်မခံရအောင်နေဖို့ အရေးကြီးပါတယ်။ သွေးသွင်းကုသတဲ့အခါ မှာလည်း ငှက်ဖျားပိုးမပါအောင် ဂရုစိုက်ရပါမယ်။ ငှက်ဖျားဖြစ်တဲ့ဒေသကို ညအိပ်ညနေ ခရီးသွားမယ့်သူတွေဟာ ရက်တိုတို ခေတ္တခဏပဲသွားမှာဆိုရင် မိုက်ဖလိုကွင်းဆေးကို မသွားခင်တစ်ပတ်အလိုကနေစပြီး ပြန်လာပြီးတစ်ပတ်အထိ တစ်ပတ်လျှင် တစ်ကြိမ်သောက်ရပါမယ်။ ဒါပေမယ့် ကြာကြာသွားမယ်၊ တစ်နှစ်လောက်သွားမယ်ဆိုရင်တော့ ကာကွယ်ဆေးမသောက်ခိုင်းပါဘူး။ အရေးကြီးတာက ခြင်ကိုက်မခံရအောင်နေဖို့ဖြစ်ပါတယ်။ ယခုဆိုရင် ဆေးစိမ်ခြင်ထောင်တွေရှိနေပါပြီ။ ဆေးစိမ်ခြင်ထောင်နားမှာ ခြင်မကပ်နိုင်ပါဘူး။

ဆေးစိမ်ခြင်ထောင်တွေဖြန့်ဝေခြင်း၊ ခြင်ထောင်တွေကို ဆေးစိမ်ပေးခြင်း စသည်တို့ကို နိုင်ငံတော်က အခမဲ့ ပြုလုပ်ပေးနေပါတယ်။ ပြင်ပမှာလည်းဝယ်လို့ရပါတယ်။ ခြင်မနားနိုင်တဲ့ လိမ်းဆေးတွေ တောထဲသွားတဲ့အခါမှာ လိမ်းသွားနိုင်ပါ တယ်။ ခြင်မပေါက်ပွားနိုင်အောင် ခြင်စားသောငါးများမွေးခြင်း၊ ရေစီးရေလာကောင်းအောင်ပြုပြင်ပေးခြင်း ၊ ခြင်အောင်းနိုင်သော ချုံ ပုတ်များကို ရှင်းလင်းပေးခြင်း စသည်တို့ဟာလည်း ကာကွယ်ရေးလုပ်ငန်းတွေထဲမှာ ပါဝင်ပါတယ်။

Health Digest

Mg Mandalay
https://www.facebook.com/photo.php?fbid=133902173418995&set=a.106796776129535.9
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...