ကလေးအဖေ ဖြစ်လာတော့မည်ဟု ဂျိုကိုဗစ် အတည်ပြုကြေညာ



ကမ္ဘာကျော် တင်းနစ်ကစားသမား နိုဗက်ခ် ဂျိုကိုဗစ်က ၎င်းအနေဖြင့် ကလေးအဖေ ဖြစ်တော့မည်ဟု ပရိသတ်များအား စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် သတိပေးခဲ့သည်။ လက်ရှိ ကမ္ဘာ့အဆင့်(၂)အဖြစ် ရပ်တည်နေသည့် ဆာဘီးယား တင်းနစ်သမားက ၎င်း၏ ဇနီးလောင်း ဂျီလီနာရစ္စတစ်တွင် ကိုယ်ဝန်ရှိနေပြီ ဟု အတည်ပြု ပြောကြားခဲ့သည်။ ဂျိုကိုဗစ်သည် Followerပေါင်း (၂.၉၁)သန်းကျော်ရှိသည့် Twitter စာမျက်နှာမှတစ်ဆင့် ပျော်စရာ သတင်းစကားကို ပရိသတ်များထံ မျှဝေခဲ့ခြင်း ဖြစ်သည်။


(ကလေးအဖေဖြစ်တော့မည့်အကြောင်း ဂျိုကိုဗစ်က Twitter တွင် ကြေညာထားစဉ်)

“ဂျီလီနာ ကိုယ်ဝန်ရှိနေပြီ။ ကျွန်တော်တို့ မကြာခင် မိဘတွေ ဖြစ်လာတော့မယ်”ဟု ဂျိုကိုဗစ်က ရေးသား ထားခဲ့သည်။ ၎င်းတို့စုံတွဲသည် ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလက စေ့စပ်ခဲ့ပြီး လက်ထပ်မည့် အချိန်ကိုမူ မကြေညာသေးချေ။ ဂျိုကိုဗစ်နှင့် ရစ္စတစ်တို့သည် အတူတွဲနေခဲ့သည်မှာ (၉)နှစ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ဂျိုကိုဗစ် ကမ္ဘာပတ်ပြီး တင်းနစ်ပွဲများ ယှဉ်ပြိုင်ကစားသည့်အခါ ရစ္စတစ်သည် မကြာခဏ လိုက်လံ အားပေးလေ့ ရှိခြင်းကြောင့် ကမ္ဘာ့တင်းနစ် ပရိသတ်များက သူမကို ရင်းနှီးသိရှိပြီး ဖြစ်သည်။


(ဂျိုကိုဗစ်၏ချစ်သူ)

ယခုကိစ္စကြောင့် ဂျိုကိုဗစ်၏ ပြိုင်ပွဲယှဉ်ပြိုင်ရန် အစီအစဉ် ရေးဆွဲမှုများအပေါ် သက်ရောက်မှု ရှိနိုင်မရှိနိုင် မသိရသေးချေ။ ဂျိုကိုဗစ်သည် ပြင်သစ်အိုးပင်း၊ ဝင်ဘယ်လ်ဒန်အိုးပင်းနှင့် အမေရိကန်အိုးပင်း ပြိုင်ပွဲများ အတွက် ပါဝင်ရန် ပြင်ဆင်ထားသည်။ ၎င်းသည် ယခုနှစ် အစောပိုင်း (၂)လက ပုံစံကောင်း ရရှိရန် ရုန်းကန်ခဲ့ရသော်လည်း ပါရီဘက်စ်အိုးပင်း၊ အိန္ဒိယဝဲလ်စ်နှင့် ဆိုနီအိုးပင်း ပြိုင်ပွဲများတွင် ဆက်တိုက် အောင် ပွဲခံကာ ပြန်လည် ဦးမော့လာခဲ့သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...