ရေလိုအေး၍ ပန်းလိုလန်းသည့် နှစ်ကူးတန်ခူးသင်္ကြန်
ဝိဿဇ္ဇက(ပဲခူး)
မြန်မာပြက္ခဒိန်၏ လများအစ တန်ခူးလကို ''စိတ္တကော တန်ခူးလ၊ ရမ္မကော တန်ခူးလ''ဟူ၍ ပရိယာယ် နှစ်မျိုးပြဆိုထားသည်။ အနက် အဓိပ္ပာယ် မှာ ''အထူးထူး သော အပွင့်အသီးတို့ဖြင့် ဆန်း ကြယ် သည်၏ အဖြစ် ကြောင့် လူတို့၏ စိတ်နှလုံး ကို မွေ့လျော်စေတတ်သော ကြောင့် တန်ခူးလ ဟုခေါ်၏'' ဟူ၍ အဘိဓာန် ကျမ်းတွင် ဖော်ပြထား သည်။ အထူးထူးသော အပွင့်အသီးတို့ဖြင့် ရှုချင် စဖွယ်ကောင်းသောလ၊ သာယာ ကြည်နူးဖွယ် ကောင်းသောလဟု ဆိုအပ်၏။
တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဆိုစကားအရလည်း မြစ်ချောင်း အင်းအိုင်တို့တွင် ရေများပင်ခန်းခြောက်တတ် ၏။ သစ်ရွက်တို့ြေ<ွကပြီးလျှင် အကိုင်းအခက်တို့သည် ရိုးတံကျဲကျဲဖြစ်လျက် ရှိ၏။ ''တန်ခူးမည်မှတ်၊ ဖက်ဆွတ် ရေတိုး၊ သင်္ကြန်မိုး'' ဆိုစကားအရ ဖက်ဆွတ်မိုးတို့ ရွာသွန်းတတ်သည်။ ထိုအခါ ရိုးတံကျဲကျဲ အပင်တို့သည် ရွက်သစ်၊ ရွက်နုလေးများဖြင့် စိမ်းလန်းဝေလွင် ငယ်ရုပ်တို့ ဆင်ကြပေတော့မည်။ မြေသင်း ရနံ့တို့သည် လည်း သင်းတပျံ့ပျံ့ရှိချေပြီ။ ''လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူး၊ ပန်းပိတောက် မင်းဟူ''၍ ပိတောက်ဝါဝါတို့ဖြင့် လတန်ခူးကို အလှဆင် ထားကြသည့် တန်ခူးလ၏ အလှဆုံး အရာမှာ သင်္ကြန် ပွဲတော် နှစ်သစ်ကူးသည့် အချိန်အခါဖြစ်၏။
''ခါလည်လုလု၊ ရတုသစ်သစ်၊ သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း၊ ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော၍၊ ရွက်ကျောနုလှန်၊ ရွက်သစ်ပြန်တည့်၊ ပန်းမာလ် ငုံကင်း၊ သုတ်လေညင်းနှင့် မြေသင်းရနံ့၊ တပျံ့ပျူးပျူး၊ မင်းလွင် မြူးလျက်၊ တန်ခူးလည်းကုန်၊ လကဆုန်သည်၊ ပစ္စုန်ရိုက် မြည်း၊ ချုန်းချုန်းတည်း'' ဟူ၍ မြေသင်းရနံ့ တို့ သင်းပျံ့ နေသည်ကို ရှင်အဂ္ဂသမာဓိက ဘုံခန်းပျို့တွင် တင်စား၍ ဖွဲ့ဆိုခဲ့လေသည်။
တန်ခူးလ ကို တာကူးဟူ၍ ရေးသည်လည်းရှိ၏။ တစ်ခါတစ်ရံ ပျို့ကဗျာတို့၌ တကူးလဟူ၍ရေးကြသည်။ တာကူးဟူသော အရေးအသားမှာ မိန်ရာသီမှ မိဿ ရာသီသို့ တနင်္ဂနွေဂြိုဟ်နေမင်းပြောင်းခြင်းကို စွဲ၍ ရေး သား ကြောင်းကို ဝေါဟာရလီနတ္ထဒီပနီကျမ်းပြုစုသူ လှေသင်း အတွင်းဝန်မင်းက ဆိုသည်။ ဤအဆိုကို လိုက်၍ ဝေါဟာရ၏ဇာစ်မြစ်ကို ရှာဖွေသူတို့က တာကူးမှတန်ခူးသို့ ရွေ့လျားသည်ဟုကြံဆကြသည်။ သို့ရာတွင် ပုဂံ ကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍သုတေသန ပြုသော ဆရာကြီးဦးဖိုးလတ်၏ အဆိုအရ တာကူးဟူ သော အသုံးအနှုန်းနှင့် တန်ခူးဟူသော အခေါ်အဝေါ်တို့ သည် သူ့အဓိပ္ပာယ်နှင့်သူ တခြားစီဖြစ်သည်။ ''တာ''သည် အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တို့ကို ဟော သည်ဖြစ်ရာ ဤတာကူး ဟူသော ဝေါဟာရ၌ နှစ်ကို ရည်ရွယ်သည်။ ထို့ကြောင့် တာကူးလသည် နှစ်ကူး သောလဟု အဓိပ္ပာယ်ရ သည်ဟု ဖော်ပြထား၏။
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းမှာပင် နှစ်သစ်ကူးပွဲတော် များ ခမ်းခမ်းနားနား ကျင်းပသော ဓလေ့ထုံးစံများ ရှိ သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကို အမြတ်တနိုးကျင်းပ ကြသည်။ နှစ်သစ်ကိုကြိုဆိုကြ သည်။ မြန်မာ တို့၏ နှစ်သစ်ကူးအခါသဘင်ကို ''သင်္ကြန်''ဟု ခေါ်သည်။ သင်္ကြန်ဟူသောဝေါဟာရ ''သင်္ကြာန္တ'' ဟူသည့် သက္ကတစကားမှ ဆင်းသက်လာသည်ဟု ဝေါဟာရလီ နတ္ထဒီပနီ နှင့် ဝေါဟာရ တ္ထပကာသနီတို့တွင် ဖော်ပြ ထားပေသည်။ ပညာရှင်အချို့ကမူ ''ပါဠိစကား'' ''သင်္ကန္တ'' မှ ဆင်းသက် လာသည်ဟု ယူဆကြသည်။ မည်သို့ပင်ဆိုကြစေကာမူ အဓိပ္ပာယ်မှာ ''ကူးပြောင်းခြင်း၊ ရွှေ့ပြောင်းခြင်း''ဖြစ် သည်။ ဤကမ္ဘာမြေ သည် နေကို ဗဟိုပြု၍ လှည့်လည်နေခြင်း ဖြစ်၏။
တနင်္ဂနွေဂြိုဟ်နေမင်းသည် မိဿရာသီမှစ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်ဟူသော ဆယ့်နှစ်ရာသီခွင်တို့သို့ အစဉ် လိုက်ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယ၊ သိဒ္ဓန္တကျမ်း အလို ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သော အခါ တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုည အင်္သာသို့ဝင်၏။ ထိုကဲ့သို့ ဝင်ရောက်စအချိန်တွင် သင်္ကြန် ကျသည်။ သို့ရာတွင် နှစ်မ ကူးသေးချေ။ ဗေဒင်တွက် ရိုးကျမ်းများ၌ ရဝိဖုဋဂြိုဟ်စင်နှင့် ရဝိမဓျဂြိုဟ်သွမ်းဟူ၍ နှစ်မျိုးနှစ်စားခွဲခြားပြသည်။
ထို့ကြောင့် မိဿရာသီသို့ ထိုဂြိုဟ်နှစ်မျိုးနှစ်စားရောက်သော အချိန်ကာလသည် လည်း ကွဲပြားသည်။ မိဿရာသီသို့ တနင်္ဂနွေရဝိဖုဋဂြိုဟ် ဝင်ရောက်ရှိပြီး၍ ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ စက္ကန့် ၄ဝ ကြာမှ တနင်္ဂနွေ ရဝိမဓျဂြိုဟ် သွမ်းရောက်ရှိ၏။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော်ကာလသို့ ဝင်သောအခါကျ မှသာ အတာတက် ၍ နှစ်သစ်ကူးပြီဟု အသိအမှတ်ပြုကြ သည်ကို သင်္ကြန်တွက်ရိုးကျမ်းတို့ အလိုအရလည်းကောင်း၊ ဆရာကြီးမောင်ထင်၏ မြန်မာ့ဆယ်နှစ်လရာသီအကြောင်း စာ-၆၄ အရလည်းကောင်းဖော်ပြပါ၏။
နှစ်သစ်မကူးမီ တန်ခူးလ၏ ရက်တို့ကို နှောင်းရက် သတ်မှတ်ပြီး နှစ်သစ်ကူးပြီးနောက် နှစ်ဆန်းစ တန်ခူး လ၏ ရက်တို့ကို ဦးရက်ဟုသတ်မှတ်သည်။ နှောင်းတန်ခူး၊ ဦးတန်ခူးဟူ၍ခေါ်ဝေါ်ကြသည်။ အင်္ဂလိပ် ဧပြီလနှင့် တိုက်ဆိုင်သည်။ မြန်မာနှစ်ဆန်းတစ်ရက်သည် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်း ကျရောက် တတ်၏။
သင်္ကြန်ဟူသောဝေါဟာရ မှာလည်း မြန်မာစကား သက်သက်ဖြစ်သည်ဟု ယူဆကြသည်။ ပညာရှင်များက ''ခေါင်းဆေးသင်္ကြန်၊ ကောင်းညွန့်လှံ၊ မကျန်စုံစွာ'' ဟူသော ကဝိလက္ခဏာ သတ်ပုံလင်္ကာနှင့်အညီ ကောင်း ကျိုး မင်္ဂလာ ကြန်အင်လက္ခဏာတို့ တိုးပွားစေရန် သန့်စင်ဆေးကြော ခြင်းဖြင့် ခေါင်းဆေး မင်္ဂလာပြုခြင်း ကိုပင် သင်္ကြန်ဟုခေါ် ကြောင်း ပြဆိုခဲ့ကြသည်။ ပတိဏ္ဍနိကာယ် ဒသဗြဟ္မဇာတ်၌ ဘုရင်မင်း များ ခေါင်းဆေးမင်္ဂလာပြုသည်ကို သင်္ကြန် တော်ခေါ်ကြောင်း ဖော်ပြထားသဖြင့် ရှေးမင်းဧကရာဇ်တို့ သင်္ကြန်တော်ခေါ်ထုံးအစဉ်အလာရှိကြောင်းကိုသိရသည်။ ပုဂံခေတ်၌ အခြားလများတွင် သင်္ကြန် ကျသောနှစ်များ ရှိဖူးသည်ဟုဆိုပါသည်။
မျက်မှောက်ခေတ် အများသိနေ သော တန်ခူးသင်္ကြန်ကို အာဒိတျနှစ်ဟူ၍ခေါ်ဆိုကြောင်း ဇနပ ပတ္တိကကျမ်း တွင် ပါရှိပေသည်။ ဇောတိသတ္ထဗေဒ ကျမ်းတွင် တစ်နှစ်၌ တစ်ဆယ့်နှစ်ကြိမ် သင်္ကြန်ရှိသည်ဟု ဖော်ပြ သည်နှင့်အညီ ရှေးမြန်မာဘုရင်မင်းမြတ်များသည် တစ်လကူးပြောင်းတိုင်း ခေါင်းဆေးမင်္ဂလာပြုကာ သင်္ကြန် တော်ခေါ်လေ့ရှိသည်။
အတာသင်္ကြန်ဟုခေါ်ဆိုသည်နှင့်အညီ နှစ်ဟောင်း ကုန်၍နှစ်သစ်ကူးချိန်ကိုခေါ်သော အမည်ဖြစ်သည်ကို အတာမှာ အတီတဟူသောပါဠိ၏ အတီဟူသော စကားလုံး မှ အတာဖြစ်လာသည်ဟု ယူဆကြသည်။ အတီတ သည် အတိတ်၊ လွန်ခဲ့ပြီးသောကာလဟု ဆိုလိုခြင်းဖြစ်သည်။ သင်္ကြန်အတာ၊ အတာသင်္ကြန် ဟူသော စကားသည် နှစ်တစ်နှစ်၏ နောက်ဆုံးရက်သုံးရက်ကို ခေါ်ဆိုသော အမည်ဖြစ်သည်ဟု ဆိုလို ကြခြင်းဖြစ်၏။
သင်္ကြန်တွင် တစ်ဦးနှင့်တစ်ဦး ရေပက်ကစားသော ဓလေ့နှင့် ပတ်သက်၍ ကောလိယပြည်နှင့် မြတ်ဘုရား ရှင် ဖွားမြင်တော်မူရာ ကပိလဝတ်ပြည်ကြားတွင် ဒေဝဒဟ ပြည်မပေါ်သေးမီက ဒေဝဒဟခေါ်ဆိုသည့် နတ်ရေကန်ကြီး ရှိသည်။ ထိုနတ်ရေကန်သို့ နှစ်ပြည်ထောင်မှ သကျသာကီ နွယ်ဖွား မင်းသား၊ မင်းသမီး တို့သည် ရေပက်ကစားရင်း တစ်ဦးကိုတစ်ဦး ရင်းနှီးခင်မင်သွားကြလေသည်။ ဒေဝဒဟ ရေကန် အနီး ရေ ကစားကြရာမှ နောင်အခါတွင် မိမိ တိုင်းပြည်သို့ မပြန်ဘဲ ဒေဝဒဟပြည်ဟု တည်ထောင်ကြကာ နေလာ ကြ၏။
သင်္ကြန်ပွဲတော်၌ အကျီစားသန်သဖြင့် ဝမ်းနည်း ကြေကွဲစရာအဖြစ်တို့နှင့်ရင်ဆိုင်ခဲ့ရသည့် အဖြစ်လည်းရှိခဲ့ သည်။ ပုဂံပြည့်ရှင်ဘုရင် နရသီဟပတေ့လက်ထက်၌ မိဖုရားစောလုံသည် ဘုရင်မင်းမြတ်က အလွန် ချစ်မြတ်နိုး သော မိဖုရားတစ်ပါးဖြစ်သည်။ ဘုရင် နရသီဟပတေ့သည် မိဖုရားစောလုံကို ကျီစယ် လိုသောကြောင့် မောင်းမမိဿံ တို့အား ''မိဖုရားစောလုံတစ်ကိုယ်လုံး စိုရွှဲအောင်ရေပက် ကြစေ''ဟု အမိန့်တော် ရှိတော်မူသည်။ ထိုအခါ မိဖုရား စောလုံသည် သင်္ကြန်ရေအပက် ကြမ်းလှသောကြောင့် ဘုရင့်အပေါ်၌ အငြိုးထားပြီး ပွဲတော်အုပ်တည်ရာတွင် ဘုရင့်အား အဆိပ်ခတ်လိုက်သည်။ သို့ရာတွင် ကံအား လျော်စွာ ပွဲတော်မတည်မီ နန်းတော်အောက်က ခွေး ချေဆတ်၍မစားဘဲ ခွေးကိုကျွေးလေသည်။ ထိုအခါ ခွေးသေ၍ ဘုရင်မင်းမြတ်သည် အချစ်ကြီးအမျက်ကြီး သဖြင့် မိဖုရားစောလုံကို ကွပ်မျက်လေသည်။ ဤကဲ့သို့ ကွပ်မျက်ပြီးမှ နောင်တအကြီးအကျယ်ရ၍ ''စောလုံ စောင့်ပါခလှည့်'' ဟု မကြာခဏ ယောင်ယမ်း တမ်းတ သောဟူ၏။
ဤသည်တို့အား ''ရေကစားကြသောအခါတွင် မခံချင်သော စောလုံကဲ့သို့ စိတ်ထားနုသည့်သူများကို မကျီစယ်၊ မကစားကြလေနဲ့၊ အကျီစားသန်ရန်တဲ့''ဟု သတိပေးပြီးလျှင် ''ဒေါပုံအလှည့်သံသရာရေအပြင်မှာ ကြွားသူတို့ကဖြင့် သဘောမဆုံသနဲ့ မခံချင်ပါလျှင်လည်း မကစားကြလေနဲ့ ချောဂုဏ်နဲ့နွဲ့ရှာတဲ့စောလုံရဲ့ ပုဂံ ရာဇဝင်တရား''ဟု ပုဂံရာဇဝင်လေးချိုးကြီး၌ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သတိပေးရေးသား ခဲ့ဖူး သည်။ ဤပုဂံရာဇဝင်အရ ပုဂံခေတ်တွင် ရေကစားကြကြောင်း မှတ်တမ်းသဖွယ်ရှိနေသည်။ အကျီစားသန် က ရန်ဖြစ် တတ်သည်ဟူသော သတိပြုဖွယ်သင်ခန်းစာပင်ဖြစ် သည်။
နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းသော နှစ်သစ်ပွဲတော်များ ရှိသကဲ့သို့ မြန်မာတို့၏အတာသင်္ကြန် ပွဲတော်တွင် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန် ရေဖြင့် ဆေးကြောသန့်စင်ကာ နှစ်သစ်ကို လူသစ်၊ စိတ်သစ်ဖြင့် ကူးပြောင်းပျော်ရွှင်ကြပေသည်။
သာသနာဝင်ကျမ်းတို့၌ အတာကူးသော တန်ခူးလ အခါတွင် ကပိလဝတ်ပြည်၌ နေထိုင်ကြကုန်သော သာကီဝင်မင်းတို့သည် နှလုံးမွေ့လျော်ဖွယ်ရှိသော ဒေဝဒဟရေကန်မှာ သိမ်မွေ့စွာရေပက်ဖျန်းကစား ကြခြင်း အစဉ်အလာရှိခဲ့သည်။ မေတ္တာအရင်းခံလျက် သန့်စင်စွာရေကစားခြင်းမှာ အံ့သြဖွယ်ရာကောင်း လျက် ထူးခြားလှသည်။ အမှတ်တရမှတ်တမ်းဖြစ်စေတော့၏။
တချို့ရပ်ရွာများတွင် နှစ်ဦးအစဖြစ်သော မြန်မာ နှစ်ဆန်းတစ်ရက်နေ့ကို မင်္ဂလာရှိအောင် ကျင်းပခြင်း ပြုလုပ် ကြသည်။ အန္တရာယ်ကင်းစေရန် ပရိတ်တရား တော်များ နာယူခြင်းဖြင့် အနိဋ္ဌာရုံတွေ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့် ပြည့်စုံရ၏။ ဘေးဥပဒ်အန္တရာယ် ကင်းပကြစေရန် ဆုတောင်းလျက် အရှက်နှင့်အကြောက် တည်းဟူသော လောကပါလတရားနှစ်ပါးကို စောင့်ထိန်း ကြရပေမည်။
(၁) သတ္တဝါများကိုချစ်ခင်၍ ဘေးရန်ဆင်းရဲကင်း စေလိုခြင်းဟူသော မေတ္တာ
(၂) ဆင်းရဲသည့် သတ္တဝါများကို သနားကြင်နာ၍ ဆင်းရဲခြင်းမှ ကင်းလွတ်စေလိုခြင်းဟူသော ကရုဏာ
(၃) စည်းစိမ်ပြည့်စုံသူများကိုမြင်လျှင် ဝမ်းမြောက်၍ စည်းစိမ် မဆုတ်ယုတ်စေလိုခြင်း ဟူသော မုဒိတာ
(၄) သတ္တဝါတို့သည် ကံအတိုင်းဖြစ်ကြ၏ဟု ဆင်ခြင်၍ မုန်းစိတ်မပြုဘဲ တည့်မတ်စွာရှုမြင် ခြင်းဟူသော ဥပေက္ခာ
စသည့် ဗြဟ္မစိုရ်တရားလေးပါးတို့ကို နှစ်ဆန်းအခါ သမယမှစကာ ထွန်းကားပြန့်ပွားစေအောင် ဆောင်ရွက် ကြရမည်။
မြန်မာတို့၏ သင်္ကြန်ပွဲတော်သည် ပျော်ရွှင်စွာ ရေပက်ကစားခြင်းနှင့် ရေပက်ဖျန်းခြင်းသည် လေးနက် မွန်မြတ်သော အဓိပ္ပာယ်ရှိ၏။ ရေသည် မေတ္တာဓာတ်ကို တင်စား၏။ ရေကစားကြသည်မှာ ''ရေလိုအေး၍ ပန်းလိုလန်းပါစေ''ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်း ဖြစ်၏။
ဤအနက်အဓိပ္ပာယ်ကို ဝိသေသထူးစေခြင်းငှာ ''တောင်လေသုတ်ဖြူး၊ လတန်ခူးမူ၊ မြူးတူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လရရွတည့်၊ ငြိမ့်မျှ စောင်းခြင်း၊ အဲသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီ တာဝယ်၊ ဓမ္မာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုး ထည့်မှ၊ လည်လှည့်ဆူလှယ်၊ တင်စမ္ပာယ် လျက်၊ ပြုံးရယ် ရွှင်အေး၊ စံပျော်ပါးသည်၊ ကစားထုံရည်၊ ဖျန်းတည့်လေး''ဟူ၍ ဆီသည်ရွာစား ဦးအောင်ကြီး က အင်းဝမြို့ဘွဲ့ လူးတားတွင် အတာမြင်ကွင်းကို ပုံရိပ်ဖော်ခဲ့၏။ အမွှေး အကြိုင်တို့ကို ဖလားတွင်ထည့်၍ ထုံသင်းနံ့သာဖြင့် ပြုံးရယ်ရွှင်အေးစွာ ရေကစားကြပုံကို ဖွဲ့ဆိုထား၏။
ဤကဲ့သို့ ရေကစားခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ သင်္ကြန်တွင်ပျော်ရွှင်ခြင်းသည် ထူးခြားသော အမျိုးသားပွဲတော်ကြီးအဖြစ် ဂုဏ်ယူ ကြရဖွယ်ဖြစ်သည်။ ထိုယဉ်ကျေးမှုအစဉ်အလာ ကိုလည်း မပျောက်မပျက်အောင် ဆက်လက်ထိန်းသိမ်း ကြရပေမည်။ ။
The Mirror Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+