ကမ္ဘာ့အသေးဆုံး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာသည့် ချပ်ဝတ်တန်ဆာကွန်ပြူတာ

ကိုယ်လက်လှုပ်ရှားမှု ကို တိုင်းတာသည့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာများစွာ ထွက်ပေါ်လျှက်ရှိပြီး အများစု သည် စမတ်ဖုန်း နှင့် ချိတ်ဆက်ရန် Bluetooth ဆက်သွယ်မှု ကို အသုံးပြုကြပါသည်။ Bluetooth ဆက်သွယ်မှုသည် စက်ပစ္စည်း ၏ ဘက်ထရီ ကို အလွန် ကုန်စေသည် ဟု သိရပါသည်။
G-Wearables က တီထွင်သည့် Goccia ဟု အမည်ပေးထားသည့် ကိုယ်လက်လှုပ်ရှားမှု ကို တိုင်းတာ သည့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာသည် စမတ်ဖုန်း နှင့် ချိတ်ဆက်ရန် Bluetooth ကို အသုံးမပြုဘဲ ထူးခြားဆန်းသစ်သည့် နည်းပညာ ကို အသုံးပြုထားပါသည်။ Goccia သည် အလင်းရောင် မှတစ်ဆင့် စမတ်ဖုန်း ၏ မျက်နှာချင်းဆိုင် ကင်ရာ နှင့် Sync ပြုလုပ်ခြင်း ဖြစ်ပါသည်။ Goccia ကို စမတ်ဖုန်း ကင်မရာပေါ်တွင် တင်ပြီး LED ကိုဖွင့်ခြင်းဖြင့် စမတ်ဖုန်း နှင့် ဆက်သွယ်မည် ဖြစ်သည်။ အဆိုပါ နည်းပညာ ကြောင့် Goccia ၏ အရွယ်အစား ကို အလွန်သေးငယ်စေရန် ပြုလုပ်နိုင်ခြင်း ဖြစ်ပြီး ဒင်္ဂါးပြား အရွယ်သာ ရှိပါသည်။
အလင်းရောင် ဖြင့် Sync ပြုလုပ်သည့် နည်းပညာ သည် ထူးခြား ဆန်းသစ်သော်လည်း ဒီဇိုင်းပိုင်းတွင်မူ Goccia သည် Misfit ၏ Shine ချပ်ဝတ်တန်ဆာကွန်ပြူတာ ကို အတုခိုးထားသည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ အဆိုပါ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နှစ်ခုစလုံး ကို အင်္ကျီ အိတ်ကပ် ၊လည်ပင်း၊ လက်ကောက်ဝတ်များတွင် တပ်ဆင် အသုံးပြုနိုင်ပါသည်။
Goccia သည် ခြေလှမ်းများ ၊ ကယ်လိုရီလောင်ကျွမ်းမှုများ၊ အိပ်စက်မှု၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ တောင် တက်ခြင်း နှင့် အခြား ကိုယ်လက်လှုပ်ရှားမှုများ ကို တိုင်းတာပေးနိုင်ပါသည်။ ယခုအချိန်တွင် iOS Device များနှင့်တွဲဖက် အသုံးပြုနိုင်ပါသည်။ Android နှင့် Windows Phone များနှင့် တွဲဖက်အသုံးပြုနိုင်ရန် ပြု လုပ်နေသည် ဟု G-Wearables က ပြောပါသည်။
Goccia ၏ ဘက်ထရီ သက်တမ်း မှာ (၁၀) ရက်မှ (၁၄) ရက် ဖြစ်ပြီး ကြိုးမဲ့အားသွင်းနိုင်သည့် Stand ပါရှိပါသည်။ Goccia သည် (၁၈) မီလီမီတာ အကျယ်ရှိပြီး သုံးဂရမ်သာ အလေးချိန် ရှိပါသည်။ Display မပါရှိဘဲ တွက်ချက်ထားမှုများ ကို LEDs ဖြင့် ပြသမည်ဖြစ်သည်။ Goccia သည် ရေစိုခံနိုင်သည် ဟု သိရပါသည်။
သူရ
Myanmar Digital Life Journal