ပြည့်တန်ဆာတစ်ယောက်၏ အရိုးရှင်းဆုံး ဖွင့်ဟ၀န်ခံချက်



ဒီမိုကရေစီခေတ်သို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ အမျိုးသမီးအခွင့်အရေး တက်ကြွစွာလှုပ်ရှားမှု များနှင့် ပြည့်တန်ဆာတရားဝင် ရှိသင့်/မရှိသင့် လွှတ်တော်တွင် ဆွေးနွေးမှုရှိခဲ့သော်လည်း ထင်ရှား သည့် ပြောင်းလဲမှုကို မတွေ့ရသေးပေ။ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ခဲ့ရင်း သက်ဆိုင်ရာ၏ အနိုင် ကျင့်ခြယ်လှယ်မှုများ၊ လူ အချင်းချင်း ခေါင်းပုံဖြတ်မှုများရှိနေသည့် ယင်းလုပ်ငန်းမှ ကြိုးစားရုန်းထွက်ရန်ခဲ့သူ၊ HIV ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦးက News Watch ဂျာနယ်သို့ ရင်ဖွင့်စာပေးပို့ခဲ့သည်။ ပြည့် တန်ဆာ လောက၏ ပုံရိပ်အား အနည်းနှင့်အများ ပေါ်လွင်အောင်ရေးသားထား ခြင်းဖြစ်၍ ဖော်ပြပေး လိုက်ခြင်းဖြစ်ပါသည် ခင်ဗျား။

“ကျွန်မ ဒီရောဂါရတာ သွေးသွင်းလို့၊ ကတုံးရိတ်လို့၊ မျက်ခုံးမွေးရိတ်လို့ဆိုတဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွေ အတိုင်းတော့ မဟုတ်ပါဘူး။ လွယ်လွယ်ငွေနောက် လိုက်တယ်ပဲပြောပြော၊ ခေတ်ကြီးကြောင့်ပဲဆိုဆို တိုင်းပြည်က စစ်အာဏာရှင်ကြောင့် ဆင်းရဲလို့ပဲပြောပြော ဘယ်လိုအကြောင်း ပြပဲပြောပါစေ ကျွန်မကိုယ် တိုင် ပြဋ္ဌာန်းခဲ့တဲ့ ဇာတ်ကာင်ပါပဲ။ ပြောရရင် ကျွန်မပြည့်တန်ဆာလောကမှာ ကျင်လည်ခဲ့ဖူးတယ်။ ဒီလောကဟာ တော်တော်ဇာတ်လမ်းပေါင်းမြောက်မြားစွာ က ရတဲ့ဘ၀ပါ။ ကျွန်မဘ၀ဟာ အမေရယ်၊ အစ်မ တစ်ယောက်ရယ်၊ မောင်အငယ်ဆုံးလေးရယ် လှိုင်သာယာမှာ နေပါတယ်။

အစ်မက ရောဂါသည်။ အမေကတော့ စက်ချုပ်တယ်။ အဲဒီဝင်ငွေ နှင့်မလောက်ဘူးပဲပြောကြပါ စို့။ မောင်လေးကတော့ ဆိုးတယ်။ ဇာတ်နာအောင်တော့ မပြောချင်ပါဘူး။ ကျွန်မလည်း ထွက်ပေါက် တစ်ခုဖြစ်တဲ့ အသက် (၂၀)ကျော်မှာ ယောကျာင်္းယူလိုက်တယ်။ ယောကျာင်္းကလည်း လက်ကြော တင်း အောင် အလုပ်မလုပ်ဘူး။ သိပ်မကြာပါဘူး၊ တစ်နှစ် ကျော်ကျော်မှာပဲ ကွဲတယ်။ သူကတော့ ပြန်ပေါင်း ချင်ပါတယ်။ အဲဒီလိုနဲ့ ကျွန်မ တရုတ်ဘီးကျဲဘောစေ့တစ်ယောက်ကို ပြုစုပေးရမယ်ဆိုပြီး ကျွန်မတို့နားက အစ်မတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့် ကိုယ်တစ်ပိုင်း သေနေတဲ့ အသက် (၅၀)ကျော် ယောကျာ်း တစ်ယောက်ကို ဟင်းတွေ ဘာတွေ တစ်ပတ်ခြားချက်ပေးရတယ်။ ကိုယ်လက်သန့်စင်၊ အ၀တ်လျော်၊ မီးပူတိုက်ပေါ့ရှင်။ သူကတော့ ငွေစ၊ ကြေးစလေးလည်း ပိုပိုမိုမိုပေးပါ တယ်။ နောက် လက်ဝတ်လက်စား လည်း ဆင်ပေးပါတယ်။ တိုတိုပြော ရရင် သူနဲ့နေတယ်ပဲပြောကြပါစို့။ အဲဒီလိုနဲ့ သူရဲ့မယားကြီး ထိုင်ဝမ် က ပြန်လာတဲ့အချိန်မှာ ကျွန်မရဲ့စိတ် မထိန်းနိုင်မှုကြောင့် စိန်လော့ကတ်သီး ခိုးမိတယ်။ အဲဒီပုဒ် မကြောင့် ထောင်တစ်နှစ်ကျပြီး ဒီလိုင်းကိုကျရောက် လာတာပါရှင်။ ပထမတော့ ကျွန်မ ပြည့်တန်ဆာခေါင်းနဲ့ အလုပ်လုပ်ပါ တယ်။ ဖောက်သည်ကို ကိုယ့်ဘာသာရှာစရာမလိုဘူး။ သူ့ ရဲ့ထိန်းချုပ်မှု အောက်မှာလုပ်ရုံပဲ။ ရုပ်ချောရင် ချောသလောက် ချေးငွေပေးထားတယ်။ အများဆုံး တစ်သိန်း၊ တစ်သိန်းခွဲလောက် ငွေကြိုပေး တဲ့သဘောပါ။ နောက်လုပ်ငန်းခွင်ထဲက ဖဲ့ဆပ်ပေါ့။

သူရဲ့ခေါင်းကြေးက ကျွန်မတို့တစ်သောင်းရရင် သူက ခြောက်ထောင်ယူတယ်။ ရဲလိုင်းကြေးပေးပြီး စား စရိတ်၊ သောက်စရိတ်အပြီး အိမ်ပြန်ရင် (၁၀)ယောက်ဆိုရင် လေးသောင်းယူသွား၊ ဧည့်သည်တွေ စေ တနာရှိလို့ပိုပေးရင် ကျွန်မတို့လက်ထဲကိုထည့်မှရတယ်။ အဲဒီလိုနဲ့ လုပ်လာခဲ့တာ၊ အပိုင်နယ်ထိန်းက ကျွန်မတို့နဲ့နေချင်တယ်ဆိုလည်း နေ ပေးရပါတယ်။ သူမပြန်မချင်း ကျွန်မတို့ ဖောက်သည်မရဘူးပေါ့။ အဲဒီ လောက်အထိ ကျွန်မ စိတ်မပျက်သေးဘူး။ နောက်တစ်ချက်က အမှုလို တယ်ဆိုပြီး အဖမ်းပြတယ်။ အဲဒီနေ့က ကျွန်မနေမကောင်းလို့ကံကောင်း သွားတယ်။ အလုပ်မဆင်းဘဲ အိမ်မှာနေတဲ့ အချိန်ဖြစ်နေ လို့ပေါ့။ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေ ပြည့်တန်ဆာပုဒ်မနဲ့ အင်းစိန်ထောင်ထဲရောက် သွားတယ်။ အဲဒီအချိန်မှာ ကျွန်မခေါင်းနဲ့လုပ်စားတဲ့ကိစ္စကို စိတ်ပျက် သွားတယ်။ လုပ်ငန်းလည်း ကျွမ်းကျင်သွားပြီ ဆိုတော့ ကိုယ်တိုင်ကွင်း ဆင်းတယ်။ ကိုယ်ရတဲ့ငွေကြေးဟာ ကိုယ့်အတွက်ချည်းပဲ။ အန္တရာယ်တော့ ကြည့်ရှောင်ပေါ့။

'ညောင်သီးလည်းစား လေးသံလည်းနားထောင်'ဆိုရိုးစကားလိုပါ ပဲ။ အဲဒီမှာ သီရိမင်္ဂလာဈေးတို့ KTV တို့က အောက်လိုင်း၊ လေယာဉ်ကွင်းတို့၊ ကန်တော်ကြီးဟိုတယ်တို့၊ ဘာတို့က အထက်လိုင်းဆိုပြီးခွဲထား တဲ့ဈေးကွက်လည်း ရှိသေးတယ်။ တချို့က တော်တော်နပ်သွားတော့ ကိုယ့် ဘာသာ လိုင်းကြေးပေးပြီး သွားတယ်။ အဖမ်းအဆီးရှိရင် ကြိုသတင်းရ အောင်ပါ။ အဲဒီလိုနဲ့ ဗိုလ်ချုပ်ဈေး၊ မြို့ထဲ၊ ကန်တော်ကြီးတို့ဟာ ကျွန်မ စားကျက်တွေပါပဲ။ တစ်ပတ်ကို (၃)ရက် အလုပ်ဆင်းပါတယ်။ ကျွန်မ နှစ်နှစ်လောက်လုပ် ကိုင် ရင်း နေမကောင်းဖြစ်လာတယ်။ အဲဒီလိုနဲ့ ကျွန်မ AZG ကိုရောက်တယ်ပဲဆိုပါစို့။ AZG ကတော့ အတော်လေးကောင်း ပါတယ်။ ကျွန်မကို အလုပ်နားခိုင်းတယ်။ 'တစ်လ၊ နှစ်လလောက်နားပါ' ဒီမှာ ဆေး ကုနေတဲ့အချိန်မှာ အလုပ်မဆင်းပါနဲ့။ ရောဂါဟာ HIV အဆင့် (၂)ဖြစ်နေတယ်။ ဒီကြားထဲမှာ အိမ်ကို ဆီ၊ ဆန်၊ ရိက္ခာပေးတယ်။ ကျွန်မ ရဲ့ရောဂါကို နောက်လူမကူးနိုင်အောင် အသိပညာပေးတယ်။ အဖော် လည်း ဆောင်ခိုင်းထားပါတယ်။

ကျွန်မတို့ မိန်းမကိုယ်ကိုလည်း တစ်ပတ်တစ်ကြိမ် ဆေးကြောပေး တယ်။ တစ်လတစ်ကြိမ် ဆေးခန်းကို လာပြရတယ်။ အနီးကပ်ကုသပေး တဲ့သဘောပေါ့ရှင်။ နောက်ထူထူထောင်ထောင်ဖြစ်တော့ အလုပ်ပြန် ဆင်းတယ်။ ကံဆိုးချင်တော့ ကျွန်မလက်ထဲမှာ အဖော်နဲ့ လက်ပူးလက်ကြပ် မိတယ်။ ထောင် (၁) နှစ်ပြန် ကျတယ်။ စစ်အစိုးရ လက်ထက်မှာပါ။ အခုလို ဒီမိုကရေစီအစိုးရတို့ လွှတ်တော်ခေတ်တို့ ဘာတို့မှာတော့ အဖော်မိ လို့ရှိရင် ဘယ်လိုပုဒ်မနဲ့ ဖမ်းမလဲ ကျွန်မလည်းမသိဘူး။ အခြေခံဥပဒေ ဘယ်လိုပြဋ္ဌာန်းတယ် ဆိုတာလည်း မသိပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ကျွန်မတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ အကြောင်း အရာလေး ကျွန်မ ကြားမိတယ်။ ကျွန်မတို့နဲ့ ပတ်သက်ပြီး ရှိသင့်တယ်။ မရှိသင့်ဘူးဆိုတဲ့ အဓိက အကြောင်းအရာပဲ သိတယ်။ ကျွန်မ အနေနှင့်ကတော့ ရှိသင့်တယ် လို့ ထင်တယ်။ ဥာဏ်နည်းလို့၊ အသိပညာမရှိလို့ ထင်ချင်ထင်ပါစေ၊ ကျွန်မတို့ရဲ့ ဘ၀တွေကို ရဲတွေ၊ ခေါင်းတွေရဲ့ မတရား အလုပ်ခံရတဲ့ အကြောင်းတွေကြောင့် တရားဝင်ရှိသင့်တယ်လို့ ကျွန်မ ပြောချင်တယ်။

ဘယ်နိုင်ငံကများ ပြည့်တန်ဆာမရှိဘူးလို့ပြောရဲလဲ ကျွန်မ မေးချင်တယ်။ တရားဝင်ရှိတာနဲ့ တရားမ၀င် ရှိတာပဲကွာတယ် မဟုတ်လား။ တရုတ်နိုင်ငံမှာလည်းရှိတယ်။ ဒီလောက်တောင် သတ်နေဖြတ်နေပါ တယ်ဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံမှာလည်းပဲ ပြည့်တန်ဆာ မရှိဘူးလို့ ဘယ်သူပြောနိုင်သလဲ။ လူသားတွေရှိတဲ့နေရာမှာ အာဏာရှင်ဆန်ဆန် ပြဋ္ဌာန်းထားတဲ့ ဥပဒေ ပုဒ်မတွေဟာ မှောင်ခိုဈေးကွက် အားပေးတဲ့သဘော သက်ရောက်သွားပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့ အိတ်ထဲကို ငွေများများရောက်သွားတဲ့ အကြောင်းအရာပဲ။ မရှိလို့ လုပ်စားတဲ့ အခြေခံလူတန်းစားတွေအနေနှင့် သူတို့ပြုသမျှ နုရတဲ့သဘောပဲ ရှိတယ်။

ဟိုတလောက ဖတ်လိုက်ရတယ်။ မြောက်ကိုရီးယားက အာဏာရူး ကောင်လေးရဲ့အဖေကို ပြည့်တန်ဆာ ရှာပေးရတဲ့ သူ့ဦးလေးကို ခွေးစာ ကျွေးလိုက်တယ်ဆိုပဲ။ ကျွန်မပြောချင်တဲ့အကြောင်းအရာက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လို့ မရှိသင့်ဘူးတို့၊ ရှိသင့်တယ်လို့ ဆွေးနွေးနေမယ့်အစား ရှိရင်ဘာဖြစ်နိုင်တယ်၊ မရှိရင် ဘယ်လို အကျိုးရလာဒ်တွေထွက်မလဲ စဉ်းစား သင့်တယ်၊ စာရွက်ပေါ်မှာရှိတယ်၊ မရှိဘူးဆိုတာ အရေးမကြီးပါဘူး။ အပြင် မှာ တကယ်ရှိနေတာကို စဉ်းစားမှ အဖြေကောင်းကောင်းထွက်မှာပါ။ ကျွန်မအနေနှင့် တရားဝင်ပြည့် တန်ဆာ ရှိရေး၊ မရှိရေးအတွက်တင် မဟုတ်ပါဘူး။ တခြား ကဏ္ဍတွေမှာပါ စဉ်းစားဖို့လည်း ပါဝင်ပါတယ်။

အဲဒီလို တရားဝင်ရှိတော့ မှတ်ပုံတင်ထားတဲ့ ပြည့်တန်ဆာက ဘယ်နှယောက်၊ ရောဂါဖြစ်နေတဲ့သူက ဘယ်နှယောက်၊ ဆေးဝါးကုသ ပေးနေတဲ့သူက ဘယ်နှယောက်ဆိုပြီး ခွဲခြားထွက်လာမယ်။ အဲဒီမှာ HIV ခံစားနေရသူကို ဘယ်လိုအလုပ်အကိုင်တွေပေးမယ်၊ ဘယ်လို လုပ်မယ် ဆိုရင် ကူးစက်နှုန်း ကျဆင်းမယ် ဆိုတဲ့အဖြေတွေ ထွက်လာ ပါလိမ့်မယ်။ ကျွန်မ ဥာဏ်မီသလောက် ပြောကြည့်တာပါ။ ကျွန်မတို့ရဲ့ ပြည့် တန်ဆာ လုပ်ငန်းဟာ ဘုရားရှင်လက်ထက်ကတည်းက ရာဇဂြိုဟ်မြို့ ထဲမှာလည်းပဲ ရှိခဲ့ပါတယ်။

ယခု အချိန်အထိ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်နေတုန်းပဲလို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့လို ဘ၀တူ ညီအစ်မတွေကို ကိုယ်ချင်းစာလို့ပါ။ ကျွန်မ အခု ကွမ်းယာဆိုင် လှိုင်သာယာမှာ ရောင်းနေပါတယ်။ တစ်နေ့ကို ကွမ်း (၇၀) သားလောက်ကုန်ပါတယ်။ လေးငါးထောင်လောက် မြတ်ပါတယ်။ အိမ် စရိတ်လေး တော့ ရပြီ။ (ART) ဆေးတော့ ၀ယ်မသောက်နိုင်ပါ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီး ကို ပြည့်တန်ဆာတို့၏ ပုံရိပ်ဟာ ဘယ်လောက်ဆိုးဝါးနေသလဲကို သိရှိနိုင်အောင် ရင်ဖွင့်ရေးသားခြင်း သာ ဖြစ်ပြီး တောင်းဆိုမှုတွေ အများကြီးခံနေရသော နိုင်ငံတော် သမ္မတကြီး အနေနှင့် စိတ်အနှောင့် အယှက် မဖြစ်စေချင်ပါရှင်။

အမည်မဖော်လိုသူတစ်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...