သင်္ကြန်တွင်း ဝမ်းအေးစေဖို့ သင်္ကြန်ထမင်း ချက်စားမယ်

တူးပို့ တူးပို့ သံတွေတင်မကဘဲ ဒီဂျေသံတွေ၊ ရောသမမွှေသံတွေက မတ်လကုန်ခါနီး အချိန်ကတည်းက ပျံ့လွင့်နေပါပြီ။



ဒါကတော့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် စတော့မယ်ဆိုတဲ့ အထိမ်းအမှတ် ဆိုတာပြောဖို့တောင် လိုမယ် မထင်ပါဘူး။ ဒီတော့ ဇူးလူးတို့လို အစားသမားတွေအတွက် သင်္ကြန်နဲ့ပတ်သက်တဲ့ အစားအသောက်ကို စဉ်းစားရပါပြီ။ ကဲ ဇူးလူးတယောက်တော့ ဒီတခါ သူများအားကိုးနဲ့ သင်္ကြန် ထမင်းလေး ချက်စားကြည့် ရင် ကောင်းမလား။ သင်္ကြန်ထမင်းဆိုတာ မွန်တိုင်းရင်းသားရိုးရာ အစားအသောက်ဆိုပေ မယ့် မြန်မာတွေ လည်း နှစ်နှစ်ခြိုက်ခြိုက် စားသောက်ကြပါတယ်။ ဇူးလူးတယောက် ထိုင်းနိုင်ငံချင်းမိုင်မြို့ မှာ ခေတ္တအခြေချ စဉ်က မြန်မာအဖွဲ့အစည်းတခုရဲ့ သင်္ကြန်တွင်းစတုဒီသာ သင်္ကြန်ထမင်းကို သွားစားသောက်ခဲ့ ဖူးပါတယ်။ ချင်းမိုင်ရောက်နေတဲ့ မြန်မာတွေအားလုံး ဒီသင်္ကြန်ထမင်းကို လာစားကြတာပါ။ ချင်းမိုင်ကျုံးတလျှောက် နံနက်ပိုင်း သင်္ကြန်ရေပက်ခံ ထွက်ကြပြီး ထမင်းစားချိန်မှာ လာစားကြတော့ မြန်မာတွေ စုစုစည်းစည်းနဲ့ စားသောက်ကြ၊ ရေလောင်းကြ၊ စကြ နောက်ကြနဲ့ ပျော်စရာပါပဲ။ ကျွေးမွေးတဲ့သူတွေကလည်း စားပွဲပေါ်မှာ အစားအသောက်တွေ လျော့ တာနဲ့ လာဖြည့်ပေး၊ နောက်ဖေးမှာ အိုးကြီးတွေနဲ့၊ ချွေးတလုံးလုံးကြား မှာ ပျော်ရွှင်ကြည်နူးစရာ နေကြတာ ကို ဇူးလူးမှတ်မိနေပါသေးတယ်။

သင်္ကြန်ထမင်းဆိုတာက ပူပြင်းတဲ့ ဧပြီနွေ နေအောက်မှာ ဝမ်းကိုအေးစေတဲ့ အစားအစာတမျိုးလို့ မွန်တိုင်းရင်းသားတွေက ဆိုပါတယ်။

“အခုအချိန်ဆိုရင် မွန်ပြည်နယ်မှာ သင်္ကြန်ထမင်း စရောင်းနေပြီ၊ သင်္ကြန်ထမင်းကို ဘုန်းကြီးကျောင်းတွေ မှာ အာရုံဆွမ်းကပ်ကြတယ်၊ အိမ်နီးချင်းတွေကိုလည်း ဝေတယ်” လို့ ဇူးလူးတို့ရုံးက မွန်တိုင်းရင်းသူ ရင်စနိုင်းက ပြောပြတယ်။

သင်္ကြန်ထမင်းနဲ့ တွဲဖက်စားစရာကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ သရက်သီး ငါးခြောက်ထောင်းကြော် တခွက်ရယ်၊ ငရုတ်သီးခြောက်ကြော် တခွက်ရယ်ဆို ရပါပြီ။

သင်္ကြန်ထမင်း မချက်ခင်မှာ သရက်သီးငါး ခြောက်ကြော်ကို အရင် ပြင်ဆင်ထားရအောင်ပါ။ အခုလို အချိန်က သရက်သီးစိမ်းတွေ လှိုင်လှိုင်ပေါတဲ့ ကာလလည်းဖြစ်တဲ့အတွက် ချိုချဉ်မွှေး အရသာရှိတဲ့ သရက်သီး ငါးခြောက်ထောင်းကြော်အတွက် ကုန်ကြမ်းက သိပ်မခက်ခဲလှပါဘူး။  အသားများတဲ့ ဘယ်ငါးခြောက်ဖြစ်ဖြစ် သုံးလို့ရပါတယ်။ ငါးရံ့ခြောက်ဆိုရင်တော့ ပိုကောင်းတာပေါ့။

အရင်ဆုံး ငါးခြောက်ကို ပြုတ်ပြီး အသားနွှင်ထား၊ ပြီးရင် ဆုံထဲထည့်ထောင်းရပါမယ်။ သရက်သီးစိမ်း ကိုတော့ အခွံနွှာပြီး သင်္ဘောခြစ်နဲ့ ခြစ်ထားပေါ့။ ကြက်သွန်နီကိုတော့ နွှာပြီး လေးစိတ်ကွဲလှီးထားရင် ရပါပြီ။
ဒါတွေကိုတယောက်တည်း မလုပ်ဘဲ အဖော်အပေါင်းနဲ့လုပ်ကြရင် ပျော်ဖို့ကောင်းတယ်၊ ပြီးတော့ အလုပ်လည်း ပိုသက်သာတာပေါ့။

ဆီအိုးကိုဖိုပေါ်တင်ပြီး ဆီကျက်ရင် ငရုတ်သီးခြောက်ကို အရင်ကြော်ပြီး ဖယ်ထားပါ။ အဲဒီ ဆီအိုးထဲမှာပဲ နနွင်းမှုန့် နည်းနည်းထည့်၊ ကြက်သွန်ဖြူ ဆီသတ်ပြီး ထောင်းထားတဲ့ ငါးခြောက် ထည့်မွှေပေးရပါမယ်၊ သရက်သီး ခြစ်ထားတာကိုပါ ထည့်ပြီးနာနာမွှေပြီးရင် အပေါ့ အငန် ကြိုက်သလို မြည်းထည့်ပေါ့။
ငါးခြောက်နဲ့ သရက်သီး တော်တော်လေး လုံးလာပြီဆိုမှ ကြက် သွန်နီလေးစိပ်ကွဲကို ထပ်ထည့်ရပါမယ်။
ကြက်သွန်နီက သရက်သီးအချဉ်ဓာတ်နဲ့ တွေ့တဲ့အခါမှာ နူးပြဲ မသွားဘဲဆတ်တောက် ဆတ်တောက် အရသာကလေး ဖြစ်နေမှာကိုတော့ သိထားရပါမယ်။ အနံ့မွှေး လာရင်အိုးကိုချလို့ရပါပြီ။ ဇူးလူးကိုယ်တိုင် လုပ်တယ် မထင်လိုက်ပါနဲ့။ ဇူးလူးရဲ့သူငယ်ချင်း အချက်တော် မမိုးစီကြော်ပေးတာပါ။ ဇူးလူးကတော့သရက် သီးလေးနွှာပေး၊ ကြက်သွန်နီလေး နွှာပေးရုံလောက်ပါပဲ။

ကဲ သင်္ကြန်ထမင်းချက်ကြစို့။ ဒါကလည်း ဇူးလူး မွန်တိုင်းရင်းသူ မသူဇာကို အကူအညီ တောင်းထားတာပါ။ သင်္ကြန်ထမင်းဆိုတာ ရိုးရိုးထမင်းကို ရေဆမ်းထားတာပါပဲ။ ဒါပေမယ့် ရေမှာဖရောင်းနဲ့ နံ့သာဖြူ နံ့ကလေး သင်းထားပြီးသား ဖြစ်ပါတယ်။ ချင်းမိုင်သင်္ကြန်မှာ ဇူးလူးတို့ စားကြတုန်းကတော့ ထမင်းကို ဖယောင်းရေ ဆမ်းထားတဲ့အပြင် ရေခဲတုံးကလေးတွေပါ ထည့်ပေးထားတော့ အေးမြနေတာပါပဲ။ တချို့ကလည်း အနံ့ပါတာကိုမကြိုက်ကြလို့ ရေရိုးရိုး ဆမ်းစားကြပါတယ်။

ထမင်းချက်တာကတော့ ထုံးစံအတိုင်း ပေါင်းအိုးနဲ့မချက်ဘဲ ရိုးရိုးငှဲ့ချက် ချက်ရပါမယ်။ ထမင်းအိုးဆူရင် သာမန် ထမင်းထက် နည်းနည်းပျော့တဲ့အထိထားပြီး ဝါးဆန်ခါစိပ်စိပ်ထဲ ထမင်းကောရေပါ လောင်းထည့်၊ ပြီးရင် ရေအေးအေးနဲ့ လောင်းချပြီး စစ်ထားရမှာပါ။



ဖယောင်းနံ့သာဖြူနံ့ သင်းပုံသင်းနည်းကလည်း သိပ်မခက်ခဲလှပါဘူး။ ပထမဆုံး မီးသွေးမီးကို မီးခဲရတဲ့အထိ မွှေးထားရပါမယ်။ ဆီမီးခွက်ကလေး တခုထဲမှာ ပျားဖယောင်းတုံးကလေးနဲ့ အတူနံ့သာဖြူတုံးကို ဓားနဲ့ခြစ်ပြီး အစအနလေးတွေ ထည့်ထားရမယ်။ ပြီးရင် အဲဒီခွက်လေးကို ရေသန့် ထည့်ထားတဲ့ အိုး တလုံးထဲကို ထည့်ရပါမယ်။ ရေပေါ်မှာဆီမီးခွက်လေး မျောနေရမယ်ဆိုပါတော့။
မီးရဲနေတဲ့ မီးသွေးခဲတခဲ ကိုယူပြီး ရေပေါ်မှာမျောနေတဲ့ ဆီမီးခွက်ကလေး ထဲထည့်လိုက်ရင် အငွေ့တွေ ထွက်လာမယ်၊ ထွက် လာတဲ့အငွေ့တွေကို အပေါ်ကအိုးအဖုံးနဲ့ အုပ်ပြီးဖမ်းလိုက်ရပါမယ်။ ဒါမှ အောက် ကရေသန့်ထဲမှာ ဖယောင်းနံ့သာဖြူနံ့ သင်းနေမှာဖြစ်ပါတယ်။

ကဲ ရေစစ်ထားတဲ့ ထမင်းကို စောက်ပန်းကန်လုံး တလုံးထဲထည့်၊ ဖယောင်းနံ့သာဖြူနံ့ သင်းထားတဲ့ ရေ နည်းနည်း လောင်းထည့်ပြီးရင် သင်္ကြန်ထမင်း ဖြစ်ပြီပေါ့။  ချိုချဉ်မွှေး သရက်သီး ငါးခြောက်ထောင်း ကြော်လေးရယ်နဲ့ အလွန်လိုက်ဖက်လှတဲ့ သင်္ကြန် ထမင်းကို တလုတ်ဝါးလိုက်၊ ငရုတ်သီးခြောက်ကြော်လေး တကိုက်ကိုက်လိုက်နဲ့” ကဲ ပူပြင်းတဲ့ သင်္ကြန်နေကို အန်တုဖို့ ဝမ်းအေး ရအောင် မွန်တိုင်းရင်းသားတွေရဲ့ သင်္ကြန်ထမင်းလေး ချက်စားကြမလား၊ ဒါမှမဟုတ် စတုဒီသာပဲကျွေးမ လား။  စတုဒီသာ ကျွေးမယ်ဆိုရင်တော့ ဇူးလူးကိုလက်တို့ဖို့ မမေ့နဲ့နော်။

ဇူးလူး
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...