မှိုဖြင့် သားအိမ်ခေါင်းကင်ဆာ ကုသဆေး ဖော်စပ်နိုင်ရန် သုတေသီများ မျှော်လင့်

ဂျပန်နိုင်ငံတွင် အတွေ့ရများသော ရှီတာကီ အမည်ရှိ မှိုမျိုးသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ဗိုင်းရပ်စ်ပိုးများကို သေကြေစေပြီး သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း ပညာရှင်များ က ခြေရာခံ တွေ့ရှိထားသည်။



သားအိမ်ခေါင်းကင်ဆာရောဂါကို မှိုဖြင့် ကုသ၍ ရနိုင်မည့် လမ်းစတစ်ခုကို သုတေသီများက မျှော်လင့်ချက် ကြီးကြီးမားမားဖြင့် လေ့လာ အဖြေရှာနေကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံတွင် အတွေ့ရများသော ရှီတာကီ အမည်ရှိ မှိုမျိုးသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ဗိုင်းရပ်စ်ပိုးများကို သေကြေစေပြီး သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း ပညာရှင်များက ခြေရာခံ တွေ့ရှိထားသည်။ မှိုသည် အာဟာရ ကြွယ်ဝပြီး ကယ်လိုရီဓာတ် နည်းပါးသည့် ဖြည့်စွက်အစားအစာ တစ်ခုအဖြစ် လူသိများနှင့်ပြီး ဖြစ်သော်လည်း သားအိမ်ခေါင်းကင်ဆာအတွက် ကြီးကျယ်သည့် ဆေးစွမ်းကောင်း တစ်လက် ဖြစ်လာရန်ထိ ကျန်းမာရေးဆိုင်ရာ သုတေသီများက မျှော်လင့်ချက် ထားရှိနေခြင်း ဖြစ်သည်။
HPV ဗိုင်းရပ်စ်များသည် ကူးစက်လွယ်ပြီး အရေပြားနှင့် စိုစွတ်သော ခန္ဓာကိုယ် အမြှေးပါးများတွင် ရော ဂါဖြစ်စေသည့် ပိုးမွှားများ ဖြစ်ကြသည်။ ဥပမာအားဖြင့် သားအိမ်ခေါင်း၊ လည်မြိုနှင့် ပါးစပ်တို့ကဲ့သို့ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ယင်းဗိုင်းရပ်စ်က ရောဂါဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာပေါ်တွင် ရှိသမျှ အမျိုးသမီး အားလုံး၏ (၄)ပုံ(၃)ပုံသည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် HPVဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုကို ကြုံရလေ့ရှိပြီး ယင်းတို့အနက် မျိုးကွဲအချို့သည် သားအိမ်ခေါင်းကင်ဆာ ကို ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

သို့သော်လည်း ရှီတာကီမှိုတွင် တွေ့ရသည့် AHCC အမည်ရှိ ဓာတ်ပေါင်းတစ်မျိုးသည် HPVကူးစက်မှုကို ဟန့်တားရာတွင် အဓိက ဆေးစွမ်းတစ်လက်အဖြစ် အမေရိကန် သုတေသီများက ရှာဖွေ တွေ့ရှိခဲ့သည်။ ကြွက်များတွင် စမ်းသပ်ချက်အရ HPVဗိုင်းရပ်စ် ကူးစက်ဝင်ရောက်မှုကို AHCCက ရက်ပေါင်း(၉၀)အတွင်း အမြစ်ပြတ် တိုက်ဖျက်ပစ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ကြွက်များတွင် သားအိမ်ခေါင်း အကြိတ် များ ဖြစ်ပေါ်နိုင်ခြေကိုလည်း လျှော့ချပေးလေ့ရှိသည်။ တက္ကဆက်စ် ကျန်းမာရေး သိပ္ပံဌာနမှ ဒေါက်တာ ဂျူဒစ်သ်စမစ်သ်က “ဒီလေ့လာမှုကို (၂၀၀၈)ခုနှစ် ကတည်းက အစပြုခဲ့တာပါ။ AHCCဟာ ပင်ကို သဘာဝကိုက HPVရဲ့ ဖိစီးမှုကို တိုက်ဖျက်နိုင်မယ့် အလားအလာကောင်း အများကြီး ပိုင်ဆိုင်ထားပါတယ်” ဟု ပြောကြားခဲ့သည်။ လူသားများတွင် စမ်းသပ်မှု အချို့နှင့် ဓာတ်ခွဲခန်း လေ့လာတွေ့ရှိချက်များအရ AHCCသည် ခန္ဓာကိုယ်အတွင်းရှိ ရောဂါပိုး တိုက်ဖျက်သည့် သက်စောင့်ဆဲလ်များကိုလည်း တိုးပွား လာအောင် ကူညီအားပေးလေ့ရှိပြီး အကြိတ်အဖုများ မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...