လူတော်မကြောက်သော လူတော် လီကွမ်ယူး

၁၉၆၅ ကမှ လွတ်လပ်ခဲ့သည့် တံငါရွာသာသာ စင်ကာပူ ကို ယနေ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာအောင် တည်ဆောက် ရာတွင် စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးသည် တစ်ကိုယ်တော် ကျဲခဲ့သည် မဟုတ်။ အရွယ် ငယ်သလောက် နိုင်ငံကြီးအောင် လူတော်တို့ အားကို ယူနိုင်ခဲ့ခြင်းသာ ဖြစ်သည်။

အရွယ်လည်းသေး၊ သဘာဝ သယံဇာတ ဆို၍ သောက် စရာရေပင် မရှိသော စင်ကာပူအတွက် အားကိုးစရာမှာ “လူ” သာ ဖြစ်သည်ကို လီကွမ်ယူး စောစောစီးစီး သဘောပေါက်သည်။ “လူ” ဆိုသည်မှာ အလိုလို မိုးပေါ် က ကျမလာ၊ မြေကပေါက် မလာကြောင်းကို သိသော လီကွမ်ယူးသည် လူတော်ကို မွေးတတ်သည်၊ ရှာတတ်ဖွေ တတ်၊ မွေးတတ်သည်၊ လူတော်ကို ပျော်အောင်ထားသည်။ လူတော်ရအောင် နိုင်ငံခြားကပင် ရအောင်ခေါ် သည်။ ၁၉၆၅ နိုင်ငံစထောင်စဉ်က စင်ကာပူသည် နေပျော်ဖွယ်မရှိ မွဲလည်းမွဲ၊ နိုင်ငံလည်းသေး။ စင်ကာပူ မှ တော်သူများပင် စင်ကာပူတွင် မနေလိုကြချိန်တွင် လီကွမ်ယူးသည် ရွာနီးချုပ်စပ် နိုင်ငံများမှ ထူးချွန်သူများ ကိုပါ လိုက်လံရှာဖွေ စည်းရုံးသည်။ မလေးရှားပေါက် မလေးတို့ အင်္ဂလန်တွင် ပညာသင်နေသည် ကို ကျောင်းပြီးလျှင် စင်ကာပူသို့ လာအလုပ်လုပ်စေရန် သူ့လူတို့လွှတ်ပြီး အမျိုးမျိုးစည်းရုံးသည်။ ယခုခေတ် လူငယ် မီးခဲပြာဖုံး ဘောလုံးသမားများကို ကလပ်အသင်းများက လိုက်လံရှာဖွေ စာချုပ်ချုပ်သလိုမျိုး လုပ် သည်။ ခြေသွက် လက်သွက်နှင့် နှစ်ရှည်လများ ပိုးပန်းယူသည်။

လီကွမ်ယူး လူတော်ကို ချစ်ခြင်းမှာ နှစ်ကြောင်းရှိသည်။ နံပါတ်တစ်၊ ခေတ်နောက်ကျနေသော နိုင်ငံကို လူတော်များ မပါဘဲနှင့် တည်ဆောက် မရနိုင်မှန်း သိသည်။ နံပါတ်နှစ်၊ ကိုယ်တိုင်တော် သည့်အတွက် လူတော် မကြောက်၊ “ငါ့နေရာများ လုသွားမလား” ဟု တွေးပူခြင်း မရှိ။

စင်ကာပူ တဖြည်းဖြည်း တိုးတက်လာချိန်တွင် တက္ကသိုလ်များ ကောင်းအောင် လုပ်ထားပြီး အခြားနိုင်ငံမှ လူငယ်ခြေတက်တို့ သူ့ဆီကျောင်းလာတက်စေရန် ဖန်တီးသည်၊ မြန်မာလူငယ်တို့ ဆိုလျှင် စင်ကာပူ သည် နောက်တစ်ဆင့် တက်ချင်လျှင် သွားရမည့် နေရာအသွင် ဖြစ်လာသည်။ အလုပ်အကိုင် ဈေး ကွက်ကောင်း ဖန်တီးထားသည့် အတွက် ကျောင်းလာ တက်သော နိုင်ငံအသီးသီးမှ ကျောင်းသား များ သည် ကျောင်းပြီးလျှင် စင်ကာပူတွင် ဆက်နေအလုပ် လုပ်ကြသည်။ ထိုသို့သော လုပ်သားစု လူတော်များ ကို ပြပြီး နိုင်ငံခြား လုပ်ငန်းများ စင်ကာပူတွင် အခြေချစေရန်၊ လုပ်ငန်းတိုးချဲ့စေရန် ဆွဲဆောင်နိုင် သည်။ နိုင်ငံခြား လုပ်ငန်းများစွာ ရှိသည့်အတွက် အလုပ်အကိုင်လိုသော လူတော်များကို ခေါ်ထား၊ ထိန်းထားနိုင်ပြန်သည်။ သို့ဖြင့် စင်ကာပူသည် အခြားနိုင်ငံသားတို့ကို ဆွဲခေါ်ရာ သံလိုက်ကြီးသဖွယ် ဖြစ် လာသည်။

စင်ကာပူသည် ဒေသတွင်းနိုင်ငံများက မည်သူတို့တော်သည်၊ ထက်မြက်သည်၊ မည်သူသည် သူ့နိုင်ငံ တွင် ချောင်ထိုး ခံထားရသည်တို့ကို အစဉ်မပြတ် လေ့လာစောင့်ကြည့်နေသည်။ အခွင့်ပေါ်သည်နှင့် ထိုသူတို့ ကို လစာ၊ အခွင့်အရေး၊ ပတ်ဝန်းကျင်ကောင်းတို့ဖြင့် စည်းရုံးကာ စင်ကာပူသို့ အရောက်ခေါ်ဆောင် တတ် သည်။ သမီးရည်းစားကဲ့သို့ နှစ်ရှည်လများ စိတ်ရှည်လက်ရှည် သုံးနှစ်သုံးမိုးမက ပိုးပန်းတတ်သည့် အတွက် စင်ကာပူ တကယ်စိတ်ဝင်စားပြီ ဆိုလျှင် ထိုသူတို့ တောင့်ခံရန်မလွယ်။ နောက်ဆုံး လီကွမ်ယူးတို့ အဖွဲ့နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြပြီး စင်ကာပူ တိုးတက်ရေး မဟာစီမံကိန်းကြီးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြရသည်ချည်းသာ။ ထိုသို့ စင်ကာပူ နောက်ပါသွားသူ များတွင် မြန်မာတို့ လည်း အပါအဝင်။

လီကွမ်ယူးသည် ဝန်ကြီးချုပ်အဖြစ်မှ ၁၉၉၀ တွင် အနားယူသည်။ သူဝန်ကြီးချုပ် မလုပ်တော့ဘဲ အစဉ်အ ဆက် လွှဲခဲ့သော လူများသည်လည်း လူတော်ချည်းသာ။ သူ့သား လီရှင်လွန်းကို ဝန်ကြီးချုပ် ဖြစ်သောအခါ မျက်နှာလိုက်သည်၊ ဘုရင်စနစ်လို မင်းဆက်ထောင်သည်၊ လီမင်းဆက် Lee Dynasty ဆိုပြီး ဝေဖန်ကြသော် လည်း သူ့သား Lee Hsien Loong သည် သူ့မျိုးဆက်တွင် အတော်ဆုံးများထဲတွင် ပါသည်။ Lee Hsien Loong နှင့် ယခင်နိုင်ငံခြားရေးဝန်ကြီး George Yeo တို့ကဲ့သို့ လူငယ် ခပ်ထက်ထက်များကို လီကွမ်ယူး သည် စနစ်တကျ မြေတောင်မြှောက်သည်။ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွင် တာဝန်ထမ်းဆောင်စေပြီး အတွေ့အကြုံရလျှင် ပြည်ပထိပ်တန်း တက္ကသိုလ်များသို့ သွားရောက် တက်စေသည်။ ပြန်လာလျှင် ပိုမြင့်သော တာဝန်များကို ပေးအပ် ဦးဆောင်စေသည်။ သူက ထိုလူငယ်တို့ကို ပိုတောက်ပအောင် အကွက်ဖော်သွေးပေးသည်။ ထိုသို့ ပျိုးထောင် ထားသော လူငယ် လူလတ်များထဲမှ စင်ကာပူအတွက် အနာဂတ် ထိပ်တန်းခေါင်းဆောင်များ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ပေါ်ထွက်လာသည်။

ယခု လီကွမ်ယူး သေသွားသော်လည်း နဂိုကတည်းက လူတော်တို့ကို နေရာပေး၊ နောက် လူတော်မျာ ထွက်အောင် စနစ်တကျ စီမံခဲ့သောကြောင့် စင်ကာပူသည် ရှေ့ဆက်တိုးတက်ဦးမည်။ ကိုယ့်နိုင်ငံတွင် လုပ်ခွင့်မရသည်များကို လုပ်ရန် အခြားနေရာမှ လူတော်တို့လည်း စင်ကာပူသို့ သွားကြဦးမည်။ စင်ကာပူသည် လူတော်များရှိသော လူတော်များ အုပ်ချုပ်သည့် လူတော်နိုင်ငံအဖြစ် အခြားနိုင်ငံများ၏ အထက်တွင် ရပ်တည်နေဦးမည်။

အခြားသူများထံမှ လူကိုခေါ်ရန် အသာထား၊ ကိုယ့်ဆီမှလူကို ဘယ်လိုထိန်းရမှန်းပင် မသိသော၊ ပျော်အောင် မထားနိုင်သော နိုင်ငံများသည် ယခုကဲ့သို့ Knowledge Age တွင် ကြီးပွားရန် မလွယ်။ လူတော်တို့ ရအောင် ခေါ်နိုင်၊ ထိန်းနိုင်မှ အခြားသူများနှင့် ရင်ပေါင်တန်းနိုင်မည်။

မြန်မာနိုင်ငံသည် အကြောင်းကြောင်းကြောင့် လူတော်များ စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံ အများအပြားသို့ လွန်ခဲ့သော နှစ်ပေါင်း လေးငါးခြောက်ဆယ်အတွင်း ပုံမှန်ဆုံးရှုံးနေသည်။ ဦးနှောက် ယိုစီးမှုဒဏ် အခံရ ဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်သည်။ အခြားနိုင်ငံမှ လူတော်ကို ဆွဲခေါ်ရန် နေနေသာသာ ကိုယ့်နိုင်ငံတွင်းမှလူကို မှန်ကန်သော နည်းလမ်းဖြင့် ထိန်းမထားနိုင်ကြ။ ကိုယ့်နိုင်ငံက မလိုလားသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားသော လူတော်တို့သည် တိုင်းတစ်ပါးမြေတွင် အစွမ်းပြကာ ကမ္ဘာကျော် ကုန်၊ သက်ဆိုင်ရာနိုင်ငံ နယ်ပယ်အသီးသီးတွင် အရာရောက်သူများ ဖြစ်ကုန်ကြသည်။ စိတ်ကို တုံးတုံးချ ကာ ပြည်တွင်းတွင် အခြေချသော ကျန်ကောင်းကျန်ရာ လူတော်တို့ကိုလည်း နေရာမှန်၊ လူမှန်မထားနိုင် မထားရဲ မထားတတ်သဖြင့် သူတို့၏ အကောင်းဆုံး အချိန်ကို နိုင်ငံက မသုံးလိုက်ရဘဲ ဦးနှောက် အလဟဿ  (Brain Waste) ဖြစ်ကုန်သည်။

မြန်မာနိုင်ငံ အနေနှင့် လူတော်ပြေးစေသော အကျင့်အကြံများကို နှစ်ငါးဆယ်ခြောက်ဆယ် အတွေ့အကြုံဖြင့် လုံးဝစွန့်လွှတ်သင့်ပြီ။ လူတော်ရှာ၊ လူတော်မွေး၊ လူတော် ထိန်းနိုင်မှသာ အခြားနိုင်ငံတို့နှင့် ကျားစီးဖားစီး ယှဉ်နိုင်မည်။ သူများတစ်လှမ်း ကိုယ်ဆယ်လှမ်း လှမ်းနိုင်သော ကိုယ့်လူများကို ရန်သူထင်ပြီး မကြောက် ပါနှင့်။ ထိုသူတို့ကို ကိုယ်မသုံးလျှင် တစ်ပါးနိုင်ငံက အသင့်သုံးသွားပေလိမ့်မည်။ ကိုယ့်အနားကပ်နေသော လီကွမ်ယူးနှင့် စင်ကာပူက ဥပမာဖြစ်သည်။

ဇေယျသူ -

The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...