တပေါင်းတန်ခူး ၀မ်းမနူးနှင့်

ယခု ရောက်ရှိနေသော အင်္ဂလိပ် မတ်လ တွင် ပြက္ခ ဒိန် ကြည့်လျှင် တပေါင်း- တန်ခူး ဟူသော မြန်မာ လနှင့် တွဲလျက် ရှိကြသည်။ ခရစ် သက္ကရာဇ်၂ဝ၁၅ ခုနှစ်ဟု သိကြသော်လည်း မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ် ကို လူသိနည်း ကြသည်။ သာသနာတော် နှစ် မှာ ၂၅၅၈ ဖြစ်သည်။ မြန်မာလူမျိုး ကျောင်းသားများ ကို မေးကြည့် လျှင် မြန်မာလ မြန်မာ သက္ကရာဇ် ကို ပြောနိုင်သူမှာ အလွန် ရှားသွားပြီ ဖြစ်သည်။

ဥတုဘောဇန သင်္ဂဟကျမ်း အလို ဝသန္တဥတု ။ ။ တပေါင်း၊ တန်ခူး နှစ်လတို့သည် ဝသန္တဥတု မည်၏ လော ကသည် စဉ်းငယ်ပူ၏၊ ကောင်းကင် ကြည်လင်၏ ၊ အရွက်နုတို့ဖြင့် သစ်ပင်တို့သည် တင့်တယ်ကုန် ၏၊ ပေါက်၊ ချရား၊ သော်က၊ သရဖီ အစရှိသော ပန်းတို့သည် ပွင့်ကုန်၏၊ ဥသြငှက်၊ ပျား၊ ပိတုန်းတို့ဖြင့် ပြွမ်း ကုန်၏။

တောင်လေလာ၏၊ သလိပ်ပျက်၏၊ လောကမခြောက်၊ ချိုဆိမ့်သော အရသာရှိသော အမြစ်၊ အရွက်၊ အသီးမျိုး အားရှိ၏၊ အချို၊ အဆိမ့်၊ အဖန်၊ အေးသော၊ ကြေခဲသော အစာ၊ နေ့၌အိပ်ခြင်း၊ တက်သော အစာတို့ကို ကြဉ်ရှောင်အပ် ကုန်၏။

အပင်ပန်းခံခြင်း၊ နှိပ်နယ်ခြင်း၊ အခိုးသောက်ခြင်း၊ ချဉ်စပ်သော အရသာ ရှိသည့် အရည်တို့နှင့် လုတ်ဆေးခြင်း၊ မျက်စဉ်းခတ်ခြင်း၊ နှာနှပ်ခြင်း၊ သလိပ်ထွက်အောင် အန်ဆေး တိုက်ခြင်းတို့ကို ရှောင်အပ်၏။ ကြစုသီးနှင့် ပျားရည်၊ ကြည်းကုန်း၌ ကျက်စားသော သားငှက်တို့၏ အသား၊ ထောပတ်သုတ် ၍ ကင်သော အသား၊ စိမ့်စမ်းရေ၊ တံခွန်ရေ တို့ကို မှီဝဲ သုံးဆောင်အပ် ကုန်၏၊ ကရမက်၊ ပရုတ်၊ သားလှ ကျေးဇူးတို့ကို လိမ်းကျံ အပ်ကုန်၏၊ ကြေလွယ် ၍ သလိပ်ကို နိုင်သော အစပ်၊ အပူ၊ အငန်၊ အခါး အရသာတို့ကို စားအပ် ကုန်၏၊ ချိပ်၊ ဆူးပန်း၊ ပိန္နဲ အစရှိသော ဖန်ရည်တို့ဖြင့် ဆိုးအပ်သော စောင်၊ ပုဆိုးတို့ကို ဝတ်ရုံအပ်ကုန်၏။ ဝသန္တဥတု (တပေါင်း၊ တန်ခူး) နှင့် ဝဿာနဥတု (ဝါဆို၊ ဝါခေါင်) လွဲမှားတတ်သည်။ အမှတ်မမှားရန် လိုသည်။

၁။ ဝိဿာန ဥတု၌ ညနေဆည်းဆာ အခါလေ ပျက်၏။
၂။ သရဒ ဥတု၌ သန်းခေါင်အခါ သည်းခြေပျက်၏။
၃။ သိသရ ဥတု၌ ညဥ့်အဆုံး လေပျက်၏။
၎။ ဝသန္တ ဥတု၌ နံနက်အခါ သလိပ်ပျက်၏။
၅။ ဂိမှ ဥတု၌ မွန်းတည့်အခါ သည်းခြေပျက်၏။

ဆေးပညာ ဥပဒေသ အားဖြင့် နံနက်ပိုင်းသည် သလိပ်ချိန်၊ နေ့လယ် ချိန်သည် သည်းခြေချိန်၊ ညနေပိုင်း သည် လေချိန်ဖြစ်သည်။ ဝသန္တဥတု ၌ နံနက်အခါ သလိပ်ပျက်၏ ဟုဆိုသောကြောင့် ယခု မတ်လတွင် နံနက်စောစော အိပ်ရာထချိန် များတွင် လူကြီးများမှာ အအေးပတ် သလိုဖြစ်ပြီး သလိပ်ထွက်ခြင်း၊ သလိပ်ထွေး ရခြင်း၊ နံနက်စောစော အစာမစားချင်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်တတ်သည်။

နံနက် အိပ်ရာထတွင် သလိပ်ပွ အထက်ဆန်ပြီး ဝမ်းချုပ်ခြင်းကြောင့် လူကြီးများ ဝမ်းနုတ်ဆေး စားလေ့ ရှိကြသည်။ ဝမ်းနုတ်မှားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ရောဂါဖြစ်ပြီး ဆေးခန်း ၊ဆေးရုံ ရောက်ရသူ များရှိ သည်။ နွေဦး လေရူးနှင့် ဝမ်းနူးစာ ကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်သဖြင့် သတိထားရမည့် ရာသီ ဖြစ်သည်။

ဝမ်းနုတ်ဆေး မဟုတ် ဝမ်းမှန်ဆေးဟု ဆိုကာ မန်ကျည်းသီး၊ ရှောက်သီး၊ ရှောက်ခါးသီး စားနေကြ သူများ ပင် တောင်လေ တိုက်သော ရာသီတွင် သလိပ်ပွပြီး ဝမ်းချုပ်သဖြင့် မိမိ စားနေကျ ဝမ်းမှန်ဆေးကို ပို၍ စားခြင်း၊ နှစ်ဆတိုး စားခြင်း ပြုလုပ်ပြီး ဝမ်းမထိန်း နိုင်သောကြောင့် ဒုက္ခရောက်ရ သူများကို တွေ့ရှိရသည်။ အချို၊ အဆိမ့်၊ အဖန်၊ အအေး ကြိုက်သူများ၊ တက်စာစားသူ၊ နေ့၌အိပ်သူ၊ ဝမ်းနုတ်ဆေး စားသူများ သည် တပေါင်း၊ တန်ခူး နှစ်လတွင် ဘေးတွေ့တတ် သဖြင့် ဆင်ခြင် စားသောက် နေထိုင် အပ်သည်။

တပေါင်း၊ တန်ခူးလတွင် ရေစိမ်း သောက်ခြင်းထက် ကျိုချက်ပြီး ရေကျက်အေးကို မြေအိုး၊ သဲပါသော စိမ့်အိုးတို့တွင် ထည့်၍ သောက်ခြင်းဖြင့် အပူငြိမ်း စေနိုင်သည်။ မန်ကျည်းမှည့်ဖြင့် ချက်သော ကန်စွန်းရွက် ချဉ်ရည်ဟင်း၊ ရှောက်သီးဖြင့် ချက်သော ကင်မွန်းချဉ်ရွက် ချဉ်ရည်ဟင်း၊ ပြည်ပန်းညိုရွက် ဟင်းချို၊ မန်ကျည်း ရွက်နု ချဉ်ရည်ဟင်း၊ ထနောင်းရွက်၊ ထနောင်းဖူးသုပ် တို့သည် ယခုရာသီနှင့် သင့်တော်သော ဓာတ်စာ များ ဖြစ်ကြောင်း တင်ပြလိုက်ရ ပေသည်။

ကြည်မြင့်လွင်(မုဒြာ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...