မွတ်ဆလင်ညီအစ်ကိုတော်များ အဖွဲ့နှင့် ဆက်စပ်သူ (၆၀၀)ကျော်ကို သေဒဏ်ချမှတ်



အီဂျစ်တရားရုံး တစ်ခုက ယခင်ဩဇာကြီးမားခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့နှင့် ဆက်စပ်သူ (၆၀၀)ကျော်ကို သေဒဏ်ပေးရန် ထောက်ခံဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ (၂၀၁၃)ခုနှစ်က မင်ညာရှိ ရဲစခန်း တစ်ခုကို တိုက်ခိုက်မှုအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ယင်းအတွက် အကြမ်းဖက်မှု စွဲချက် တစ်ရပ် တင်ရှိခဲ့ခြင်း ဖြစ်သည်။ စီရင်ချက်တွင် အကျုံးဝင်သူ (၆၈၃)ဦးထိ ရှိနေပြီး ယင်းတို့အနက် ညီအစ် ကိုတော်များ အဖွဲ့ခေါင်းဆောင် မိုဟာမက် ဘာဒီသည်လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သတင်းများက ဆိုသည်။


(မွတ်ဆလင်ညီအစ်ကိုတော်များအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့)

မတ်လအတွင်းက လူပေါင်း(၅၂၉)ဦး၏ သေဒဏ်ချမှတ်မှုအနက် (၄၂၉)ဦးအား ထောင်ဒဏ်တစ်သက် သို့ ပြောင်းလဲကျခံစေရန် တရားရုံးက ဆုံးဖြတ်ခဲ့သေးသည်။ တရားရုံး စီရင်ချက်ကို အတည်ပြု ပြီးနောက် ဆွေမျိုးသားချင်းများ အနေဖြင့် ရုံးရှေ့တွင် ပူဆွေးခြင်းကြီးစွာဖြင့် ဆောက်တည်ရာမရ ဖြစ် ခဲ့ကြောင်း သိရသည်။ လူအုပ်ကြီးက “တရားမျှတမှု ဘယ်မှာလဲ”ဟု အော်ဟစ်ကြွေးကြော် ရှုတ်ချ ခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြီး သမ္မတ မိုဟာမက်မော်စီ သည်လည်း ဖမ်းဆီးခံ ထားရသည်။


(သေဒဏ်ချမှတ်ခံရသူတို့၏ ဆွေမျိုးသားချင်းများ)

ထိုဖြစ်ရပ်တွင် လူပေါင်းရာနှင့်ချီ သေကြေခဲ့ကြပြီး ထောင်နှင့်ချီ ဖမ်းဆီးခံရသည်။ တနင်္လာနေ့ စီရင်ချက်တွင် ပါဝင်သူ (၆၈၃)ဦးအနက် (၅၀)ဝန်းကျင်သာ အီဂျစ်အကျဉ်းထောင်များတွင် ရှိနေပြီး ကျန်သူများသည် မိမိ ဆန္ဒအတိုင်း လာရောက် အဖမ်းခံနိုင်ကြောင်း တရားရုံးက ကြေညာထားသည်။ ယခုစီရင်ချက်သည် လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ တင်းမာမှုနှင့် ပဋိပက္ခများကို ဖြစ်ပေါ်လာစေမည့် အခြေအနေမျိုးထံ ဦးတည်သွားနိုင်ကြောင်း အီဂျစ်နိုင်ငံရေး လေ့လာသူများက ပြောကြားခဲ့ကြသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...