ခြံစည်းရိုးလေး ဝိုင်းကာပေးပါ - ဒေါက်တာစန္ဒာလှိုင် (ပထဝီဝင်)

လာမည့် ၂၀၁၄ ခုနှစ် မေလ ၂ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံသို့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက် ခဲ့သည်မှာ ခြောက်နှစ်တင်းတင်း ပြည့်ပါပြီ။ မိုးသားတိမ်လိပ်တွေ ဆင်လာတိုင်း လွန်ခဲ့သော ခြောက်နှစ်က မိုး၊ လေ၊ မုန်တိုင်း ဒီရေကြားထဲမှာ လက်တွဲဖြုတ်ခဲ့ရတဲ့ မိသားစုဝင်တွေကို အောက်မေ့ လွမ်းဆွတ်ကြမှာပါ။ လူပေါင်း ၁၄၀,၀၀၀ ကျော် အသက်ဆုံးရှုံး စေခဲ့ပြီး ကျန်ရစ်သူ မိသားစုများမှာလည်း အရာရာ ဗလာနတ္ထိ ဘဝက ဝိုင်းဝန်းထူမလို့ ထနိုင်ကြပါပြီ။ ‘ထ’ နိုင်ပေမယ့် တကယ် ‘ရပ်’ နိုင်ကြပြီလား။ မေးခွန်းထုတ်စရာပါ။



ယခုဆိုလျှင် ကျန်ရစ်ခဲ့တဲ့ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများရဲ့ အသက်ကဖြင့် ခြောက်နှစ် ကြီးလာသလို ဧရာဝတီ ခြံစည်းရိုးတွေကရော သက်တမ်း ဘယ်လောက် ရှိပြီလဲ၊ ခြံစည်းရိုး ကျဲကျဲလား၊ စိပ်စိပ်လား၊ ဘာမှမကာရံ ထားတာလား။ စာရေးသူတို့ လျစ်လျူ မရှုသင့်ပါ။ ယင်းခြံစည်းရိုးသည် သာမန်မဟုတ်ပါ။ အသက်အိုးအိမ် စည်းစိမ်ကာ ကွယ်ပေးမည့် သဘာဝ လက်ဆောင်ပဏ္ဏာ စည်းရိုးပါ။ ခြံစည်းရိုးတွေ ဘာကြောင့် ကျဲပါးကုန်တာလဲ၊ မရှိတော့တာလဲ။

ပထမအချက် အနေနှင့် ၁၈၆၉ ခုနှစ်တွင် စူးအက် တူးမြောင်းဖောက် လုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ မှ ပြည်ပသို့ ဆန်စပါး ပိုမိုတင်ပို့ ရောင်းချနိုင်ရန်အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် လယ်ယာမြေ ချဲ့ထွင် ခဲ့ကြပြီး အထက်မြန်မာပြည်မှ လာရောက်သူများနှင့် အိန္ဒိယနိုင်ငံမှ အလုပ်သမားများဟာ လယ်ယာ လုပ်ကိုင်ကြရန် မြေရိုင်းများ၊ ဒီရေတောများနှင့် ရေတိမ်ဒေသများကို ခုတ်ထွင် ရှင်းလင်း၍ ဓားမဦးချ အခြေချ နေထိုင်လာခဲ့ကြပါသည်။

ဒုတိယအချက် အနေနှင့် ရန်ကုန်မြို့နှင့် မြစ်ဝကျွန်းပေါ်ရှိ အချို့ မြို့ကြီးများသို့ ဆာလောင်နေသော လောင် စာစွမ်းအင် ပြည့်မီစေရန် ဘိုကလေး ‘မြင်းဝ’ မီးသွေးထင်းသည် နံပါတ်တစ် ဖြစ်လာခဲ့သည်။ တိုးတက် များပြားလာသော လူဦးရေ၊ မြန်မာနိုင်ငံ၏ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု အခြားအကြောင်းအရာ ပေါင်းစုံ တို့သည် ဒီရေတောများ တဖြည်းဖြည်း လျော့နည်းလာပြီး တောကို ပျက်စေသော မြားများ ဖြစ်လာခဲ့ကြ သည်။

တတိယအချက် အလွန်အကျွံ ခုတ်ယူမှုတွေ ပြုလုပ်ကြတဲ့ သူတွေဟာ ယေဘုယျအားဖြင့် ဒေသခံတွေလို့ အကြမ်းဖျင်း သုံးသပ်လိုက်ကြပေမယ့် အဓိက တရားခံက ဆင်းရဲမွဲတေမှု ဖြစ်ပါသည်။ အခြားကြံစည် အားထုတ်စရာ အလှည့်အပြောင်း စဉ်းစားခွင့် အခွင့်အလမ်း နည်းပါးမှုကြောင့် ကျပ်တည်းမှုဟာ ဒီရေတောအပေါ် မှီခိုမှု လုံးလုံးလျားလျား ဖြစ်ခဲ့ရပါသည်။

စတုတ္ထအချက် အနေနဲ့ ထပ်လောင်း၍ အင်အား အင်မတန် ပြင်းထန်သော ဆိုင်ကလုန်းဒဏ် ထပ်ဆင့် ခံလိုက်ရသဖြင့် ဆင်းရဲမှုနှင့် စိတ်ကစဥ့်ကလျားက ပေါင်းလိုက်သောအခါ ရေရှည် စီမံကိန်းများဖြစ်တဲ့ ဒီရေတော ပြန်လည် စိုက်ပျိုးကြဖို့ရန် ဒေသခံများ ပူးပေါင်းပါဝင်မှုမှာ လေးဖင့်သွားကြပါသည်။ သို့သော် ဆိုင်ကလုန်း နာဂစ်အလွန်မှာဖြင့် ကိုလိုနီခေတ်မှစ၍ ယနေ့ လက်ရှိ အခြေအနေထိတိုင် ဒီရေတောများ အပေါ် တန်ဖိုးထားမှုမှာလည်း များစွာ ပြောင်းလဲသွားခဲ့ပါသည်။ ဤအပင်များ၏ တန်ဖိုးကြီးမားမှုမှာ အသက်ရှင် ကျန်ရစ်သူများက သက်သေဖြစ်ပါသည်။

ကောင်းကင် ဓာတ်ပုံဂြိုဟ်တုများ၏ မှတ်တမ်းအရ ၁၉၈၉ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒီရေတော အထူထပ်ဆုံးဖြစ်သည့် ဘိုကလေးမြို့နယ်တွင် ဒီရေတော သိပ်သည်းသည့် တောဧက (Dense Mangrone) ၁၉၀၊ ၁၉၁ ဧက၊ ဒီရေတော ကျဲပါးတောဧက (Sparse Mangrone) ၁၆၊ ၁၆၈ ဧကဖြစ်ပြီး စိုက်ပျိုးမြေဧကမှာ ၂၁၆၊ ၄၄၃ ဧက ဖြစ်ပါသည်။ ၁၀ နှစ်ခြား၍ ဂြိုဟ်တု မှတ်တမ်းအရ ၂၀၀၀ ပြည့်နှစ်တွင် Dense Mangrone ၉၈၊ ၈၂၉ ဧကနှင့် Sparse Mangrone ၂၂၊ ၂၉၃ ဧကဖြစ်ပြီး စိုက်ပျိုးမြေမှာ ၃၂၂၊ ၅၄၅ ဧက ဖြစ်လာပါသည်။

၂၀၁၀ ပြည့်နှစ် မှတ်တမ်းအရ Dense Mangrone မှာ ၄၈၊ ၄၆၈ ဧက၊ Sparse Mangrone မှာ ၃၂၊ ၀၉၂ ဧကဖြစ်ပြီး စပါးစိုက်ခင်း များကတော့ ၃၅၃၊ ၅၅၂ ဧကအထိ တက်လာခဲ့ပါသည်။ ဤနှုန်းအတိုင်း ၁၀ နှစ်မှာ ဒီရေတောဧက တစ်ဝက်ကျိုးသွားလျှင် နောက် ၂၀၂၀ မှာ ဧကနှစ်သောင်းခန့်၊ ၂၀၃၀ မှာ ဧကတစ်သောင်း ခန့်ဖြင့် စာရေးသူတို့ အချိန်မီ မည်သို့ ကုစားကြမည်နည်း။ စားနပ်ရိက္ခာ ဖူလုံရန် အရေးကြီး သကဲ့သို့ ခြံစည်းရိုးများ လုံခြုံစေရန်လည်း ထပ်တူ အရေးကြီးလှပါသည်။ အချိန်မီ မကုစား၊ မဟန့်တားထား နိုင်ပါလျှင် အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လူမျိုးအတွက် ဆုံးရှုံးမှု ကြီးမားနိုင်ပါသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးရင်ဖြင့် အမျိုးသား မြေမူဝါဒ ချမှတ်ရာတွင် ပြည်ထောင်စုအတွင်း နေထိုင် သည့် လူဦးရေနှင့် စားနပ်ရိက္ခာ အချိုး တွက်ချက်ပြီးပါက ဒီရေတောများ အရှိန်အဟုန် ပြင်းပြင်းဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် ကဲ့သို့ ပြန်လည် စိုက်ပျိုးကြရန် မျှော်လင့်မိပါသည်။

မြန်မာနိုင်ငံတွင် ဒီရေတော အပါအဝင် သစ်တောဖုံးလွှမ်းမှုမှာ ၂၄ ရာခိုင်နှုန်းခန့်သာ ရှိနိုင်တော့သည်ဟု သစ်တော ပညာရှင်များ ခန့်မှန်း ထားကြပါသည်။ အရှေ့တောင်အာရှ အသင်းဝင် (ASEAN) နိုင်ငံများ အနက် ဒီရေတော ပျက်စီးနှုန်း အမြင့်မားဆုံးနိုင်ငံမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာ တို့ ဖြစ်ကြသည်။

ဒီရေတော၏ သဘောသဘာဝမှာ ယင်းတို့၏ အစာရေစာအတွက် ကုန်းတွင်းပိုင်းရေနှင့် ဒီရေ နှစ်ခု စလုံးအပေါ် အမှီပြုရပါသည်။ ဒီရေများဟာ ဒီရေတောများကို အာဟာရ ဖြည့်ပေးပြီး မြစ်ကြောင်း တစ်လျှောက် သယ်ဆောင်လာတဲ့ အနယ်များဟာလည်း မြစ်ဝမှာရှိတဲ့ ရွှံ့နွံတွေကို ဓာတ်သတ္တုများ ကြွယ် ဝစေပြီး ဒီရေတောတွေရဲ့ ဗီတာမင် အားဆေးတွေ ဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြော ဧရာဝတီ မြစ်ကြီးဟာဖြင့် ဒီရေတောများ ရှင်သန် ကြီးထွားပွားများ ပြန့်နှံ့နိုင်ဖို့ ဓာတ် သတ္တုတွေ သယ်လာပေးမယ့် မြစ်ကြီးတစ်စင်းပါ။ ဧရာဝတီ မြစ်ဖျားကစပြီး အတားအဆီး အနှောင့်အယှက် ကင်းကင်းဖြင့် ဗီတာမင် ဓာတ်သတ္တုတွေ မြစ်ဝကျွန်းပေါ်ကို သယ်ဆောင် ပို့ချနိုင်မှသာ ငါး၊ ပုစွန်၊ ကဏန်း၊ ကမာတို့ရဲ့ သားပေါက်ရာ မီးနေခန်းဖြစ်တဲ့ ဒီရေ တောတွေ ရှင်သန်၊ ကြီးထွားနိုင်မှာပါ။ ဤကဲ့သို့ ဆက်စပ်နေသဖြင့် ဒီရေတောများ ယခင်ကကဲ့သို့ ကြီးထွားမှု အားနည်းလာခြင်း၊ အပင်များ ကျဲပါးလာ ၍ ရေနေသတ္တဝါတို့ နေရင်းဒေသ လျော့နည်းလာခြင်း တစ်ဆက်တစ်စပ်တည်း မြစ်ဝကျွန်းပေါ်မှာ ငါး၊ ပုစွန်၊ ကဏန်းတို့ ဖမ်းဆီးရရှိမှု အထိအမိ နည်းလာခြင်းသည် လက်တွေ့ခံစားနေရပြီ ဖြစ်သည်။

တောနှင့် အနီးကပ်ဆုံး နေထိုင်သည့် ဒေသခံများ၏ အား၊ စိတ်ဝင်စားမှု၊ အစိုးရ၊ MOECF, NGOs, INGOs များနှင့် အလှူရှင်များ၏ စိုက်ထုတ် ပံ့ပိုးပေးမည့် နည်းပညာ၊ ငွေကြေး၊ သစ်မျိုးစေ့၊ သစ်တော၊ သားငါး၊ သီးနှံစိုက်ပျိုး မွေးမြူခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ ပါဝင်သော သစ်တောလုပ်ငန်း (Community Forestsy) တို့ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ ခြံစည်းရိုးကို အကြားအပေါက်မရှိ အချိန်မီ ခတ်နိုင်ကြပါစေ။

Ref: ဒေါက်တာကျော်တင့် ပြည်သူအတွက် သစ်တောပညာ၊ မစန္ဒာလှိုင် Ph.D (၂၀၁၃) စာတမ်း။ No Geography, No Development

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...