ရန်ကုန်မှာ ကျောတစ်နေရာစာ
ကျွန်တော်သည် ၂၀၀၁ ခုနှစ်လောက်ကတည်းက ရန်ကုန်တွင် လာရောက် အခြေချနေထိုင်ခဲ့ ရသူဖြစ် သည်။ နယ်မှ တက်လာကာ ရန်ကုန်တွင် အသက်မွေးဝမ်းကြောင်း အလုပ်လာလုပ်ရ သူဖြစ်သောကြောင့် အလုပ်နှင့် ဝင်ငွေကို အဓိက ထားပြီး ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရသည်။
ရန်ကုန်ရောက်ခါစ မိသားစုကို နယ်မှခေါ်ထားရန် မတတ်နိုင်သေးသဖြင့် တစ်ဦးတည်း ဒုက္ခခံကာ အဆောင်တွင် သွားရောက် နေထိုင်ရသည်။ ထိုစဉ်က အဆောင်နေထိုင်စရိတ်မှာ တစ်လ ၇၀၀၀ ကျပ်ဖြစ်ပြီး၊ နှစ်လစာကြိုသွင်း၊ တစ်လချင်းရှင်းစနစ်ဖြင့် နေထိုင်ခဲ့ရသည်။ နောက်ပိုင်း အဆောင် စရိတ်တွေကလည်း နှစ်သောင်းခန့်ဖြစ်သွားသည်။
အခန်းကျဉ်းကျဉ်း၊ အိပ်စရာ ကုတင်နှစ်လုံး၊ စားပွဲတစ်လုံးလောက်သာ ဝင်ဆန့်သည့် အခန်းထဲတွင် ကျပ်တည်းကျဉ်းမြောင်း စွာနေထိုင်ခဲ့ရသည်။ မနက်မိုးလင်းသည်နှင့် အလုပ်သွား၊ ညမိုးချုပ်မှ ပြန်ရောက်၊ အိပ်ချိန်ကလေးအတွက် ပူလောင်သော ကျောတစ်ခင်းစာ ကုတင်ကို တစ်နှစ်ခန့် အသုံးပြုခဲ့ရသည်။
နောက်ပိုင်း အလုပ်အကိုင် အခြေကျလာသဖြင့် မိသားစုကို နယ်မှပြန်ခေါ်ရန် ကြိုးပမ်းပြီး ယုဇန ဥယျာဉ်မြို့တော်တွင် အခန်း တစ်ခန်း သွားငှားသည်။ ထိုစဉ်က တစ်လ နှစ်သောင်းဖြင့် နှစ်ချုပ်ငွေကို အလုပ်ရှင်က ထုတ်ပေးသဖြင့် တိုက်ခန်းနှင့် နေနိုင် သည့် ဘဝသို့ရောက်လာသည်။ ယခု ထိုတိုက်ခန်းဈေးများက သိန်းဂဏန်းဖြစ်နေပြီ။
ကျွန်တော်တို့ ယုဇနဥယျာဉ်မြို့တော်ရောက်ခါစက အခန်းတိုင်း လူမရှိသေး။ နောက်ပိုင်းတွင် လူတွေ က ပြည့်လာသည်။ အလွန်စည်ကားသော မြို့တော်ကြီးဖြစ်လာသည်။ အရောင်အသွေးစုံ၊ စရိုက်စုံ ရောက်လာကြသည်။ သို့သော် မြို့ထဲနှင့် အကူးအလူးတွင် ထိုစဉ်က လိုင်းကားကလည်းနည်း၊ အထူးကားကလည်း မစီးနိုင်သဖြင့် တိုးဝှေ့ပြီး တစ်နေ့ကားစီးချိန် လေးနာရီလောက်ပေးကာ သွားရပြန်ရသည်။
ရန်ကုန်တွင် အိမ်ငှားနေရသည့်ဘဝသည် လချုပ် သို့မဟုတ် နှစ်ချုပ်စေ့သည်နှင့် အိမ်ရှင်၏ တိုးမြှင့်တောင်းခံသည့် လစာကို ရင်ဆိုင်ကြရန် ပြင်ဆင်ထားရသည်။ ယခုနှစ် တစ်သိန်းနှင့် ချုပ်ထားလျှင် တစ်နှစ်ပြည့်သည်နှင့် နောက်ဆက်ပြီး စာချုပ်ပါက တစ်သိန်းခွဲလည်း ဖြစ်ချင်ဖြစ်သွားနိုင်သည်။ မူလ တစ်သိန်းနှင့် ပြန်မငှားမည်ကတော့ သေချာနေသည်။
အိမ်ပွဲစားတွေကလည်း ဤအခန်းကို နောက်ထပ်ဆက်ငှားလျှင် သူတို့အတွက် ပွဲခ မရမည်စိုးရိမ်သဖြင့် တိုးမြှင့်ပေးနိုင်သည့် အိမ်ငှားတွေကို မရ ရအောင်ရှာလာကြသည်။ အိမ်ရှင်တွေကလည်း တိုးရသဖြင့် မည်သူ့မျက်နှာမှမထောက် ငွေရလျှင်ပြီးရော သဘောထားလိုက်ကြသည်သာများသည်။
လွန်ခဲ့သည့် ခြောက်လခန့်က မိတ်ဆွေတစ်ဦး အိမ်တက်ဖိတ်သဖြင့် လှည်းတန်းဘက်သို့သွားကာ စားခဲ့ သောက်ခဲ့ရသည်။ နောက်ခြောက်လကြာသောအခါ ထိုမိတ်ဆွေကပင် အိမ်တက်ဖိတ်သဖြင့် မျက်စိလည်သွားရသည်။ တစ်နှစ်အတွင်း နှစ်ကြိမ် မြောက် အိမ်တက်လုပ်ခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်က ခြောက်လပြည့်သောအခါ ဆက်မငှားတော့ဟုပြောသဖြင့် ဆင်းပေးခဲ့ရ ကြောင်း သူကပြောသည်။
ကျွန်တော်ယခုနေထိုင်ရာ မလွှကုန်းဘက်မှ မြို့ထဲဘက်မှ ရန်ကုန်ဘူတာကြီးသို့အလာတွင် ပုဇွန်တောင် ဘူတာအလွန်၌ ဘူတာနံရံကို ကျောပေးပြီး အိပ်စက်နေကြသူများကို တွေ့လာရသည်။ ယခင်ကတစ် ဦး နှစ်ဦးလောက်အနေအထားမှ မိသားစု များအထိ ရထားလမ်းဘေးတွင် အိပ်စက်နေသည့် မြင်ကွင်းများ ကို တွေ့လာရခြင်းဖြစ်သည်။
တစ်လောက ရထားပေါ်တွင် အသက် ၇၀ အရွယ် အဖွားတစ်ယောက်နှင့် စကားလက်ဆုံကျမိသည်။ သူသည် နာဂစ်ပြီး ကတည်းက ရန်ကုန်ရောက်လာပြီး အိမ်များတွင် အဝတ်လိုက်လျှော်သည့် အလုပ်ကို လုပ်ကြောင်း သိရသည်။ မိသားစုက နာဂစ်ထဲပါသွားပြီး အားလုံး အသက်ဆုံးရှုံးသွားပြီဖြစ်သည်။ ယနေ့တိုင် တစ်ဦးတည်း အဝတ်လျှော်၊ ခိုင်းတာလုပ်၊ ပေးတာယူ ကျွေးတာစားပြီး ဘဝကို ရပ်တည်နေရ သည်။ အဖွားကတော့ လမ်းဘေးမအိပ်။ ဘူတာနားတွင် အိမ်ကြီးတစ်အိမ်ရှိသည်။ ထိုအိမ်တွင် ကျောတစ် ခင်းစာ ဖျာတစ်ချပ်အတွက် တစ်ည ၅၀၀ ကျပ် ပေးအိပ်ရသည်။ ထိုအိမ်တွင် နေထိုင်ခဲ့သည်မှာ ၁၀ နှစ်ကျော်ပြီး။ တစ်ည ၂၀၀ ကျပ်ခေတ်ကတည်းက ကျောတစ်ခင်းစာဖြင့် နေထိုင်ခဲ့ရသည်ဟုဆိုသည်။
ယခုတစ်လော အညာအရပ်မှ ရောက်လာသူတွေကလည်း အလွန်များလာကြောင်း တွေ့ရသည်။ အညာသူ အညာသားပုံတွေက ကြည့်လိုက်သည်နှင့် သိသာလှသည်။ စကားပြောကြည့်လျှင် ပိုပြီးထင်ရှားသည်။ တစ်လောက မြို့ပတ်ရထားပေါ်တွင် အညာသူ အယောက် ၅၀ ခန့်ကို မကြုံစဖူးတွေ့လိုက်ရသည်။ သူတို့ကို ရွှေပြည်သာဘက်သို့ ခေါ်သွားမည်ဟုသိရသည်။
အညာသူ အညာသားတွေက သူတို့အရပ်ဒေသတွင် လုပ်ကိုင်စားသောက်ရသည်မှာ အဆင်မပြေသောကြောင့် ရန်ကုန်မြို့ကြီးသို့ ဆင်းလာရသည်ဟုဆိုကြသည်။ သူတို့ဖြစ်သလိုနေနိုင် စားနိုင်စွမ်းရှိကြသည်။ ရရာအလုပ်ကို လုပ်ကိုင်နိုင်စွမ်းရှိကြသည်။ သို့ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းရေစီးကြောင်းကြီးက အထက်မှအောက်သို့ စီးမျောလာခြင်းသည် အထက်အရပ်တွင် ဘာတွေ ဖြစ်သွားပြီး၊ အောက်အရပ်တွင် ဘာတွေ ဖြစ်လာနိုင်သည်ကို ဘောဂဗေဒနည်းများဖြင့် ပြန်လည် သုံးသပ်ရန် လိုအပ် လာပြီဟု ထင်ပါသည်။
လူနေရှိသင့်သည့်အရပ်များတွင် လူတွေ ပျောက်ကုန်သည်။ တောတွင် လုပ်ကိုင်စားသောက်နေသူများ ကို နိုင်ငံခြားသွားရ မည်ဟု အကြောင်းပြပြီးရန်ကုန်ကို ခေါ်လာသူတွေကလည်း ခေါ်လာကြသည်။ အလုပ်အကိုင် ခွင်ရိုက်အေဂျင်စီတွေကလည်း ရပ်ကွက်ထဲတွင် အိမ်တစ်လုံး၌ တောနယ် က နိုင်ငံခြား ထွက်လိုသူတွေကို ခေါ်ထားပြီး နည်းမျိုးစုံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ရိုက်ပို့နေကြသည်။ နောက်မှ ဒုက္ခတွေရောက်ပြီး ပြန်လာချိန်တွင် တော၌ အိမ်ပြောင်၊ နွားပြောင်၊ လယ်ပြောင် ဖြစ်သွားသဖြင့် မထူးဇာတ်ခင်းကာ ရန်ကုန်တွင် ရရာလုပ်ပြီး ခိုကပ်နေသူတွေကလည်းများလာသည်။
တိုက်ခန်းများတွင် ချင်း၊ ရခိုင်ပြည်နယ်များမှ အလုပ်ကြောင့် ၊ ပညာကြောင့် ရောက်လာသူတွေကလည်း များလာသည်။ သူတို့သည် တိုက်ခန်းတစ်ခန်းငှားလိုက်ပြီး လူဆယ်ယောက်ခန့်စုနေကာ ကျောတစ်နေစာ ဖန်တီးပြီး ပညာရှာ၊ အလုပ်ရှာကာ အနာဂတ်တွေကို မျှော်လင့်ချက်များစွာဖြင့် ရန်ကုန်တွင်လာပြီး ဘဝတွေကို တည်ဆောက်ကြသည်။
ရန်ကုန်မြို့ကြီးကို ပေါက်ကွဲလုနီးပါး ဗုံးတစ်လုံးအနေဖြင့် တင်စားသူတွေက တင်စားကြသည်။ လူဦးရေ ပေါက်ကွဲလာတော့ မည်၊ စရိုက်မျိုးစုံ၊ အကျင့်မျိုးစုံ ပေါက်ကွဲနိုင်သည်။ နေစရာမရှိသဖြင့် ကျူးကျော်ကြ။ ကျူးကျော်သဖြင့် အစိုးရကဖျက်၊ အစိုးရက ဖျက်သဖြင့် ကျူးကျော်တွေ ကပြန်အော်၊ ပြန်အော်ချိန်တွင် အစိုးရကို ဆော်ချင်သူတွေက လက်ခမောင်းခတ်။ ဗုံးတစ် လုံးကတော့ အသင့်ဖြစ်နေသည်။ မီးတို့သူတွေကလည်း တို့ကြသည်။ သို့သော် ပေါက်ကွဲနိုင်သည့် အဆင့်သို့ မရောက်သေး။ ကျောတစ်နေရာစာ ပြဿနာသည် အစိုးရအတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်သည်။
Maukkha Education Magazine