ပညာသင်ဆု မရခဲ့သော်

ပညာရေးအကြောင်း ပြောရင် နိုင်ငံခြား ပညာသင်ဆုဆိုတာ မပါရင် မပြီးပါဘူး။ နိုင်ငံခြား ပညာသင်ဆု ဆိုမှလည်း လူငယ်တွေက စိတ်ဝင်စားတယ်။ ဒီတော့ လူတွေကြားမှာ ပညာရေး ကောင်းဖို့ဆိုရင် ပညာသင်ဆုရမှ၊ နိုင်ငံခြားမှာ ကျောင်းသွားတက်မှဆိုတဲ့ ယေဘုယျ အတွေးအခေါ် တစ်ခုက ရှိလာတယ်။ တစ်နည်းဆိုရရင် ပြည်တွင်းက ပညာရေးကို အထင်မကြီးကြဘူး။ ဘာဘွဲ့တွေပဲ ရနေပါစေ။ ပြည်တွင်းကေ ကျာင်းပြီးတာဆို အထင်တကြီး မရှိတတ်ကြဘူး။



ဒီကြားထဲ မြန်မာနိုင်ငံ ပညာရေးက နဂိုကတည်းက လူတိုင်း မေးငေါ့ချင်ကြတာဆိုတော့ ပြည်တွင်း ပညာရေး ဈေးကွက်က နာလန်ကို မထူနိုင်ဘူး ပြောလို့ရတယ်။ ဒီတော့ ပညာသင်ဆုရမှ၊ နိုင်ငံခြား ကျောင်း သွားတက်မှ ဘဝမှာ အဆင်ပြေမှာလား၊ လိုချင်တာတွေ ဖြစ်မှာလား၊ လူရာဝင်မှာလား၊ လားပေါင်းများစွာ ရှိလာတယ်။ ဒီဆောင်းပါးမှာ ပညာသင်ဆု မရရင်ကော ပြည်တွင်းမှာ ဘာတွေ လုပ်သင့်သလဲ နည်း နည်း ဆွေးနွေးကြည့်ချင်တယ်။

ပြည်တွင်း ပညာရေးကို အထင်မကြီးတာ ဒီမှာတင် မဟုတ်ဘူး။ အာရှနိုင်ငံ တော်တော်များများ ဒီလိုပဲ။ တရုတ်၊ ဂျပန်၊ ကိုရီးယား အတူတူပဲ။ ပြည်တွင်းမှာ ကျောင်းပြီးရင် အမေရိက၊ သြစတြေးလျ၊ ဥရောပ သွား ကျောင်းသွားကြဖို့က အဓိကပဲ။ အရှေ့တိုင်း ဖွံ့ဖြိုးတာ အနောက်တိုင်းက လောကီ ပညာ ရပ်တွေကြောင့်လို့ သမိုင်း အစဉ်အဆက် ယုံကြည်ချက်ကြောင့် ဘယ်မှာမဆို အနောက်တိုင်းကို အထင်ကြီးကြတယ်။

ဒီလိုဆို အနောက်က တကယ်ပဲ ပညာရေးမှာ အခရာလား။ သူတို့ဆီမှာ ပညာသင်ခွင့် မရရင် လူလူချင်း ယှဉ်ကြရာမှာ တစ်ပန်းရှုံးပြီလား။ တကယ်ကို အနောက်တိုင်း ပညာတတ်တွေ တော်ကြသလား။ နိုင်ငံ တကာ ပညာရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် ယေဘုယျ နှစ်ပိုင်းရှိတယ်။ အရင်ကနဲ့ အခု။ အရင်က တက်ခေတ်၊ အခုက ဆုတ်ခေတ်။ ဒီနေ့ ကမ္ဘာမှာ အဲဒီဆုတ်ခေတ်က ပညာရေးမှာတင် မဟုတ် ဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်ပါတယ်။ နိုင်ငံရေးမှာဆို အခု စစ်အေးတိုက်ပွဲ အသွင်တစ်မျိုးနဲ့ စလာပြီ ပြောလို့ရတယ်။ အနောက်နဲ့ ရုရှ၊ အနောက်နဲ့ တရုတ် ပိုပိုပြီး အဆင်မပြေ ဖြစ်လာနေတယ်။ စီးပွားရေးဆိုလည်း ကမ္ဘာလုံးချီ စီးပွားရေးကပ်ဆိုတာ အခုထိ တော်တော်နဲ့ နာလန်မထူသေးဘူး။ အနောက်မှာရော၊ အရှေ့မှာရော အလုပ်လက်မဲ့တွေ များနေတုန်းပဲ။ လူမှုရေးဆိုလည်း နိုင်ငံတိုင်းမှာ လူမှုရေး ဆုတ်ကပ်တွေ ဖြစ်နေတယ်။ ရောဂါတွေ ပိုဖြစ်လာတယ်။ ရာဇဝတ်မှုတွေ ထူပြောနေတယ်။

အခုဆိုရင် ငွေကြေး လိုအပ်ချက်တွေကြောင့် အမေရိကန်လို အနောက်နိုင်ငံတွေက တက္ကသိုလ်ကြီးတွေ ဟာ အရင်လို သိပ်ပြီး အိုက်တင် မခံနိုင်တော့ဘူး။ ဆိုလိုတာ ဝင်ခွင့်တွေ၊ ဘာတွေ သိပ်ကျပ်မနေတော့ ဘူး။ ကျောင်းသားများများရဖို့ အဓိက ဖြစ်လာတယ်။ ဒီတော့ ပညာရေး အရည်အသွေး ကျလာတာပေါ့။ နာမည်ကြီး ကျောင်းတွေမှာတောင် ဘွဲ့လက်မှတ် အတုလုပ်တာ၊ အမှတ်စာရင်း လိမ်တာ၊ စာမေးပွဲ ခိုးချတာတွေ မကြာမကြာ ဖြစ်လာတယ်။ ဒီတော့ သူတို့ အထဲမှာတင် သူတို့ပညာရေး စနစ်အပေါ် ဝေဖန် လာပြီး သံသယတွေ ရှိလာတယ်။ သို့သော် အနောက်နိုင်ငံက တက္ကသိုလ်ကြီးတွေ၊ သူတို့ရဲ့ပညာရေး ဆိုတာတွေက သမိုင်းရာချီ အစဉ်အလာကြီး ခဲ့တာလား။ ဒီတော့ ဆင်ပိန်ကျွဲလောက်ပေါ့။ စာရေးသူတော့ ပညာရေးကျတော့ ဘယ်ဆိုဒ်နဲ့ တိုင်းရမှန်းကို မသိဘူး။ ဒီတော့ ပိန်စရာတောင် ရှိရဲ့လား မသိဘူး။ ထားလိုက်ပါတော့။

စာရေးသူ ဥရောပသားတချို့နဲ့ စကားပြောရင်လည်း သူတို့က သူတို့ လက်ရှိ ပညာရေးအပေါ် အားမရကြ ဘူး။ အာရှ တိုက်သားတွေလည်း ထိုနည်း လည်းကောင်းပဲ။ ကိုယ်က ကိုယ့်နိုင်ငံ ပညာရေး အကြောင်းပြော ရင် ဥပမာ ထိုင်းတို့၊ မလေးတို့ သူတို့ကလည်း သူတို့ နိုင်ငံရဲ့ အဓိက ပြဿနာက ပညာရေးပါ ဆိုပြီး ဝင်ဆွေးနွေးတယ်။ ဒီတော့ ပညာရေး အဆင့်အတန်းတွေ နိမ့်ပါးတာ၊ လူတွေ မကျေမနပ် ဖြစ်ကြတာ ဒီမှာတင်တော့ မဟုတ်ဘူး။ ပညာရေးဆိုတာ လက်ညှိုးထိုးဖို့ လွယ်တယ်လေ။ တိုင်းပြည်မှာ ပြဿနာ တစ်ခုခု ဖြစ်လာရင် တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိုးမယ့်အစား ပညာရေးပဲ ပုံချကြတာ။

ဒီတော့ အနောက်နိုင်ငံတွေမှာ ကျောင်းမတက်ဘဲ အရှေ့နိုင်ငံတွေမှာ ကျောင်းတက် ရအောင်လား။ ဂျပန်တို့၊ ဟောင်ကောင်တို့ ဆိုတာလည်း ကမ္ဘာ့ ပညာရေးနဲ့ ပတ်သက်ရင် ထိပ်တန်းထဲမှာ ပါတယ်နော်။ သူတို့လည်း ပညာသင်ဆုတွေ ပေးတာပဲ။ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် စကားနဲ့ ဆိုရင် အရှေ့မျှော်ပေါ့ဗျာ။ ကိုယ့်နိုင်ငံကလည်း အရှေ့မှာရှိတာမို့ အနောက်ကို မသွားဘဲ အရှေ့ကိုသွားပေါ့။ ဂျပန်ပေါ့။ မဟာသီယာ့ဆန္ဒ မအောင်မြင်ခဲ့ပါဘူး။ တကယ်တော့ ပညာရေးနဲ့ ပတ်သက်ရင် အားလုံးက အနောက်မှာပဲ ပညာသင်ချင် ကြတာပါ။ အဲဒါက အကြောင်းအမျိုးမျိုး ရှိတယ်။ ပညာရေးတင် မကဘူး ဘာသာစကားရော၊ လူမှုဆက်ဆံရေးရော၊ နိုင်ငံတကာ ဆက်ဆံရေးရော၊ အနောက်မှာ ပညာသင်ရတာ အများကြီး မျက်စိပွင့်တယ်။ ဝန်းကျင်က အများကြီး စကားပြောတယ်။

တကယ်တော့ ဒီဆောင်းပါးရဲ့ လိုရင်းက ပညာသင်ဆုရဖို့ ကြိုးစားမယ်၊ မရတော့ကော၊ ပြည်တွင်းမှာ ဘာတွေ လုပ်သင့်သလဲ ဆွေးနွေးချင်တာပါ။ ဆိုလိုချင်တာက ပညာသင်ဆုကို မရမက ကြိုးစားပြီး အချိန် ကုန်၊ လူပန်းဖြစ်မှာ စိုးလို့ပါ။ အပြင်ကဟာကို မရရင် အတွင်းကဟာကို ကြိုးစားပေါ့ဗျာ။ ပညာသင်ဆုတော့ မဟုတ်ဘူးပေါ့။ အခု သင်တန်းတွေ၊ ဒီပလိုမာတွေ ဖွင့်နေတာပဲ။ မဟာတန်းတွေလည်း ရှိနေတာပဲ။ တစ်ခုခုရအောင် လုပ်ပေါ့။ တကယ်တော့ ပြည်ပက မဟာပဲဖြစ်ဖြစ်၊ ပြည်တွင်းက မဟာပဲဖြစ်ဖြစ် ကိုယ့် ကိုယ်ကိုယ်သာ အဓိကပါ။

ဘယ်သူတွေ ဘာပြောပြော၊ လိုတာ မရရင် ရတာနဲ့ပဲ ကျေနပ်ရမှာပေါ့။ ဘာလုပ်လုပ် ဝီရိယပါဖို့ပဲ လိုတယ်။ စေတနာပါဖို့ လိုတယ်။ အသိရှိဖို့ လိုတယ်။ တချို့က ဝုန်းဒိုင်းဆို ထလုပ်တာရှိတယ်။ ရမလား လို့ပေါ့။ မရမှန်းလည်းသိရော၊ မလွယ်မှန်းလည်း သိရော မလုပ်တော့ဘူး။ မလုပ်ရုံတင် မဟုတ်ဘူး။ ရနေတဲ့သူတွေ၊ လုပ်နေတဲ့ သူတွေကိုပါ ရိသဲ့သဲ့ လုပ်တာ၊ အရေးမပါသလို လုပ်တာမျိုးပေါ့။ ဒီတော့ သူတို့မှာ ဝီရိယလည်း မရှိဘူး၊ စေတနာလည်း မရှိဘူး၊ အသိ ဆိုတာလည်း မရှိဘူး။

တချို့ကျတော့ ငယ်ငယ်လေး ကတည်းက အသိကြီးတယ်။ သူဘာလုပ်ရမယ်ဆိုတာ ဆယ်တန်းလောက် ကတည်းက စဉ်းစားနေပြီ။ သူ့ဘာသာသူ လေ့လာနေပြီ။ လမ်းကြောင်း ရှာနေပြီ။ တချို့ကျတော့ အသိနောက်ကျတယ်။ သူများတွေ ဖြစ်ပြီဆိုမှ ကိုယ်က ဖြစ်ချင်တာ။ အသိစောတဲ့ သူကတော့ အောင်မြင်ဖို့ အခွင့်အလမ်း များတာပေါ့ဗျာ။ အသိနောက်ကျတဲ့ သူကတော့ အခွင့်အလမ်း နည်းတာပေါ့။

သို့သော် အသိတရားရဲ့နောက်မှာ ဝီရိယ ရှိမယ်၊ စေတနာပါတယ်၊ အလုပ်လိုက်မယ် ဆိုရင် ဘယ်အသိ မှ နောက်ကျတယ်ဆိုတာ မရှိဘူး။ ပညာရေးနဲ့ ပတ်သက်လာရင် ၄၀ ကျော်မှ ရတဲ့အသိ၊ ၅၀ ကျော်မှရတဲ့ အသိ ဘယ်အသိ ဖြစ်ဖြစ်ဗျာ၊ အသုံးချတတ်ရင် ကိုယ့်အတွက် မဟုတ်တောင် ကိုယ့်သားသမီး၊ ကိုယ့်ဆွေမျိုး သားချင်းအတွက် မျှဝေပေးလို့ ရတယ်။ ဂျာနယ်မှာ ဆောင်းပါး တစ်ပုဒ်ပါလို့ ကောင်းတယ်ထင်ပြီး မျှဝေတာ လည်း ပညာရေးပဲဗျ။

တကယ်တော့ ပညာသင်တယ်ဆိုတာ လူလူချင်းယှဉ်ရင် မညံ့ဖို့ပဲ။ ရေရှည် ရင်းနှီးမြှုပ်နှံတာ။ ကိုယ်ညံ့ရင် ကိုယ့်မျိုးဆက်ပါ ညံ့မှာလေ။ သို့သော် အဲဒီလို ပညာသင်တယ်ဆိုတာ အမျိုးမျိုး ရှိနိုင်တယ်။ ပညာသင်ဆုရ လို့ နိုင်ငံခြားကျောင်း သွားတက်တာဟာ ပညာရေး ဖြစ်သလို ပညာသင်ဆု မရဘဲ အိမ်တွင်းကနေ စာအုပ်၊ စာပေ ဖတ်နေတာလည်း ပညာရေးပဲ။ ပညာသင်ဆုရပြီး နိုင်ငံခြားမှာ အလုပ်လုပ်၊ ကျောင်းဖြစ်ရုံတက်၊ ပညာမရဘဲ ပြန်လာတဲ့ နိုင်ငံခြားပြန် ပညာမတတ်တွေလည်း အများကြီး ရှိတယ်နော်။ အဲဒီအစား တစ်နှစ်လောက် အိမ်မှာ စာအုပ်စာကောင်းတွေ ဖတ်ပြီး မှန်မှန်ကန်ကန် တွေးခေါ်ချိန်ဆမယ် ဆိုရင် ပညာတတ်တွေ ဖြစ်လာနိုင်တယ်။ အဲဒီကမှတစ်ဆင့် ပြည်တွင်းက သင်တန်းတွေ တက်မယ်၊ မဟာဘွဲ့တွေ ယူမယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အင်္ဂလိပ် ဘာသာစကားကို လေ့လာမယ်၊ အချိန်ရရင် တခြား ဘာသာ စကားတွေ လေ့လာမယ်၊ လူမှုရေး လုပ်ငန်းတွေ ဝင်လုပ်မယ်။ အဲဒီလိုဆို ကိုယ့်ရဲ့ပညာရေးခွင်၊ ပေါင်းသင်း ဆက်ဆံရေးခွင်၊ အလုပ်အကိုင် အခွင့်အလမ်း ခွင်တွေကို အသိ၊ သတိ၊ ဝီရိယတွေနဲ့ တဖြည်းဖြည်းချင်း ချဲ့ထွင် သွားနိုင်မယ်။

အလုပ်အကိုင်တွေ လျှောက်ကြလို့ရှိရင် အလုပ်ရှင်က၊ နိုင်ငံခြားသားက အရင်ဆုံးကြည့်တာ CV ပဲ။ CV မှာ ကိုယ်ဘယ်လောက် ကြိုးစားထားတယ်၊ လှုပ်ရှား ရုန်းကန်ထားတယ်ဆိုတာ ဖော်ပြနိုင်ရမယ်။ ဆိုလိုတာ ဘွဲ့တစ်ခုလောက်ရပြီး ထိုင်နေရုံနဲ့ ဒီခေတ်မှာ အလုပ်အကိုင် ကောင်းကောင်း မရဘူး။ တစ်ခုပြီးတစ်ခု ကြိုးစားနေရမယ်။ အလုပ်အကိုင် အတွေ့အကြုံဆိုလည်း ဖော်ပြနိုင်ရမယ်။ ကြက်ခြေနီ အနေနဲ့ လုပ် အားပေးတာလည်း အလုပ်အကိုင်ပဲ။ ဦးကျော်သူတို့ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးတာလည်း အလုပ်အကိုင်ပဲ။ ကိုယ့်သဘောနဲ့ကိုယ် ဘုန်းကြီးကျောင်းတွေမှာ ကလေးတွေ စာသင်ပေးတာလည်း အလုပ်ပဲ။ ဒီတော့ CV မှာ အမျိုးအမည် စုံနေရမယ်။ CV ကတစ်ဆင့် အင်တာဗျူး ဝင်တဲ့အခါ ကိုယ်တကယ် လုပ်ထားရင် ကိုယ့်အရည်အချင်းက စကားပြော သွားလိမ့်မယ်။ တကယ်လုပ်ထားတဲ့သူက ယုံကြည်မှု ရှိတယ်။

ဒါကြောင့် ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာမသင် နိုင်တဲ့သူက အဲဒီပြည်ပမှာ ပညာသင်ကြားရ မယ့် ပညာသင်ဆုကာလ ၂ နှစ်ဆိုတာကို ပြည်တွင်းမှာပဲ အဓိပ္ပာယ် ရှိရှိ အသုံးချရင် ပြည်ပက ပညာသင်တဲ့ သူ ပညာပြီးဆုံးလို့ မြန်မာပြည် ပြန်လာ အလုပ်အကိုင် ရှာချိန်မှာ ကိုယ်က သူလိုချင်တဲ့ အလုပ်အ ကိုင်တောင် ရပြီးသား ဖြစ်ချင် ဖြစ်နေနိုင်တယ်။ သို့သော် အဲဒါတွေ အားလုံးက ကိုယ့်အပေါ်မှာသာ မူတည် တယ်။ အဲဒီ ၂ နှစ်တာကာလအတွင်း သူဘာတွေ လုပ်ခဲ့သလဲ။ ဘယ်လောက် စည်းစနစ်နဲ့ အချိန်ကို အသုံးချခဲ့သလဲ။ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ အရာအားလုံး ရှိနေနိုင်ပါတယ်။ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည် ပမှာပဲ ဖြစ်ဖြစ် ပညာသင်ရာမှာ သတိ၊ ဝီရိယနဲ့ အပတ်တကုတ် ကြိုးစား အားထုတ်မှုကသာ အခရာ ဖြစ်ကြောင်းပါ။

The Voice Weekly
Saturday, 26 April 2014 09:47

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...