ဝိုင်သောက်ကြွေဖန်ခွက်လေး တစ်လုံးကို ဒေါ်လာ ၃၆ သန်းနဲ့ လေလံဆွဲဝယ်ယူ
တရုတ်နိုင်ငံ၊ မင်မင်းဆက်ခေတ် ကြွေထည်လက်ရာ ၀ိုင်သောက်ခွက်လေးတစ်လုံး ကို ဟောင်ကောင် လေလံပွဲမှာ ဒေါ်လာ ၃၆ သန်းနဲ့ ရောင်းချခဲ့ရပြီး စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။
အချင်း ရှစ်စင်တီမီတာသာရှိပြီး သက်တမ်း ၅၀၀ ရှိနေပြီလို့ သိရပါတယ်။ လေလံတင်ရောင်းချတဲ့ အဖွဲ့ အစည်း ဖြစ်တဲ့ Sotheby အဆိုအရ ၂၀၁၀ တုန်းကလည်း တရုတ်ကြွေထည်ခွက်လေးတစ်လုံးကို စံချိန်တင် ဒေါ်လာ ၃၂ သန်းနဲ့  ရောင်းချခဲ့ဖူးတယ်လို့ သိရပါတယ်။
၁၄၆၅ ခုနှစ်ကနေ ၁၄၈၇ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ မင် မင်းဆက်ရဲ့ ချောင်ဟွာ ဧကရာဇ် လက်ထက်မှာ ဒီခွက်ကို သွန်းလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Sotheby ရဲ့ ပြောကြားချက်အရ ဒီလို ခွက်မျိုး ကမ္ဘာပေါ်မှာ ၁၇ ခွက်သာရှိတော့ပြီး လေးခွက်က အရပ်သားဝယ်ယူသူ လက်ထဲမှာရှိကာ ကျန်တဲ့ ၁၃ ခွက်ကတော့ ပြတိုက်မှာ ရှိတယ်လို့ သိရပါတယ်။
ဒီ ခွက်ကို ၀ယ်ယူသွားသူကတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူအယောက် ၂၀၀ စာရင်းမှာ ပါဝင်တဲ့ လုရီကွမ်း ဖြစ်ပြီး ဒေါ်လာ သန်းပေါင်း ၉၀၀ ကြွယ်ဝသူပါ။ ၂၀၁၂ ခုနှစ်က ရှန်ဟိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ သူ့ ရဲ့ ကိုယ်ပိုင်ပြတိုက် မှာ ဒီခွက်ကို ပြသသွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။
Ref: bbc.com
Trend Myanmar