ကဗ္ဘာ့ ကျန်းမာရေးကို တော်လှန် ပြောင်းလဲခဲ့သော စာတမ်း (၅) စောင်
By ကိုထိုက်
စာဖတ်သူ ပုံမှန် သွားနေကျ ဆရာဝန်၏ ဧည့်ခန်း ထဲတွင် The Lancet ၊ Thorax ၊ American Medical Association စသည့် ကျန်းမာရေး ဂျာနယ် များကို တွေ့ခဲ့မည် ဖြစ်သော်လည်း ထိုဂျာနယ်များ သည် ဧည့်ခန်း ထဲမှာ တွေ့နေကျ လူမှုဘ၀ မဂ္ဂဇင်း များထက်ပိုပြီး စာဖတ်သူ အပါအ၀င် ကမ္ဘာ့ လူသား ထု၏ ကျန်းမာရေး အပေါ် များစွာ သက်ရောက်မှု ရှိသည်ကိုကား သတိမမေ့အပ်။
အထက်ပါ သြဇာကြီး ကျန်းမာရေး ဂျာနယ်ကြီးများတွင် ဖော်ပြ ပါရှိသော ဆေးပညာဆိုင်ရာ တွေ့ရှိမှုများကို အခြေခံပြီး ကမ္ဘာတစ်ဝန်းက ပညာရှင်များသည် ရောဂါများ မည်သို့ ကူးစက် ပျံ့ပွားသည်၊ မည်သည့် ဆေး များက အသက် ကယ်နိုင်သည်၊ မည်သည့် ခွဲစိတ်နည်းများက အသက် ပိုကယ်တင်နိုင်သည် တို့ကို လေ့လာ ကာ ဆင့်ကဲ ဆင့်ကဲ တိုးတက် တီထွင်ပြီး လူသားတို့ ကျန်းမာရေးကို ပိုကောင်းအောင် ကြိုးပမ်း နိုင်ခဲ့ကြ သည်။
တကယ့် ဆေးပညာ နယ်ပယ်က တကယ် လုပ်ထား သူများသည် ထိုဂျာနယ်ကြီးများတွင် ၄င်းတို့၏ တွေ့ရှိ မှုများကို ၀င်ရောက် ရေးသား ဖော်ပြကြခြင်းဖြင့် ကမ္ဘာ့ဆေးပညာ ရတနာသိုက်ကြီး ဖြစ်ခဲ့သည်။
ကမ္ဘာ့ ပထမဆုံး ဆေးပညာ သိပ္ပံဂျာနယ် အဖြစ် သတ်မှတ် ခံထားရသော Philosophical Transactions ဂျာနယ်ကို လွန်ခဲ့သော နှစ်ပေါင်း (၃၅၀) က မတ်လတွင် စတင် ထုတ်ဝေခဲ့သည်။ သူနောက်တွင် နောက် ထပ် ဂျာနယ် ထောင်ပေါင်းများစွာ လိုက်လံ ထွက်ပေါ် လာခဲ့သည်။ ထိုဂျာနယ်များတွင် ဖော်ပြခဲ့သည့် သုတေသန စာတမ်းများ အနက် ကမ္ဘာ့ လူသားများ၏ ကျန်းမာရေးကို ပိုကောင်းသော ဘက်ဆီသို့ တော် လှန် ပြောင်းလဲခဲ့သည့် စာတမ်း ငါးစောင်ကို အောက်တွင် တင်ပြပါမည်။
၁။ ဆာ ဂျိမ်းစ် ဂျာရင် နှင့် ကျောက်ရောဂါ ကာကွယ်ရေး
(၁၈) ရာစုနှစ်ကဆို ကျောက်ရောဂါသည် သေမင်းနှင့်မခြား တန်ခိုးကြီးလှသည်။ ကျောက်ရောဂါ ကာ ကွယ်ဆေးထိုး စနစ်ကို ၁၇၂၁ ခုနှစ်တွင် လေဒီမာရီ ၀ို့တ်လေမွန်တေဂူက ဗြိတိန်နိုင်ငံသို့ ပထမဆုံး ယူသွင်း လာခဲ့သည်။ ၄င်းသည် ကွန်စတန်တီ နိုပယ်မြို့တွင် တူရကီ နိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အဖြစ် ဆောင်ရွက်နေသူ၏ ဇနီးဖြစ်ပြီး တူရကီမှ နည်းလမ်းကို ဆောင်ကြဉ်းလာခြင်း ဖြစ်သည်။
ဗြိတိန်တွင် ကျောက်ရောဂါ ခြိမ်းခြောက် လာသောအခါ ဆရာဝန်ခေါ်ပြီး နည်းလမ်းကို ညွှန်ပြကာ လေဒီ မာရီသည် သူ့သမီးငယ်ကို ကျောက်ကာကွယ်ဆေး ထိုးစေသည်။ ဗြိတိန် တော်ဝင် အသင်းကြီးမှ ဆေးပညာ ရှင်များသည် ထိုနည်းလမ်းကို သဘောကျကာ နိုင်ငံအနှံ့ ကျောက်ဆေးထိုးဖို့ စီစဉ်ခဲ့သည်။
နည်းလမ်းသစ် ဖြစ်သောကြောင့် လူအများကမူ ကျောက်ကာကွယ် ဆေးထိုးလျှင် ကျောက်ရောဂါ ဖြစ်မည် ဟု ကြောက်ရွံ့ကြသည်။
Philosophical Transactions ဂျာနယ် အယ်ဒီတာ ဆာဂျိမ်းစ် ဂျာရင်သည် ဗြိတိန်နိုင်ငံ တစ် ၀န်း ကျောက်ရောဂါ ဖြစ်နှုန်းများ၊ ကာကွယ်ဆေးထိုးနှံ ပေးနိုင်နှုန်းများကို စာရင်း ကောက်ယူသည်။ ထိုအခါ ကျောက်ကာကွယ် ဆေးထိုးခြင်းကြောင့် သေဆုံးရသူသည် အလွန်နည်းပြီး၊ ကာကွယ်ဆေး မထိုးသောကြောင့် ကျောက်ရောဂါ ဖြစ်ကာ သေဆုံးရသူ က အလွန် များကြောင်းတွေ့ခဲ့ရသည်။
ထိုအကြောင်း စာတမ်းရေးသားပြီး ၁၇၂၃ ခုနှစ်ထုတ် ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်တွင်မှ လူ အများသည် ကာကွယ် ဆေးထိုးရမှာ ကြောက်စိတ်ပျယ် ခဲ့ကြသည်။ စာတမ်းကို လက်ကမ်း စာစောင်ငယ် များ အဖြစ်လည်း ဖန်တီးပြီး လူအများကို ဝေငှကာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးရေး လှုံ့ဆော် ပညာ ပေးနိုင်ခဲ့သည်။
၂။ ဂျိုးဆက် လစ္စတာနှင့် ခွဲစိတ်ခန်း ပိုးသတ်ခြင်း
(၁၉) ရာစုနှစ် နှောင်းပိုင်း အချိန်က ခွဲစိတ်ခန်းဝင်သူ (၅၀) ရာခိုင်နှုန်းသာ အသက်ရှင်လျက် ပြန်ထွက် လာနိုင်ဖို့ မျှော်လင့်ချက် ရှိသည်။ ဘက်တီးရီးယား ဟူသည် လက်ကနေ မကူး၊ လေထဲကသာ ကူးစက်သည် ဟူသော အယူစွဲ ရှင်သန်နေတုန်း ကာလ ဖြစ်သောကြောင့် ခွဲစိတ် ဆရာဝန် များသည်လည်း လက်ပင် မဆေးဘဲ ခွဲစိတ်ကြသည်။
အနာကို ပိုးသတ်ခြင်း မရှိသောကြောင့်လည်း ပိုး၀၀်ကာ ခွဲစိတ်ခံ လူနာများ သေဆုံးရသည်။
၁၈၆၇ ခုနှစ်တွင် ဂျိုးဆက် လစ္စတာသည် အရိုးကျိုးသူများကို ကာဘော်လစ် အက်စစ်သုံးပြီး ဆေးကြော သန့်စင် ပေးပြီးနောက် ကျပ်စည်း ပေးထားလိုက်ရုံနှင့်ပင် အခြား ဘက်တီးရီးယား မ၀င်ဘဲ ကောင်းမွန် သွားကြောင်း British Medical Journal တွင် ထည့်သွင်း ဖော်ပြခဲ့ သည်။ ကာဘော်လစ်အက်စစ် သည် အရိုးကျိုးသည့် နေရာကနေ လူ့ကိုယ်ထဲ ၀င်လာမည့် ဘက်တီးရီးယားများကို သတ်ဖြတ် လိုက်နိုင်သည်ဟု ၄င်းထင်ကြောင်း လစ္စတာက ရေးသားခဲ့သည်။
ထိုစဉ်က ဘက်တီးရီးယားကို မျက်လုံးနဲ့ မမြင်နိုင်သလို၊ မြင်နိုင်အောင်ကူမည့် ကိရိယာလည်း မရှိသေးသဖြင့် သူ့စာတမ်းကို လူအများက အလေးမထားခဲ့ကြ။
၃။ ရစ်ချတ် ဒိုး၊ ဆေးလိပ်သောက်ခြင်းနှင့် အဆုတ်ကင်ဆာ
ပထမ ကမ္ဘာစစ် နောက်ပိုင်းမှသည် ၁၉၄၀ ၀န်းကျင် နှစ်ပိုင်းများ အကြား ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်၊ တူရကီ၊ ဂျပန် နိုင်ငံများတွင် အဆုတ် ကင်ဆာကြောင့် သေဆုံးသူ သိသိသာသာ များပြား လာသည်ကို ဆရာဝန်များ သတိ ထားမိလာသည်။
လေကိုရှူသော အဆုတ်ကို ကင်ဆာ ဖြစ်စေသည့် အဓိက လက်သည်နှစ်ခုမှာ စက်မှုမီးခိုးနှင့် ဆေးလိပ် မီးခိုး ဖြစ်ရမည်ဟု ဆရာဝန်များက ကနဦး ကောက်ချက်ချသည်။ ၁၉၅၀ တွင် British Medical Journa ၌ ဒေါက်တာ ရစ်ချတ် ဒိုးလ်က ဆေးလိပ် သောက်ခြင်းကြောင့် အဆုတ် ကင်ဆာ ဖြစ်ရသည်ဟု ဦးဆုံးအဖြစ် အတိအလင်း ရေးသားခဲ့သည်။
ဆေးလိပ်သောက်သူ၊ မသောက်သူနှင့် အဆုတ်ကင်ဆာ ဖြစ်သူ မဖြစ်သူများကို ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်း ကောက်ယူခဲ့သည်။ စာရင်း ကောက်ယူမှု အရ ဆေးလိပ်သောက်သူ များသည် အဆုတ် ကင်ဆာ ဖြစ်နှုန်းလည်း သိသိသာသာ များပြားကြောင်း တွေ့ခဲ့ရသည်။ ဒေါက်တာ ရစ်ချတ်ဒိုးလ်လည်း ထိုစာတမ်း ရေးသားပြီးချိန်က စကာ ဆေးလိပ် ဖြတ်လိုက်တော့သည်။
၎။ ဘာရီ မာရှဲလ်နှင့် အစာအိမ်နာ
အစာအိမ်နာ ဟူသည် စိတ်ဖိစီးမှု၊ နေပုံထိုင်ပုံ၊ ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးလိုက်ခြင်း များကြောင့် ဖြစ် ပွားရသည်ဟု မှတ်ယူခဲ့ကြပြီး အစာအိမ်နာ ဖြစ်စေသော အက်စစ်ဓာတ်ကို ပျက်ပြယ် သွားစေ မည့် ဆေးသောက်ခြင်းဖြင့် ကုစားရမည်ဟု မှတ်သားခဲ့ကြသည်။
သို့သော် ၁၉၈၀ ၀န်းကျင် နှစ်ပိုင်းများတွင် သြစတြေးလျ သုတေသန ပညာရှင် ရော်ဘင်ဝါရင်း နှင့် ဘာရီ မာရှဲလ်တို့သည် အစာအိမ်နာ ဖြစ်စေသည့် နောက်ထပ် အကြောင်းရင်း တစ်ချက်ကို ဖော်ထုတ် နိုင်ခဲ့ကြ သည်။ ဟယ်လီကို ဘာတာပိုင်လိုရီ အမည်ရှိ ဘက်တီးရီးယား အစာအိမ်ထဲ ခိုအောင်းသောကြောင့်လည်း အစာအိမ်နာ ဖြစ်နိုင်သည်ဟု ၄င်းတို့နှစ်ဦးက ၁၉၈၂ ခုနှစ်တွင် ကြေညာသည်။
အခြားသူများကမူ အစာအိမ်ထဲက အက်စစ်ဓာတ်ကို အန်တု ရှင်သန်နိုင်သော ဘက်တီးရီးယား မရှိဟု ဆိုကာ သူတို့ နှစ်ဦး၏ အဆိုကို ငြင်းပယ်ကြသည်။
လူတွေကို ဘယ်လိုမှ ရှင်းပြမရသည့် အဆုံး ဘာရီ မာရှဲလ်သည် ဟယ်လီကိုဘာတာ ပိုင်လိုရီ ဘက်တီး ရီးယား များပါသော အရည်ကို သောက်ပြခဲ့သည်။ သူထင်သည့် အတိုင်း ရက်ပိုင်း အတွင်း သူဖျားနာသည်။ (၁၀) ရက်လောက် အော့လိုက် အန်လိုက်၊ လေတွေလည်လိုက် ဖြစ်နေပြီးနောက် သူ့ အစာအိမ်ထဲကို ပိုက်ပြွန်ထိုးပြီး စစ်ဆေး ကြည့်ခိုင်းသည်။ ထိုအခါ အစာအိမ်ထဲတွင် ဟယ်လီကို ဘာတာ ပိုင်လိုရီ ဘက်တီး ရီးယားများ ရှင်သန်နေသည်ကို တွေ့ရသလို၊ အစာအိမ်နာ ဖြစ်စေမည့် လက္ခဏာ များကိုလည်း ထင်ထင် ရှားရှား တွေ့ခဲ့ရတော့သည်။ ဘက်တီးရီးယားကြောင့် အစာအိမ်နာ ဖြစ်ရသည် ဟူသော အချက်ကို လူအများ လက်ခံခဲ့ရသည်။
သူတို့နှစ်ဦး တွေ့ရှိချက်ကို ၁၉၈၄ ခုနှစ် ဇွန်လထုတ် The Lancet ကျန်းမာရေး ဂျာနယ်တွင် ထည့် သွင်း ဖော်ပြခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် သူတို့နှစ်ဦး ဆေးပညာ နိုဘယ်လ်ဆု ဆွတ်ခူးခဲ့သည်။ ယခုဆိုလျှင် အစာအိမ်နာသည် ဆေးနည်းနည်း သောက်ရုံနဲ့ ပျောက်ကင်းသည်။
၅။ ဖရက်ဒရစ် ဘန်တင်၊ ဆီးချိုနှင့် အင်ဆူလင်
၁၉၂၂ ခုနှစ်က အသက် (၁၄) နှစ်သား လီယိုနာ့ဒ် သွမ်မဆင်သည် တော်ရွန်တိုမြို့ ဆေးရုံတွင် အမျိုးအစား တစ် ဆီးချိုဖြင့် တက်ရောက် ကုသခံနေသည်။ ထိုစဉ်က တစ်ခုတည်းသော ကုထုံးကား လူငယ် ကိုယ်ထဲက သကြားဓာတ် ကျသွားအောင် လူငယ်ကို အစာဖြတ်ထား သော နည်းဖြစ်သည်။
လူငယ်သည် ပိန်ချုံးကာ သေရမည့် အချိန်ကို စောင့်နေရသူပမာ ဖြစ်ခဲ့သည်။ ကံကောင်းသည်မှာ ဖရက်ဒရစ် ဘန်တင်က နွားမှ ထုတ်ယူထားသော အင်ဆူလင် ဓာတ်ကို ပထမဆုံးအကြိမ် အဖြစ် ကောင်လေး ကိုယ်ထဲ သို့ စမ်းသပ် ထည့်သွင်း ပေးလိုက်နိုင်ခြင်း ဖြစ်သည်။
ပထမအကြိမ်တွင် ခန္ဓာကိုယ်နှင့် ဓာတ်မတည့်မှုကြောင့် ယားယံမှုမျိုး ဖြစ်သော်လည်း ဒုတိယ အကြိမ်တွင် ကား ပိုသန့်စင်သော အင်ဆီလင် ထုတ်ယူစနစ်ကို သုံးနိုင်သဖြင့် ယားယံမှုပင် မဖြစ်တော့ဘဲ လူငယ် သည် နောက်ထပ် (၁၃) နှစ်နီးပါး အသက်ရှင် နေထိုင်ခဲ့ရသည်။
ခန္ဓာကိုယ်ထဲက ပန်ကရိယသည် အင်ဆူလင် ပုံမှန်ထုတ်မပေးသဖြင့် ဆီးချိုဖြစ်ရသည်ဟု ထိုစဉ်ကတည်းက ဆရာဝန်များ ရိပ်စားမိခဲ့သော်လည်း အင်ဆူလင်ကို အခြား နေရာများက မည်သို့ ထုတ်ယူပြီး ဝေဒနာ ရှင်ထံသို့ မည်သို့ ထည့်သွင်း ပေးရမည်ကို ဘန်တင်၏ အားထုတ်မှုကြောင့်သာ လက်တွေ့ သိရှိခဲ့ ရခြင်း ဖြစ်သည်။
လီယိုနာ့ဒ်ကို စမ်းသပ် ကုသမှု အောင်မြင်ပြီး နောက်နှစ်လ အကြာတွင် Canadian Medical ဂျာနယ်၌ စမ်းသပ်မှု အကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။ ဘန်တင်နှင့် လုပ်ဖော် ကိုင်ဖက် ဂျွန်မက်လွိုက်ဒ် တို့သည် ၁၉၂၃ ခုနှစ်တွင် ဆေးပညာ နိုဘယ်လ်ဆု ဆွတ်ခူး ရရှိခဲ့သည်။ အင်ဆူလင်ဖြင့် ကုသနည်းကြောင့် ထိုစဉ်မှ စ၍ ယနေ့ထိ လူ့အသက် သန်းပေါင်းများစွာကို ကယ်တင် နိုင်ခဲ့သည်။
Ref: Five research papers that revolutionised health By Deborah Cohen
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+