မသန်စွမ်း တက္ကသိုလ်ကျောင်းသားများကို နိပွန်ဖောင်ဒေးရှင်းနှင့် မြန်မာ့ရှေ့ဆောင်ဘဏ် ပူးတွဲထောက်ပံ့မည်
ရန်ကုန်၊ ဧပြီ ၂၆
မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသားများ ပညာရေးဆုံးခန်းတိုင် သင်ယူနိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းနှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ပူးပေါင်း၍ ပညာသင် ထောက်ပံ့ကြေး အစီအစဉ်တစ်ရပ်ကို ၂၀၁၄ ခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းက ထုတ်ပြန်သည်။
အဆိုပါ အစီအစဉ်အရ ငွေကြေး အခက်အခဲကြောင့် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသော မသန်စွမ်း တက္ကသိုလ်ကျောင်းသားများကို အမေရိကန်ဒေါ်လာ ၁၀၀ မှ ၁၅၀ အထိ လစဉ် ထောက်ပံ့ ရန်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်က အတိုးမဲ့ ချေးငွေများ ထုတ်ပေးရန် စီစဉ်ထားကြောင်း နိပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဒါရိုက်တာ မစ္စတာရှူအီချီအိုနိုက ရှင်းပြသည်။
“အသေးစိတ်ကိုတော့ ဆွေးနွေးနေဆဲဖြစ်လို့ ပြီးတာနဲ့ ထုတ်ပြန်ပါမယ်။ အစီအစဉ်ကို ၂၀၁၄ မှာ စမှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ထောက်ပံ့မှုအတွက် နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ခုနစ်သိန်း ခွင့်ပြုထားကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများအတွက် နိပွန်ဖောင်ဒေးရှင်းက ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၁ သန်းကျော် ထောက် ပံ့ထားကြောင်း အဆိုပါ ဖောင်ဒေးရှင်းက ထုတ်ပြန်သည်။
နှစ်အလိုက် စီမံကိန်း ၃၃ ခုအတွက် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃ သန်းကျော်ကို ထောက်ပံ့ရန် ခွင့်ပြုထားရာ စီမံကိန်း အများစုကို ၂၀၁၄ ခုနှစ်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိပွန်ဖောင်ဒေးရှင်းက ထုတ်ပြန်ပြောဆိုသည်။
အဆိုပါ ထောက်ပံ့မှု စီမံကိန်းများတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေးဆိုင် ရာ ထောက်ပံ့မှုများအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းထိ အများဆုံး ထောက်ပံ့ထားကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
၂၀၁၄ ခုနှစ်တွင် ကျေးရွာပေါင်း သုံးသောင်းသို့ တိုင်းရင်းဆေးသေတ္တာများ ဖြန့်ဝေခြင်း၊ ရန်ကုန်မြို့တွင် မသန်စွမ်း ကလေးငယ်များအတွက် ပညာရေး စင်တာတစ်ခု တည်ဆောက်ခြင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စာသင်ကျောင်းပေါင်း ၅၀ ကျော် ဆောက်လုပ်ခြင်း အပါအဝင် စီမံကိန်းအများစုကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly