သင်္ကြန်ပြီးရင် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့အတွက် ထားဝယ်ဘက်ကို သွားရမယ်လို့ဆိုတဲ့ သရုပ်ဆောင်ထူး
စန္ဒီ on 2014-04-20 10:30
ချစ်စဖွယ်ကောင်းတဲ့ အပြုံးမျက်နှာတစ်ခုကို ပိုင်ဆိုင်ထားပြီး လတ်တလောမှာ မိန်းကလေး ပရိသတ်တွေရဲ့ အထူးပဲ စိတ်ဝင်စား လက်ခံအားပေးခြင်းကိုခံနေရတဲ့ သရုပ်ဆောင်ထူးကို လတ်တလောသူ့ရဲ့အနုပညာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေတယ်ဆိုတာကို မေးမြန်းကြည့်လိုက်တော့ ‘ကျွန်တော် လတ်တလောမှာတော့ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံ ရိုက်ပေးဖြစ်နေပါတယ်။ ကျွန်တော် သစ္စာနှင်းဆီ ဗီဒီယိုထုတ်လုပ်ရေး နဲ့ မေ့နေတဲ့ သစ်ပင်ဆိုတဲ့ ဗီဒီယို ဇာတ်ကား ရိုက်နေပါတယ်။ နေမင်း၊ ဝိုင်းစုခိုင်သိန်းနဲ့ပါ။ ဒါပေမဲ့ ကိုနေမင်း ကတော့ ရိုက်နေရင်း တန်းလန်းနဲ့ မရိုက်ဖြစ်တော့ဘူး ဆိုတော့ ဘယ်သူဖြစ်မလဲ မသိဘူး။ နောက်ပြီးဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်တဲ့ ကောင်းပြည့်ရယ်၊ ခင်ဝင့်ဝါရယ်၊ ကျွန်တော်ရယ်ရိုက်ထားတဲ့ ဗီဒီယို ဇာတ်ကားရိုက်ထားတာ ရှိပါတယ်။ ပြီးတော့ မသက်မွန်မြင့် နဲ့ ကိုပြေတီဦးတို့နဲ့လည်း ရိုက်ထားတာရှိသေးတယ်။ ဗီဒီယို ဇာတ်ကားလေးကား လောက်တော့ ရိုက်ပြီးသွားပါပြီ။ နောက်ထပ်လည်း ပညာပေး ဇာတ်ကားအနေနဲ့ သုံးကားလောက် ရိုက်ထားတာရှိပါတယ်။ သင်္ကြန်ပြီးတာနဲ့ ဧပြီ၁၉ရက်နေ့မှာ မာရီနာနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရှိပါတယ်။ ဒါရိုက်တာက နိုင်ငံခြားက အမျိုးသမီးဒါရိုက်တာတစ်ယောက်လို့ ပြောပါတယ်။ အဲဒီ့အတွက် ထားဝယ်ဘက်ကို သွားရမှာပါ။ အဲဒီ့ရုပ်ရှင်ကားကြီးနဲ့ ပတ်သက်ပြီး ကျွန်တော်ပါဝင်မယ့် အခန်းက နည်းတော့ နည်းပါတယ်။ ဒါပေမယ့် အတွေ့အကြုံအသစ်တွေတော့ ရမယ်လို့ မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။
Trend Myanmar