တောင်ကိုရီးယားသင်္ဘောနစ်မြှုပ်မှု သေဆုံးသူ ၄၉ ဦးအထိ ရှိလာပြီး ၂၅၀ ကျော် ပျောက်ဆုံး

တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ရဲ့ ရှာဖွေရေး သင်္ဘောတစင်းဟာ နောက်ဆုံးရှာတွေ့တဲ့ အလောင်း တချို့ကို တင်ဆောင်ရင်း ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဂျင်ဒို ဆိပ်ကမ်းကို ဆိုက်ရောက်ပါ တယ်။ သေဆုံးသူ ၄၉ ဦး ရှိသွားပြီလို့ အာဏာပိုင်တွေက အတည်ပြုပြီး ၂၅၀ ကတော့ ရေအောက်မြှုပ်နေ တဲ့ သင်္ဘောထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်နေကြပါတယ်။



ရှာဖွေရေးအဖွဲ့တွေဟာ တညတည်းမှာ အလောင်း ၁၆ လောင်းကို တွေ့ရှိခဲ့တယ်လို့ ကမ်းခြေစောင့်တပ် အရာရှိတွေက ပြောပါတယ်။ သင်္ဘောရဲ့ ခရီးသည်ခန်းမ ပြတင်းတံခါးတွေကို အထူးပြုလုပ်ထားတဲ့ ပုဆိန်တွေနဲ့ ဖောက်ထွင်းပြီး အလောင်းတွေကို ဆယ်ယူခဲ့ရတယ်လို့ ပြောပါတယ်၊ ရှာဖွေရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။

အလောင်းတွေကို ပြန်မတွေ့မချင်း ကရိန်း သုံးပြီး သင်္ဘောကို ရေပေါ်ဆယ်တင်ဖို့ အစီအစဉ် မရှိသေးဘူး လို့ ပြောပါတယ်။ ကိုရီးယား အရာရှိတွေက အခုအထိ ကယ်ဆင်ရေး အဆင့်လို့ သုံးနှုန်းနေကြပေမယ့် ကျွမ်းကျင်သူတွေကတော့ နောက်ထပ် သင်္ဘောပေါ် ပါသွားတဲ့လူတွေကို အသက်ရှင်လျက် တွေ့ရဖို့ မမျှော်လင့်နိုင်တော့ဘူးလို့ပြောပါတယ်။

ဧပြီလ ၁၉ ရက်နေ့အထိ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ရေငုပ်သမားတွေဟာ ရေအောက် ၈၆ ပေ အနက်မှာ မြှုပ်နေတဲ့ သင်္ဘောဝမ်းပိုင်း ခရီးသည်ခမ်းမဆီကို ရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတုန်းပါပဲ။ ပင်လယ်ရေက တိမ်တယ်ဆိုပေမယ့် လိုင်းကြမ်းတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာ နစ်မြှုပ်သွားတဲ့ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း ၄၇၆ ဦး လိုက်ပါခဲ့တာဖြစ်ပြီး ၃၃၉ ယောက်ကတော့ ဆိုးလ်မြို့နားက အထက်တန်းကျောင်း တကျောင်းတည်း က ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေ ဖြစ်ပါတယ်။ ဒီသင်္ဘော နစ်မြှုပ်မှုဟာ ကိုရီးယားနိုင်ငံ သမိုင်းမှာ ၂၁ နှစ်အတွင်း အသေအပျောက် အများဆုံး ရေကြောင်း မတော်တဆမြှုဖစ်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...