တရုတ်နိုင်ငံမှ လူသူကင်းမဲ့နေသည့် တန်ဖိုးကြီး အိမ်ရာစီမံကိန်းများ
ခေတ်မီသပ်ရပ်သည့် နေအိမ်ကြီးများကို ဆောက်လုပ်ထားသည်။ မြို့ငယ်လေးတစ်ခုသဖွယ် ဖြစ်နေသော အိမ်ရာစီမံကိန်းတွင် အသုံးပြုထားသည့် ပစ္စည်းအားလုံးလိုလို တန်ဖိုးကြီး အသုံးအဆောင်များ ဖြစ်ကြသည်။ လူကုံထံ၊ လူချမ်းသာများသာ မျှော်မှန်းနိုင်သည့် အထက်တန်းလွှာ အသိုက်အဝန်းမျိုးသာ ဝင်ဆံ့နိုင်မည့် ပတ်ဝန်းကျင်မျိုးဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း လက်တွေ့တွင်မူ ထိုအိမ်ကြီးအိမ်ကောင်းအားလုံး လူသူကင်းမဲ့နေသည်။ ရှေးနှစ်ပေါင်းများစွာက မြို့ပျက်ကြီးတစ်ခုသဖွယ် ဆိတ်သုဉ်းလျှက်ရှိ သည်။ ခေတ် မီသော အရိပ်အငွေ့များအောက်တွင် အထီးကျန်ခြင်းက လွှမ်းမိုးလျှက်ရှိသည်။ တရုတ်နိုင်ငံ၊ ဂွမ်ဇီဇောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ အဆိုပါ အိမ်ရာစီမံကိန်းကို သေဆုံးနေသောမြို့ကြီးဟု လူအများက တင်စားခေါ်ဝေါ်ကြလေသည်။
တရုတ်နိုင်ငံတွင် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုကို ကြီးကြီးမားမား ကန့်သတ်ထားခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ပြည်တွင်းတွင်သာ အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်နေကြသည်။ သို့သော်လည်း စီးပွားရေးဆိုင်ရာ အချက်အခြာကျသော ဒေသများနှင့် ဝေးကွာလွန်းသည့်အခါ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဘဲ ယခုအိမ်ရာ စီမံကိန်းကဲ့သို့ လူသူကင်းမဲ့ကာ စွန့်ပစ်အဆောက်အအုံများသဖွယ် ပြောင်းလဲ သွားလေ့ရှိသည်။ အိမ်ကြီးအိမ်ကောင်း (၁၀၀)ကျော်သည် လွန်ခဲ့သော (၆)နှစ်ကတည်းက မည်သူမျှ မနေထိုင်ဘဲ စွန့်ပစ်အရပ်ဒေသ တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ အိမ်တစ်လုံး၏ တန်ဖိုးသည် တရုတ်ယွမ်ငွေ (၃)သန်း၊ ပေါင်စတာလင်အားဖြင့် (၂၈၆၀၀၀)မျှထိ ကျသင့်ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် အလားတူ အလဟဿ အိမ်ရာစီမံကိန်းကြီး အတော်များများလည်း နောက်ထပ်ရှိနေသေးသည်။
တရုတ်တွင် မြေရာဈေးနှုန်းများ မြင့်တက်လာလေ့ရှိရာ လူအများက ၎င်းတို့၏ ငွေကြေးကို ဆောက်လုပ်ရေး လုပ်ငန်းများတွင် မြှုပ်နှံကြသော်လည်း နေရာရွေးမှားသည့်အခါ ယခုစီမံကိန်းကဲ့သို့ အလဟဿ အခြေအနေ ကြုံရခြင်း ဖြစ်သည်။ ယခုစီမံကိန်းတွင် ပန်းဥယျာဉ်၊ စူပါမားကက် အရောင်းဆိုင်တို့ကိုပါ ထည့်သွင်း တည်ဆောက်ထားသော်လည်း လူသူကင်းဝေးပြီး အချည်းနှီး တန်ဖိုးမဲ့ခဲ့ရသည်။ ပတ်ဝန်းကျင် စီးပွားရေး ရပ်ဝန်းများနှင့် ဝေးကွာလွန်းခြင်းက ထိုဒေသတွင် လူအများ အခြေချ နေထိုင်ရန် မဆွဲဆောင်နိုင်သည့် အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်။ မြေရာရောင်းဝယ်ရေး ကျွမ်းကျင်သူ တစ်ဦးက “မြို့ပြ ဖွံ့ဖြိုးရေး ပြောင်းလဲမှုတွေ အရှိန်မြှင့်နေတဲ့ တရုတ်နိုင်ငံမှာ ကြုံရတဲ့ အခြေအနေ တစ်ရပ်ကို တစ်ကမ္ဘာလုံး မြင်သာမှု အရှိဆုံး ညွှန်ပြနိုင်မယ့် ပြယုဂ်ပေါ့လေ။ ဒီလို တစ္ဆေမြို့ကြီးတွေကို တခြားနေ ရာတွေမှာလည်း တွေ့နိုင်ပါသေးတယ်”ဟု ပြောကြားခဲ့သည်။
ထိုနေရာတွင် အိမ်ကြီးအိမ်ကောင်း ရာနှင့်ချီရှိသည်။ သို့သော်လည်း ဖုံများတက်နေသလို အမှိုက်ဗရပွနှင့် လမ်းမများပေါ်တွင်လည်း လူသူကင်းမဲ့နေဆဲဖြစ်သည်။ “ရူးနေတာပါပဲ။ အိမ်ကြီးတွေဆောက်ပြီး လူနေလို့ မရဘူးဆိုတာက ရူးနေလို့ပေါ့”ဟု အနီးတွင် တင်းကုပ်ငယ်လေးတစ်ခု ဆောက်လုပ်နေထိုင်သည့် အိမ်ခြေရာမဲ့ ဒေသခံ တစ်ဦးက ဝေဖန်သွားသည်။
Planet Myanmar Network