ခိုင်သော အရိုးများ တည်ဆောက်နိုင်ရေး (သို့မဟုတ်) အရိုးပွရောဂါ အကြောင်း



Osteoporosis ဟု ခေါ်သော အရိုးပွရောဂါ အကြောင်း ရေးသားလိုက်သည်။

အရိုးတွင် အပေါက်ငယ် ကလေးများ ပေါ်လာကာ အရိုး၏ ခိုင်မာမှုကို ထိခိုက်ပြီး အရိုး ကျိုးလွယ် သွားခြင်းဖြစ်သည်။ အသက် ၃ဝ ကျော် အမျိုးသမီးများနှင့် အသက် ၄ဝ ကျော်လာသော အမျိုးသားများတွင် အရိုးများ တဖြည်းဖြည်း ပါးလွှာ လာကာ အရိုးပွရောဂါ ဖြစ်ပွားလာနိုင်သည်။ အရိုးပွရောဂါ ဖြစ်နေပြီဟု သတ်မှတ် ခံရသောအခါ အရိုးမှာ သိသာစွာ ပါးလွှာနေပြီ ဖြစ်ပြီး သာမန် ထိခိုက်မှု ကလေးကြောင့်ပင် အရိုး ကျိုးနိုင်သည်။ ထိခိုက်မိခြင်း မရှိဘဲ အလိုအလျောက် ကျိုးသူများလည်း ရှိသည်။

အရိုးပွခြင်း

ကယ်လ်စီယမ် ထုံးဓာတ် ချို့တဲ့ခြင်းနှင့် အရိုးပွရောဂါ ဆက်စပ်လျက် ရှိသည်။ မ ဟော်မုန်းဓာတ် oestrogen သည် အစာတွင် ပါဝင်သော ထုံးဓာတ်ကို အရိုးအတွင်း စိမ့်ဝင် စေကာ အရိုး ခိုင်အောင် ပြု လုပ်ပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့အပြင် အမျိုးသမီးများ၏ အရိုးမှာ အမျိုးသားများ ထက် ပိုမိုပါး လွှာသည်။ ထိုအချက်များ ကြောင့်ပင် အရိုးပွရောဂါသည် အမျိုးသားများထက် သွေးဆုံးပြီး အမျိုးသမီး များတွင် ပို အဖြစ်များသည်။

ရောဂါ လက္ခဏာများ

ခါးနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လက်ကောက်ဝတ်နှင့် တင်ပါးဆုံရိုး နာခြင်း၊ ပေါင်ရိုးနာခြင်းတို့ ခံစားရ တတ်သည်။ နာကျင်မှုသည် အလိုအလျောက် သို့မဟုတ် ထိခိုက်မိခြင်းကြောင့် ဖြစ်ပေါ် လာတတ်သည်။ အရပ် နိမ့်သွားတတ်သည် (ခါးရိုးပွရောဂါ ရှိသူများတွင် တွေ့ရလေ့ရှိသည်) သာမန် ထိခိုက်ဒဏ်ရာကြောင့် သို့မဟုတ် အလိုအလျောက် အရိုးများ ကျိုးတတ်သည်။ ပေါင်ရိုး ကျိုးခြင်း၊ လက်ကောက်ဝတ်ရိုး ကျိုးခြင်းနှင့် ခါးရိုး ကျိုးခြင်းတို့ ဖြစ်တတ်သည်။

ရောဂါ ဖော်ထုတ်ခြင်း နည်းလမ်းများ

Bone X-ray (အရိုးဓာတ်မှန်) ရိုက်ခြင်း၊ DXA (Dual energy X-ray Absortiometry) X-ray ကို အသုံးပြု ကာ အရိုး ပါးလွှာခြင်း ရှိ၊ မရှိ တိုင်းတာသည့် နည်းစနစ် ဖြစ်သည်။ T score-၁ နှင့် - ၂ ဒသမ ၅ ကြားတွင် ရှိပါက အရိုး ပါးလွှာနေပြီ ဖြစ်ပြီး ၂ ဒသမ ၅ နှင့် အောက် ဆိုပါက အရိုးပွရောဂါ ရှိနေပြီ ဖြစ်သည်။

ကာကွယ်ရန် နည်းလမ်းများ

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ကောင်းမွန်သည်။ ရောဂါ စဖြစ်နေလျှင်တောင် နေထိုင်မှု ပုံစံ ပြောင်းလဲ နိုင်ပါလျှင် အရိုးများ ကျိုးခြင်းကို ကာကွယ်တားဆီး နိုင်ပါလိမ့်မည်။ ကယ်လ်စီယမ် ပါဝင်သော အစားအစာများ စားသုံးခြင်း။ ဒိန်ချဉ်၊ နွားနို့၊ ငါးသေးကလေးများ၊ ဆာဒင်းငါးနှင့် ဆော်လမွန်ငါးများ၊ Almond (မက်မွန်သီး) တို့သည် ထုံးဓာတ် ကြွယ်ဝကြသည်။ ကိုယ်လက်လှုပ်ရှား အားကစား။ ပုံမှန် လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကို ပြုလုပ်ရမည်။ အရိုးရှိ ထုံးဓာတ်ကို လျော့နည်းစေသော အရည်များ သောက်သုံးမှုကို ရှောင်။ အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ရမည်။ ကော်ဖီကို တစ်နေ့နှစ်ခွက်ထက် ပိုမ သောက်သင့်။ ကိုကာကိုလာ၊ Pepsi တို့တွင် ပါရှိသော Phosphoric Acid သည် အရိုး တည်ဆောက်မှုကို အနှောင့်အယှက် ပေးသောကြောင့် အလွန်အကျွံ မသောက်သင့်။ ဆေး လိပ် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ ဆေးလိပ် သောက်ခြင်းသည် အရိုး တည်ဆောက်မှု လုပ်ငန်း စဉ်များကို အနှောင့်အယှက် ပေးသောကြောင့် မသောက်သင့်။ အရိုးကို သက်ညှာစေသော လုပ်ဆောင် မှုများ။ ထိုင်သည့်အခါ ခါးကို မတ်မတ်ထားပါ။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်သည့်အခါ ခါးမကုန်းဘဲ ဒူးနှင့် ပေါင်ဆစ်များ (Knee and hip joints) ကိုကွေးပါ။ ကြမ်းပြင်ပေါ်သို့ ကျနေသော ပစ္စည်းကို ကောက် ယူရာတွင် လည်းကောင်း၊ အိပ်ရာပြင်ရာတွင် လည်းကောင်း၊ အန်ဆွဲကို ဖွင့်ရာတွင်လည်းကောင်း၊ ခါးမ ကုန်းဘဲ ဆောင့်ကြောင့်ထိုင်၍ လုပ်ပါ။ အလေးအ ပင်မရန် လိုပါက မနိုင်ဝန် မထမ်းပါနှင့်။ မနိုင်ပါက ဘေး လူ အကူအညီ ရယူပါ။ လေးလံသော ပစ္စည်းကို တွန်းရွှေ့ပါ။ ဆွဲမရွှေ့ပါနှင့်။ ချောင်းဆိုး၊ နှာချေ လိုသော အခါ ခါးကို မတ်မတ်ထား၊ ဒူးကွေးကာ လက်နှစ်ဖက် ကို ပေါင်နှစ်ဖက်ပေါ် တင်ပြီး ထိန်းကာ ချောင်း ဆိုး၊ နှာချေပါ။ ခါး ရုတ်တရက် လှည့်ခြင်းမှ ရှောင်ကြဉ်ရမည်။ ဘတ်စကား၊ ရထားပေါ်သို့ ပြေး တက်၊ ပြေးဆင်းခြင်းကို မပြုလုပ်သင့်။ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်း။ ၂ဝဝ၂ ခုနှစ်တွင် ထိုင်ဝမ် ၌ ပြုလုပ်သော သုတေသန တစ်ခုအရ တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း နှစ်ခွက် အနည်းဆုံး ပုံမှန် သောက်သုံးပါက ခြောက်နှစ်ကြာသောအခါ အရိုးပွရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေ သည် ဟု တွေ့ရှိခဲ့ကြသည်။ လက်ဖက်ရည်ကြမ်းတွင် မ ဟော်မုန်းဓာတ်နှင့် သဘာဝချင်း ဆင်သော Flavonoids များ ပါဝင်သောကြောင့်ဟု ဆိုသည်။

ခေတ်မီနေထိုင် စားသောက်မှု ပုံစံသို့ ပြောင်းလဲ လာသောကြောင့် အရိုးပွရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မား လာသည်။ အရိုးပွခြင်းကြောင့် ဆိုးရွားသော နောက်ဆက်တွဲ ဝေဒနာနှင့် ပြဿနာများ ဖြစ်ပွားတတ်သည်။ ကုသခြင်းထက် ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်သောကြောင့် ထိုရောဂါ အကြောင်း သိရှိနားလည် သဘောပေါက်ပြီး ကာကွယ် နိုင်ကြစေရန် ရည်သန်ကာ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ရေး သား ဖော်ပြလိုက်ရပေသည်။ ။

မောင်ဥာဏ်မင်း
မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...