မိတ်ဆွေကောင်းရှိဖို့ လိုသည်


လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း ရပ်တည်၍မရ။ မိသားစုရှိရသည်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ရှိရသည်။ ထို့ထက် အတူယှဉ်တွဲ ပေါင်းဖော်သွားရမည့် မိတ်ကောင်းဆွေမွန်ရှိဖို့ လိုပေသည်။

အခါတစ်ပါး၌ အရှင်အာနန္ဒာသည် တစ်ပါးတည်းသီတင်းသုံးနေရာမှ အမှတ်မထင် ဥဒါန်းကျူးရင့်တော် မူလိုက်သည်။

“လောကမှာ မိတ်ဆွေကောင်း ရလိုက်ပြီဆိုရင် လိုအပ်တဲ့ အကျိုးတရား တစ်ဝက်ကို ပြီးစီးစေနိုင်ပါကလား”
ထိုကျူးရင့်သံအား ဗုဒ္ဓဘုရားရှင် ကြားတော်မူသည့်အခါ အရှင်အာနန္ဒာအား အပါးသို့ခေါ်လျက်-

“ချစ်သား ... အာနန္ဒာ၊ အဲသည်လိုမျိုး မဆိုလိုက်ပါနဲ့။ ကောက်ချက်လည်း မချလိုက်ပါနဲ့ ...။ တကယ်တော့ မိတ်ဆွေကောင်း ရလိုက်ပြီဆိုရင် လိုအပ်တဲ့ အကျိုးတရား တစ်ဝက်မဟုတ်ပါဘူး။ အလုံးစုံကို ပြီးပြည့် စုံစေ၊ ပြည့်ဝစေနိုင် ပါတယ် ချစ်သား...” ဟူ၍ မိန့်ကြားတော်မူခဲ့၏။

ဘ၀ခရီးလမ်း၌ လျှောက်လှမ်းနေကြသော မိမိတို့အဖို့ မိတ်ဆွေကောင်း ဟူသည် မရှိမဖြစ် လိုအပ်လှပေ သည်။ သည့်အတွက် မိတ်ဆွေကောင်းကို မိမိတို့ရှာဖွေကြရမည်။ ထိုအခါ ဆောင်ရန် ရှောင်ရန်အချက်တွေ ရှိလာရ သည်။ သတိထားစရာတွေလည်း ပေလျကံပြု၍ မဖြစ်။ သည့်အတွက် သတ္တ၀ါတို့၏အကျိုးကို အမြဲပင် လိုလားလေ့ရှိသော ဘုရားရှင်က အရှင် အာနန္ဒာမှတစ်ဆင့် မိမိတို့အား သတိပေးတော်မူခဲ့ပါသည်။

“ချစ်သား ... အာနန္ဒာ

ဘ၀တာလမ်းခရီးကို လျှောက်လှမ်းနေရသူအဖို့ မိတ်ကောင်းဆွေမွန်ရှာဖွေဖို့ လိုလိမ့်မည်။ အဲသည်လို ရှာဖွေတဲ့အခါမှာ သီလ၊ သမာဓိ၊ ပညာ၊ အကျင့်သိက္ခာ စတဲ့အရာတွေမှာ ကိုယ့်ထက်သာလွန်သူပဲဖြစ်ဖြစ်၊ ကိုယ်နဲ့တန်းတူပဲဖြစ်ဖြစ် ရှာလို့မတွေ့ခဲ့ဘူး၊ မရခဲ့ဘူးဆိုရင် ကိုယ်တစ်ယောက်တည်း နေလိုက်တာ အကောင်းဆုံးပါပဲ။

အဲသည်မှာ အထူးသတိထားရမှာကတော့ မိတ်ကောင်းဆွေမွန်နဲ့ မတွေ့ကြုံရင်နေပါစေ ...၊ လူမိုက်နဲ့တော့ ပေါင်းသင်းဆက်ဆံခြင်းကို လုံးဝမပြုလုပ်ဖို့ ရှောင်ရှားရပါလိမ့်မယ် ချစ်သား...”

အဆိုပါသတိပေးချက်မှာ လွန်စွာမှ အရေးကြီးလှပေသည်။ အဇာတသတ်သည် တစ်မဂ်တစ်ဖိုလ်ရနိုင် လင့်ကစား မိတ်ကောင်းဆွေမွန်မဟုတ်သည့် လူယုတ်မာဒေ၀ဒတ်နှင့် ပေါင်းသင်းမိခဲ့သည့်အတွက် အဖ သတ်သားအဖြစ် ဘ၀၌ အမည်းစက်တင်ကာ ပဉ္စာနန္တရိယကံထိုက်လျက် ငရဲကျခဲ့ရပေသည်။
မိတ်ကောင်းဆွေမွန်မဟုတ်သည့် လူမိုက်နှင့်ပေါင်းလျှင် အယူဝါဒ မှားယွင်းနိုင်ပေသည်။ သီလ၊ သမာဓိ၊ ပညာ၊ အကျင့်သိက္ခာတို့ ပျက်စီးနိုင်ပေသည်။ ထိုအခါဝယ် ဘ၀တက်လမ်းတို့ ယွင်းမှားကာ အမှောက်မှောက် အမှားမှား ဖြစ်ရပြီး အပါယ်လေးဘုံသို့ သက်ဆင်း ကျရပေလိမ့်မည်။

အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ဆိုပါလျှင် သူတော်ကောင်း မိတ်ကောင်းဆွေမွန်ဖြစ်သည့် ပဉ္စ၀ဂ်္ဂီငါးပါးအနက်မှ ရှင်အဿဇိနှင့် ပေါင်းသင်းမိသည့်အတွက် လိုအပ်သော အကျိုးတရား အလုံးစုံ တို့ ပြည့်ဝခဲ့ရ၏။ ဘုရားရှင်၏ လက်ယာတော်ရံ၊ လက်ဝဲတော်ရံ အဂ္ဂသာဝကကြီးများ ဖြစ်ခဲ့ကြရ၏။

ဤသို့ဆိုလျှင် ဘ၀တစ်ခု အောင်မြင်ထွန်းပေါက် ရည်မှန်း ရာ ရောက်ဖို့အရေး၌ မိတ်ဆွေကောင်း၏ အခန်း ကဏ္ဍက မည်မျှ အရေးကြီးကြောင်း သိသာထင်ရှားလောက်ပါပြီ။ မိတ်ဆွေကောင်းကြောင့် ဆင်းရဲခြင်းမှ ကင်းလွတ်ကာ ချမ်းသာရ၏။ ပစ္စုပ္ပန်မျက်မှောက်ဘ၀ သာမကသေး၊ နောင်တမလွန် အနာဂတ်အတွက်ပါ စိတ်အေးရ၏။ မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။ မိမိတို့အဖို့ ဤဘ၀မှ ထွက်ခွာသွားသောအခါ သယ်ဆောင်သွားနိုင်သောအရာသည် ကုသိုလ်တရားနှင့် အကုသိုလ် တရား နှစ်ပါးသာ ဖြစ်ကြ၏။ ကုသိုလ် တရား ပါသွားနိုင်ရေးအတွက် ကူထောက်ပေးနိုင်သည်မှာ မိတ်ဆွေကောင်းသာ ဖြစ်ပေ၏။ မိတ်ဆွေကောင်းနှင့် ပေါင်းရခြင်းသည် အရှုံးမရှိ၊ ထာဝရ အမြတ်ချည်း သာ ဖြစ်တော့သတည်း။

နန္ဒာမိုးကြယ်

Eternal Light Magazine April 2014
“လူငယ်နှင့် ၀ါဒမှိုင်း”
Aye Chan Mon# Credit To : Eternal Light Magazine > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...