အုတ်တစ်ချပ် သဲတစ်ပွင့် (ဒေါက်တာခင်မောင်ညို )

(၁)

တိုင်းပြည်ကိုချစ်သူများ၏ စကား။

‘တိုင်းပြည်တည်ဆောက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ရပါလို၏’

ဤသို့သော ဆုတောင်းသံကို ကြားရသည်မှာ ဝမ်းသာအားရစရာကောင်းလှသည်။ သာဓု၊ သာဓု၊ သာဓု ဟူ၍ သုံးကြိမ်ခေါ်မိသည်။ လူ့ဘောင်လောကကြီးကို တည်ဆောက်ရာတွင် အုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ် ပါဝင်ကြိုးပမ်းလိုကြသူများအတွက် အားရစရာတွေကို စဉ်းစားဆင်ခြင်မိသည်။

(၂)

အုတ်တစ်ချပ်ဖြစ်လာဖို့။

ပထမမြေကြီးကိုရှာရသည်။ ရေခံမြေခံကောင်းမှ ဆိုသကဲ့သို့ မြေကောင်းကောင်းတော့ လိုသည်။ မြေကြီးကိုစေးထန်စေအောင် ရေနှင့်နူးရသည်။ နှပ်ထားရသည်။ နူးနပ်သောမြေကြီးကိုမှ ကြိတ်နယ်ရ သည်။ လူအား၊ တိရစ္ဆာန်အင်အား သို့မဟုတ် စက်အားဖြင့်ဆုံတွင်ကြိတ်နယ်ရသည်။ ပုံစံပြရလျှင် ကျောင်းသားတစ်ယောက်ကို ဆရာ၊ ဆရာမများက စာတတ်ပေတတ်စေရန်နှင့် လိမ္မာယဉ်ကျေးစေရန် အတွက်သင်ကြားပေးသည်နှင့် တူသည်။ ကျောင်းသားသည် ကျောင်းပိတ် ရက်အချို့မှအပ နေ့စဉ်ရက် ဆက်နှစ်ပေါင်းများစွာ စာသင်ခန်းထဲတွင် သင်ယူရသည်။ အိပ်ချင်လည်း မအိပ်ရ၊ ကစားချင်လည်း မကစားရပေ။ ကြိတ်နယ်မှုကောင်းပါမှ အုတ်ကောင်းတစ်ချပ်ကိုရသည်။ ထိုနည်းတူ ဆရာ၊ ဆရာမများ ၏သင်ကြားမှုက အရေးပါသည်။ ကျောင်းသားများကို စည်းမဲ့ကမ်းမဲ့၊ ဆုံးမခြင်းကင်းမဲ့စွာထားပါက ကျောင်းသားကောင်းများ ရနိုင်မည်မဟုတ်ပေ။

ကြိတ်နယ်ပြီးစီးသော မြေစေးကိုပုံစံခွက်ထဲထည့်ကာ ပုံရိုက်ယူရသည်။ ပုံရိုက်ပြီးသော အုတ်စိမ်းများ ကိုကား နေလှန်းရပြန်သည်။ နေလှန်းထားသောအုတ်များကို အုတ်စိမ်းဟုပင်ခေါ်သေးသည်။ ၎င်းတို့ သည်မကျက်သေး။ ထိုအချိန်တွင်အတော်လေး အလေအလွင့်အပျက်အစီးများသည်။ ဤအဆင့်သည် (၁၀) တန်း၊ တက္ကသိုလ်ဝင်တန်းကျောင်းသားများနှင့်တူသည်။ (၁၀) တန်းသည် ကျောင်းသားအများစု ကျရှုံးသောအတန်းဖြစ်သည်။ ကျသောသူအများစုကတော့ နောက်တစ်ကြိမ်ပြန်ဖြေပြန်သည်။ ကျရှုံး ဖန်များလာသည့်အခါ ၎င်းကျောင်းသား လက်လျှော့ကာ ကျောင်းထွက်သွားလေတော့သည်။ ၎င်းတို့ သည်အုတ်မဖြစ်သော မြေများဖြစ်သည့်အလျောက် ‘မြေကြီး’ ဖြစ်သွားသောအခါမှာတော့ ဝမ်းနည်း ရ လေမလား၊ ဝမ်းသာရလေမလား မဝေခွဲတတ်ကြ၊ မြေကြီးဘဝမှလာသော ကြိတ်နယ် ထားသော မြေစေးနှင့်ရိုးရိုးမြေစေး၊ ဘာများထူးခြားလာမည်နည်း။



(၃)

နေလှန်းပြီးသောအခါ အုတ်ကျိုးအုတ်ပဲ့များကိုပယ်ပြီးနောက် ဖိုသွင်းမီးဖုတ်ရသည်။ အုတ်များကို စနစ်တကျစီရီကာ မီးထိုးခြင်းသို့မဟုတ်အပူပေးခြင်း ပြုလုပ်ရသည်။ မီးညီစေရေးအတွက် ဖိုဆရာ သည်အရေးပါလှသည်။ အုတ်များသည် မျှတညီညာသော မီးကိုရမှသာ အကျက်မှန်ပေမည်။ ဤနေရာ တွင်တိုင်းပြည်တစ်ခုရှိ ကျောင်းသူ၊ ကျောင်းသားများအား စနစ်တကျပညာသင်ကြားခြင်းနှင့် ဆင်တူ သည်။ စနစ်တကျဆိုရာ၌ ရပ်ဝေးရပ်နီး၊ နယ်နှင့်မြို့ကြီးတန်းတူ အခွင့်အလမ်းရစေခြင်းဖြစ်သည်။ ထို့အပြင် မိမိ၏ဉာဏ်ရည်ဉာဏ်သွေးအလျောက် ပညာသင်ယူစေရသည်။

အသင့်အတင့်မျှပညာအရည်အသွေးရှိသူ သို့မဟုတ် ပညာရည်နိမ့်ကျသူကို အဆင့်မြင့်ပညာသင်ယူ စေပါက မီးထိုးလွန်ကဲသော အုတ်ကဲ့သို့ မီးကျွမ်းသွားပေမည်။ အုတ်ကောင်းမရ။

သို့ဖြစ်၍ ပညာရေးဆိုင်ရာ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၏ အဆုံးအဖြတ်သည် အရေးကြီးလှသည်။

မီးကျွမ်းသောအုတ်ကိုရရှိပါက ၎င်းကိုအဆောက်အဦကောင်းများတွင် မသုံးနိုင်တော့ပေ။ အုတ် ကောင်းအုတ်သန့်များကိုသာ နှစ်ရှည်ခံနိုင်သော အဆောက်အဦများတွင် သုံးကြသည်။ မည်သို့ပင်ဖြစ် စေအုတ်အားလုံးကား သူ့နေရာနှင့်သူတော့ အသုံးဝင်လေသည်။ တချို့ကို အဆောက်အဦဆောက်ရာ တွင် အသုံးဝင်လေသည်။ တချို့ကိုအဆောက်အဦဆောက်ရာတွင် အသုံးဝင်သလို အချို့ကိုခြံစည်းရိုး အတွက်သုံးသည်။ အချို့ကိုမူ လမ်းခင်းကြသည်။ ပလက်ဖောင်းခင်းကြသည်။

တိုင်းပြည်တည်ဆောက်ရာတွင် ပါဝင်သောအုတ်များကဲ့သို့ လူငယ်များသည်လည်း ကျရာနေရာက တာဝန်ယူ၍ နိုင်ငံကိုတည်ဆောက်ရသည်။

အလေအလွင့်အုတ်များရှိသလို လူငယ်များထဲတွင်လည်း အလေအလွင့်ရှိလေသည်။ အလေအလွင့် အုတ်များသည် မြေကြီးထဲအသုံးမဝင်မြုပ်ဝင်သွားသကဲ့သို့ အလေအလွင့်လူငယ်တို့၏ ပျက်စီးမှုတွေကို လည်းမြင်တွေ့နေရသည်။

အလေအလွင့်နည်းစေရန်တော့ အားလုံးတွင်တာဝန်ရှိသည်။

(၄)

အုတ်ကောင်းများဖြင့် ဆောက်လုပ်ထားသော တိုက်တာအဆောက်အဦများစွာတို့သည် နှစ်ပေါင်းများ စွာအသုံးချနိုင်သည်။ တာရှည်ခံသည်။ (ထို့အတွက် မှန်ကန်သော သဲ၊ ဘိလပ်မြေ၊ အချိုးအဆများ ရောစပ်ပုံမှန်ကန်မှု စသည်တို့လည်း အရေးပါသေးသည်။)

မည်သို့ပင်ဖြစ်စေ တာရှည်ခံသော အဆောက်အဦသည်လည်း တစ်ချိန်တွင်ပြိုပျက်မည်သာပင်။ တား၍မရနိုင်သော သဘာဝတရားပင်ဖြစ်သည်။ အချို့အဆောက်အဦများမှာ အန္တရာယ်ရှိအဆောက် အဦအဖြစ် သတ်မှတ်ခံရကာ ဖြိုဖျက်ရသည်လည်းရှိသည်။

ထိုအခါတွင် မြေအုတ်တို့ဘာဖြစ်သွားမည်နည်း။ အုတ်ကျိုးအုတ်ပဲ့များကို လမ်းခင်းရာတွင်သာ အသုံး များသည်။ တစ်ခါတစ်ခါတော့လည်း အုတ်ဟောင်းများကို ဝင်းခြံစည်းရိုးအတွက် သုံးကြသည်။ နောက် တော့ကော၊ နောက်တော့ မြေအုတ်တို့ဘဝနိဂုံးသို့ရောက်ရလေပြီ။ အထုခံ၊ အထောင်းခံ၊ မီးဖုတ်ခံရ သောအုတ်ချပ်။ လူအား၊ စက်အား၊ တိရစ္ဆာန်အားစတဲ့ လုပ်အားတွေသုံးကာ တည်ဆောက်ခဲ့သော အုတ်ချပ်။ ထိုအုတ်ချပ်သည် နောက်ဆုံးမြေကြီးထဲသို့ ဝင်ရောက်ငုပ်လျှိုး သွားပေတော့သည်။ အုတ်ချပ် တို့၏လာရာလမ်းကို ပြန်သွားခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဓမ္မတာပင်ဖြစ်တော့သည်။ ဘဝသည် လည်းထိုနည်းနှင်နှင်။

အချိန်တန်ရင်တော့ ကျွန်ုပ်တို့တစ်တွေအားလုံးသည်လည်း ပြန်ကြရပေဦးမပေါ့။ မပြန်ခင်ခဏ ကာလ လေးကိုဘဝလို့ဆိုထားလေတော့ တို့တစ်တွေအားလုံး ကြိုးစားရှင်သန်ရင်း အုတ်တစ်ချပ်သဲတစ်ပွင့် အဖြစ်ကြိုးစားကြရပေဦးမည်ဖြစ်ကြောင်း။

စောင့်ကြည့်သတင်းဂျာနယ်
အတွဲ(၈)၊ အမှတ်(၄၆)၊ ဧပြီလ(၂၂) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...